(မောင်ကျော်စွာ)
၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၇
ပထမအချက် ၂၀၀၈ အခြေခံဥပဒေဟာ ပြင်ဆင်ဖို့ “အလွန်ခက်ခဲသော” အခြေခံဥပဒေ ဖြစ်ပါတယ်။
ဒီလိုခက်ခဲအောင် တမင်တကာ စီစဉ်ရေးသားထားတာပါ။ အခြေခံဥပဒေပြင်ဆင်ရေးဟာ စစ်တပ်နဲ့ကာချုပ် လက်ထဲမှာရှိနေပြီး စစ်တပ်နဲ့ကာချုပ်က လက်မခံရင် ဘယ်လိုမှ/ ဘယ်တော့မှ ပြင်ဆင်လို့ မရအောင် ရေးဆွဲထားတာလည်း ဖြစ်ပါတယ်။
ဒုတိယအချက် “အခြေခံဥပဒေ ပြင်ဆင်ရေး”ကို စစ်တပ်နဲ့ကာချုပ်က ချုပ်ကိုင်သိမ်းပိုက်ထားတယ်။
လွှတ်တော်တွင်းနည်းလမ်းနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာဟာ စစ်တပ်နဲ့ ကာချုပ်လက်ထဲမှာ ထာဝစဉ်ချုပ်ကိုင်ထားတာ ဖြစ်လို့ စစ်တပ်နဲ့ ကာချုပ်က သဘောမတူသမျှ အခြေခံဥပဒေရဲ့ မည်သည့်ပုဒ်မ၊ စကားလုံး၊ စာပိုဒ်ကိုမျှ ပြောင်းလဲလို့၊ ပြင်ဆင် လို့ မရနိုင်ပါဘူး။ လွှတ်တော်ထဲကို ကာချုပ်စိတ်ကြိုက် စေလွှတ်ထားတဲ့ “စစ်သား၂၅%”က လက်မခံရင် လူထုဆန္ဒနဲ့ ရွေးချယ် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၅% ဟာ အခြေခံဥပဒေရဲ့ မည်သည့်အစိတ်အပိုင်း၊ ပုဒ်မ၊ စကားလုံး၊ စာပိုဒ်ကိုမျှ ပြောင်းလဲ ခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်နိုင်ပါဘူး။ ဒီအချက်ဟာ ပုဒ်မ ၄၃၆ ရဲ့ အနှစ်သာရဖြစ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲမှာ မည်သည့်ပါတီက “ရာနှုန်းပြည့် အနိုင်ရသည်ဖြစ်စေ – ပြတ်ပြတ်သားသား အနိုင်ရသည်ဖြစ်စေ – တောင်ပြိုကမ်းပြိုနိုင်သည်ဖြစ်စေ” ၂၀၀၈အခြေခံဥပဒေကို လွှတ်တော်တွင်းကနေ မည်သို့မျှ မည်သည့်အခါမျှ ပြင်ဆင်ပြောင်းလဲ နိုင်လိမ့်မယ် မဟုတ်ပါ။
“ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ခက်ခဲရုံတင်မကဘူး၊ ပြင်ဆင်လို့မရနိုင်တဲ့ အခြေအနေမျိုးကို ရောက်နေတာ သွားပြီးတွေ့ ရတယ်”လို့ ဒီချုပ်လွှတ်တော်အမတ်တွေဟာ လွှတ်တော်ထဲမှာ သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ လက်တွေ့သင်ခန်းစာတွေထဲက နေ ဒီလို မှန်ကန်စွာ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို စစ်တပ်နဲ့ကာချုပ်က ချုပ်ကိုင်သိမ်းပိုက်ထားပါတယ်။
တတိယအချက် အခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေး။
ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ၂၀(စ)မှာ “တပ်မတော်သည် နိုင်ငံတော်အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရန် အဓိကတာဝန်ရှိသည်”လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ကာကွယ်စောင့်ရှောက်ရေးမှာလည်း စစ်တပ်မှာပဲ အဓိက တာဝန်ရှိနေပြန်ပါတယ်။
ဒီလို လက်တွေ့အချက်အလက်တွေပေါ်က အခုလို ကောက်ချက်ချနိုင်ပါတယ်။ အခြေခံဥပဒေရဲ့အထက်မှာ စစ်တပ်နဲ့ကာချုပ်ရှိ တယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ကာကွယ်ရေးတာဝန်ဟာ စစ်တပ်နဲ့ကာချုပ်တို့လက်ထဲမှာ ရှိတယ်။ အခြားမည်သူ့ထံမှာမှ မရှိ၊ အခြေခံ ဥပဒေပြင်ဆင်ရေးဟာလည်း စစ်တပ်နဲ့ကာချပ် သဘောတူလက်ခံမှ၊ စိတ်ကြိုက်ဖြစ်မှ ပြင်ဆင်ပြောင်းလဲနိုင်မယ်။
ဒီလို အဖက်ဖက်က လွှမ်းမိုးချုပ်ကိုင်ထားတဲ့အပြင် ယခုအခါ တဆင့်တိုးပြီး ချုပ်ကိုင်လာနိုင်စေဖို့ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာ ကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း” ဆိုတာပြဋ္ဌာန်းဖို့ လုပ်ဆောင်လာပါတယ်။ ဒီဥပဒေကြမ်းမှာ အခန်း ၄ခန်းနှင့် ပုဒ်မ ၁၂ခု ပါရှိပါတယ်။ ပထမဦးစွာ သတိပြုရမှာက ဒီဥပဒေကြမ်းကို လွှတ်တော်မှာ အရေးတကြီးအဆိုအဖြစ် တင်သွင်းခဲ့သူဟာ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို စက်တင်ဘာလ ၃ရက်နေ့ထုတ်အစိုးရပိုင် သတင်းစာများမှ ဖော်ပြထားပါတယ်။
ဒီဥပဒေကြမ်းရဲ့ အဓိကရည်ရွယ်ချက်က အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ပြင်ပ စည်းရုံးလှုပ်ရှားမှုမှန်သမျှကို တားမြစ်၊ ကန့် သတ်၊ ပိတ်ပင်ချုပ်ကိုင်လိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရည်ရွယ်တဲ့ မည်သည့်ပုံစံနဲ့ မဆို ပြုလုပ်တဲ့ လွှတ်တော်ပြင်ပ စည်းရုံးလှုပ်ရှားမှု မှန်သမျှ မပြုလုပ်ရလို့ တားမြစ်၊ ပိတ်ပင်၊ ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။
တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပေဒ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနဲ့ ပြင်ဆင်ပြောင်းလဲရ မယ်၊ ဒိအပြင် အခြားမည်သည့်နည်းလမ်းနဲ့မျှ ပြင်ဆင်ပြောင်းလဲခြင်း မပြုရလို့ တားမြစ်ပိတ်ပင် ကန့်သတ်လိုက်တာပါ။ တိတိကျ ကျ ပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို “ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) (ခ)”ပါ ပြဋ္ဌာန်းချက်များနဲ့သာ ပြင်ဆင်ရမယ်။ အခြားမည် သည့်နည်းလမ်းနဲ့မျှ ပြင်ဆင်ခြင်း/ပြောင်းလဲခြင်း မပြုလုပ်ရလို့ ဆိုလိုတာပါ။ စစ်တပ်နဲ့ကာချုပ်ကက ပြင်ပေးလာတာကို စောင့် မျှော်ကြ/ဆုတောင်းကြလို့ ဆိုတဲ့သဘောမျိုးပါပဲ။
ပုဒ်မ ၄၃၆အရ ပြင်ဆင်ရေးဆိုတဲ့ကိစ္စတွေမှာ စစ်တပ်နဲ့ကာချုပ်က သဘောမတူဘဲ ပြင်ဆင်လို့မရအောင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါ တယ်။ အခုတဖန်ထပ်မံပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း”ကို ပြဋ္ဌာန်းတာကတော့ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို လွှတ်တော်တွင်းမှာရော – လွှတ်တော်ပြင်ပမှာပါ လုံးဝထိပါးခြင်း မပြုရလို့ ကန့်သတ် ပိတ်ပင်တားမြစ် လိုက်တာဖြစ်တဲ့အတွက် ၂၀၀၈ အခြေခံဥပဒေဟာ လုံးဝ ထိပါးလို့မရတဲ့အရာ၊ မျက်စောင်းထိုးမခံတဲ့အရာ ဖြစ်သွားပါတော့ တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများ သို့မဟုတ် မူလ အခွင့်အရေးတစ်ရပ်ရပ်ကို ထိခိုက်စေရန်၊ ဆန့်ကျင်စေရန် “အကြံပေး ခြင်း၊ တိုက်တွန်းခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ ဝါဒဖြန့်ချိခြင်း မပြုလုပ်ရ” လို့ တားမြစ်ပိတ်ပင်ထားပါတယ်။ ဒီလိုပိတ်ပင် တားမြစ်ထားတာတွေ လုပ်ဆောင်မယ်ဆိုရင် မည်သူမဆို၊ မည်သည့်ပါတီအဖွဲ့၊ အဖွဲ့အစည်းဝင်ကိုမဆို ထောင်ဒဏ် သုံးနှစ်ကျခံ ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို ပိတ်ပင်တားမြစ်တာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်နည်းဥပဒေတွေ ထုတ်ခွင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနကို ပေးအပ်ထားပါသေးတယ်။ ဒါကြောင့် အသေးစိတ် ကန့်သတ်တားမြစ်ချက်တွေ ထပ်မံ ထွက်ပေါ်လာဦးမှာ ဖြစ်ပါ တယ်။
စက်တင်ဘာလ ၅ရက်နေ့၊ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့ ဟောပြောပွဲတစ်ခုမှာ ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားရာမှာ “တရားဥပဒေစိုးမိုးရေးဆိုတာ နံပါတ်တစ် ဥပဒေတွေက တရားရမယ်၊ အခုကျမတို့နိုင်ငံမှာ ဥပဒေတိုင်းက တရားတာ မဟုတ်ဘူးနော်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုက သိပ်တရားတာ မဟုတ်ဘူး။ အဲဒါကိုလည်း ပြောင်းလဲရမယ်” လို့ ပါရှိပါတယ်။
အခု မတရားတဲ့၊ မမျှတတဲ့၊ ဒီမိုကရေစီစံနှုန်း မပြည့်ဝတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ့် ဥပဒေကြမ်း ထွက်ပေါ် လာနေပါပြီ။ ဒါကြောင့် ကျနော်တို့ဟာ တရားဥပဒေစိုးမိုးရေးအတွက် မတရားတဲ့ဥပဒေတွေ၊ မတရားတဲ့လုပ်ရပ်တွေကို ဒီလိုပဲ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး။ မတရားတဲ့ဥပဒေတွေ၊ မတရားတဲ့လုပ်ရပ်တွေ မြင်လို့ရှိရင် ကန့်ကွက်ရမယ်၊ ထောက်ပြရ မယ်၊ ဆန့်ကျင်တိုက်ဖျက်ရပါလိမ့်မယ်။ မတရားတဲ့ အမိန့်ဥပဒေမှန်သမျှ ဝေဖန်၊ ကန့်ကွက်၊ ဆန့်ကျင်၊ တိုက်ဖျက်ကြရပါ့မယ်။
မတရားတဲ့/မမျှတတဲ့ တည်ဆဲဥပဒေ ဆိုတာတွေထဲမှာ “၂၀၀၈အခြေခံဥပဒေ”ဟာ အလွန်မတရားတဲ့၊ ဒီမိုကရေစီစံချိန်နဲ့ ဘယ် လိုမှ မကိုက်ညီတဲ့ ဥပဒေအရေခြုံထားတဲ့ ဥပဒေပဲဖြစ်ပါတယ်။
– ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း (မြန်မာ့အလင်းသတင်းစာ- ၃- ၉ -၂၀၁၅)
– ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်၊ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၌ ပြောကြားချက် (၅-၉-၂၀၁၅)