စောဝင်းကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း
မေး။ ။ ပထမဆုံးအနေနဲ့ ဆရာရဲ့ ဆွစ်ဇာလန်နိုင်ငံခရီးစဉ်အကြောင်းလေး သိချင်ပါတယ်ခင်ဗျာ။
အဲဒီခရီးစဉ်ကို ကျနော်နဲ့အတူ ကရင်ပြည်နယ်ပြည်သူကျန်းမာရေးဌာနဦးစီးမှူး ဒေါက်တာဦးအောင်ကျော်ထွေးနဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံကို သွားခဲ့ပြီး ခရီးစဉ်ကတော့ အသွားအပြန် (၁၅)ရက် ကြာပါတယ်။ အဓိက ကတော့ သူတို့ဆီမှာ နွေရာသီဖွင့်တဲ့ Public Health Policy Leadership and Economic သင်တန်းကို သွားတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ စီစဉ် ပေးတာက ကျနော်တို့ နယ်စပ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အစိုးရကျန်းမာရေးဌာနနဲ့ ဆက်စပ်ပေးဖို့ ရည်ရွယ်ဖွဲ့စည်း ထားတဲ့ Swiss Agency for Development and Cooperation-SDC အဖွဲ့က ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
မေး။ ။ ခရီးစဉ်မှာ ကရင်ပြည်နယ်ရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ဘယ်သူတွေနဲ့တွေ့ဆုံပြီး ဘာတွေဆွေးနွေးဖြစ်ခဲ့ပါလဲ ခင်ဗျာ။
အဓိကသွားတာကတော့ ဒီဘက်က ကျန်းမာရေးကိစ္စတွေ ဆွေးနွေးတင်ပြတာထက်ကို သူတို့နိုင်ငံမှာရှိတဲ့ ကျန်းမာရေး အခြေအ နေတွေ၊ ကျန်းမာရေးစနစ်တွေကို သွားရောက်လေ့လာခြင်းဖြစ်ပါတယ်။ ခရီးစဉ်မှာ ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့တော် ဘန်းမြို့မှာရှိတဲ့ အကြီးဆုံး ဆေးရုံကြီးကို သွားလေ့လာဖြစ်ခဲ့ပါတယ်။ အဲဒီဆေးရုံမှာ အရေးပေါ် ထိခိုက်ဒဏ်ရာတွေ ကုသပေးတဲ့ဋ္ဌာန၊ မီးယပ် သားဖွားဋ္ဌာန၊ မျက်စိ၊ နား၊ နှာခေါင်း လည်ချောင်းဋ္ဌာန၊ သူနာပြုဋ္ဌာနတွေအပြင် လူထုကျန်းမာရေးဋ္ဌာနကိုလည်း အဓိက သွား ရောက်လေ့လာခဲ့ပါတယ်။
နောက်တစ်ခုက Public Health Policy leadership and Economic သင်တန်းမှာ အဓိက ကျန်းမာရေးနဲ့ပတ်သက်တဲ့ Policy ပိုင်းတွေ၊ နိုင်ငံတကာရဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို တက်ရောက်လေ့လာခဲ့တယ်။ အဲဒီသင်တန်းမှာ ကျနော် တို့လုပ်ဆောင်နေတဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးဖြစ်တယ်။ ဘာသာရပ်အလိုက် ခေါင်းစဉ်ခွဲထားတော့ ကျနော့်အနေနဲ့ ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ အပြန်အလှန် ဆက်သွယ်မှုအပိုင်းရယ်၊ ကျနော်တို့နိုင်ငံမှာ အခုကစပြီး စဉ်းစားနေတဲ့စနစ်တစ်ခုဖြစ်တဲ့ Universal Health Courage ဆိုတဲ့ ဘာသာရပ်တစ်ခုကို တက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ လူတိုင်းက အိတ်စိုက်ပြီး ဆေးကုရတဲ့ အခြေအနေက ၉၃.၃ရာခိုင်နှုန်းလောက်ရှိနေတော့ အဲဒါကို ဘယ်လို လျှော့ချမလဲဆိုတဲ့ အကြောင်းအရာတွေ ပါပါတယ်။
မေး။ ။ နောက်တစ်ခုသိရတာက ဆွစ်ဇာလန်နိုင်ငံကနေ မြန်မာနို်င်ငံကို ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးမယ်လို့သိရ တော့ အဲဒါနဲ့ပတ်သက်ပြီး ဒီခရီးစဉ်မှာ ဆွေးနွေးပြောဆိုခဲ့တာတွေ ရှိပါလားခင်ဗျာ။
ငြိမ်းချမ်းရေးဖြစ်စဉ်သွားနေတဲ့အချိန်မှာ ကျနော်တို့လုပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မူတွေနဲ့ ပတ်သက်လို့ နယ်စပ် ဖြတ်ကျော်ပြီး အကူအညီပေးခဲ့တဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ အဲဒါအပြင် ပြည်တွင်းထဲမှာပဲ လုပ်တာကောင်းတယ်ဆိုပြီး ယူဆ တဲ့အဖွဲ့တွေလည်း ရှိပါတယ်။ လောလောဆယ်အနေနဲ့ SDC ကနေပြီးတော့ မြန်မာနိုင်ငံမှာ အပိုင်းနှစ်ပိုင်း ကူညီတာရှိ တယ်လို့ သိရပါတယ်။ တစ်ပိုင်းကတော့ တစ်နိုင်ငံလုံးအတွက် စားနပ်ရိက္ခာလုံလောက်ရေးတို့၊ ပြန်လည်နေရာချထားရေး စတဲ့ကိစ္စတွေ ကို EU အဖွဲ့နဲ့ ကူညီတာတွေရှိတယ်။
အဲဒါကတော့ နိုင်ငံ(၁၀)နိုင်ငံက ငွေစုထည့်ပြီးတော့ လုပ်တာဖြစ်တယ်လို့ သိရတယ်။ အဲဒီ အပြင် ဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ကျနော်တို့ကရင်ပြည်နယ်ကို ကူညီဖို့စဉ်းစားတဲ့နေရာမှာ နယ်စပ်နဲ့ ပြည်တွင်းအတွက် နှစ်ဖက်စလုံး လိုအပ်တယ်လို့ ဟိုးအရင် ကျနော်တို့ပြောထားတဲ့အပေါ်မှာ အစိုးရကျန်းမာရေးဋ္ဌာနနဲ့ ညှိနှိုင်းပြီး တော့ ကော့ကရိတ်မြို့နယ်ထဲမှာ ဆုံရပ်တစ်ခုအနေနဲ့ ပြည်တွင်းက NGO တစ်ဖွဲ့ အပါအဝင် ကျနော်တို့ဒီဘက်က BPHWT တို့ KDHW အနေနဲ့ ဆက်စပ်ပြီး ပူးပေါင်းဆောင်ရွက်မူတွေ လုပ်နေပါတယ်။
မေး။ ။ ဆွစ်ဇာလန်ခရီးစဉ်မှာ အဲဒီက ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ ဘယ်လိုကွာခြားပါသလဲ။
ဆွစ်ဇာလန်နိုင်ငံ အခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေကတော့ အများကြီးကွာတာက လူတိုင်းသိပြီး ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ တရားဥပဒေပြုမှုအပိုင်းရော၊ အုပ်ချုပ်မှုအပိုင်းရော၊ စီမံခန့်ခွဲမှုအပိုင်းရော အားလုံးက ဗဟိုကနေ ဟိုး ကျေးနယ်အထိ တိုက်ရိုက်စီမံခန့်ခွဲပြီး အုပ်ချုပ်တဲ့ပုံစံနဲ့ သွားတယ်။ လူနာကုတဲ့အပိုင်းမှာလည်း လူဦးရေဘယ်လောက်ကို ကုတင်ဘယ်လောက်နဲ့ တွက်ချက်ပြီးသွားတယ်လို့ ကျနော်အဲဒီလိုမြင်တယ်။ ဆိုလိုချင်တာက ဗဟို ကနေပဲ သွားတယ်။ ကိုယ့်မြို့နယ်၊ ခရိုင်၊ ပြည်နယ်အလိုက် တကယ်သင့်တော်ပြီး လိုအပ်တဲ့အခြေအနေတွေကို စီမံခန့်ခွဲပေးနိုင် မှု မရှိသလောက် နည်းပါတယ်။
ဆွစ်ဇာလန်မှာက ကျန်းမာရေးစနစ်ကို ဖက်ဒရယ်စနစ်နဲ့ တိုက်ရိုက်ချိတ်ပြီးတော့ ကိုယ့်ပြည်နယ်ရဲ့ ကျန်းမာရေးကိစ္စ တွေကို ပြည်နယ်ကပဲ ကိုယ့်ဖာသာကိုယ် လုပ်ရတဲ့ပုံစံနဲ့သွားတယ်ပေါ့။ ကျန်းမာရေးကိစ္စတွေမှာ ပြည်နယ်အဆင့်ကနေပဲ ဆုံး ဖြတ်ပြီးတော့ ထပ်လိုတဲ့ဟာတွေကို ဗဟိုအစိုးရဆီမှာ ထပ်ပြီး တောင်းဆိုတာတွေရှိတယ်။ နောက်ပြီးတော့ ဆေးရုံ၊ ဆေးခန်း တွေနဲ့ ပတ်သက်လို့ သူတို့ဆီမှာ ပုဂ္ဂလိကဘက်ကိုသွားတယ်။ အစိုးရအနေနဲ့ အဲဒီဆေးရုံ၊ ဆေးခန်းတွေကို စံသတ်မှတ်ချက်တွေ လုပ်ထားပေးတယ်။ အဲဒီအတွက် ဆေးရုံ၊ ဆေးခန်းတွေက တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်ဖြစ်ပြီးတော့ လူနာကုပေးတဲ့ အရည်အ သွေးကလည်း ပိုကောင်းတယ်လို့ ကျနော်မြင်မိပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းမှာကျတော့ ဗဟိုအစိုးရလည်း လိုအပ်တာ ပုံထည့်ပေးတယ်။ ပြည်နယ်ကလည်း ဖြည့်တယ်။ အဲဒီအပြင် လူတစ်ဦးချင်းစီရဲ့ အာမခံစနစ် စတဲ့ သုံးဖက်သုံးထောင့်ကနေ ရယူ တဲ့အတွက် ငွေကြေးကိစ္စတွေကို အခက်အခဲမရှိ လုပ်ပေးနိုင်တယ်။ သူတို့ဆီမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အိတ်စိုက်ငွေက လူတစ်ဦးချင်း ၃၀%ကျော် ပေးရတာတော့ရှိတာပေါ့။ ကျနော်တို့နိုင်ငံမှာက ၉၀% ကျော် ဖြစ်နေသေးတယ်။
မေး။ ။ ဆရာတို့အနေနဲ့ လက်ရှိ ကရင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မူတွေ လုပ်ဆောင်နေတဲ့နေရာမှာ ဘယ် လိုအခက်အခဲတွေ ရင်ဆိုင်နေရတာရှိပါလဲခင်ဗျာ။
လတ်တလောအနေနဲ့ ကျနော်တို့ ကရင်ပြည်နယ်မှာဆိုရင် လွတ်လွတ်လပ်လပ် သွားလို့ရပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အရင်အတိုင်းပဲ သိပ်ပြီးကွာခြားမှုမရှိဘူး။ အဲဒီအပြင် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းအစီအစဉ်မှာလည်း အစိုးရ ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီးတော့ လုပ်နေတယ်ဆိုပေမယ့်လည်း အားလုံးဟာ ဗဟိုရဲ့ ခွင့်ပြုချက်ရမှပဲဆိုပြီး အခုထိ ဖြစ်နေတုန်း ဖြစ်ပါတယ်။ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းအစီအစဉ်တွေကို ဝေးလံခေါင်သီပြီး တကယ် လိုအပ်တဲ့နေရာတွေမှာ အခုထိ မလုပ်ပေးနိုင်သေးပါဘူး။ တစ်ကမ္ဘာလုံး သတ်မှတ်ထားတဲ့ စံနှုန်းအရဆိုရင် ကာကွယ်ဆေးအစုံ ကို ၈ဝရာခိုင်နှုန်းကျော် ထိုးပေးနိုင်ဖို့ ရည်မှန်းထားပေမယ့်လည်း တကယ်တမ်း ကရင်ပြည်နယ်က ကျနော်တို့ အလုပ်လုပ်တဲ့ နေရာတွေမှာဆို ကလေးတွေ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ အခြေအနေက ၂ဝရာခိုင်နှုန်းတောင် မရှိသေးပါဘူး။ အဲဒါကိုလည်း ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ပြီးတော့ ရနိုင်အောင် ကြိုးစားနေပါတယ်။
မေး။ ။ BPHWT ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်ပြီး ရေတိုရေရှည် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
အခုလောလောဆယ် ပထမအနေနဲ့ ကျနော်တို့ မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အဓိက ဦးစားပေးပြီး တော့ လုပ်ပါတယ်။ တစ်ခုလုံးပြောရမယ်ဆိုရင်တော့ ပဏာမကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်ပေါ့။ အခုထိ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တာ Free of Charge အခမဲ့ ဆေးကုသပေးနိုင်တဲ့ အခြေအနေပဲ ရှိသေးတယ်။ ခုနကပြောတဲ့ လူထုဆီက ရလာမယ့် Universal Health Courage လို အာမခံစနစ်တို့ အစိုးရကနေ အာမခံပေးရမယ့် ပေါ်လစီပိုင်းတို့မှာ မလုပ်နိုင်သေးဘူး။ အဲဒီဟာတွေ မလုပ်နိုင်သေးတော့ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေရော စနစ်တွေရော အများကြီး ပြင်ရအုံးမှာဖြစ်ပါတယ်။ အဲဒီစနစ်တွေ မပြင်နိုင်သေးသမျှတော့ ဘာမှလုပ်လို့မရသေးဘူးလို့ပဲ ကျနော် မြင်ပါတယ်။ အခုလက်ရှိ ကျနော်တို့လုပ်နိုင်တာက အခြေခံ မရှိမဖြစ်ဆေးဝါးတွေ ပံ့ပိုးပေးတာရယ်၊ မဖြစ်မနေ လုပ်ရမယ့် ကာကွယ်ရေးလုပ်ငန်းတွေရယ် အဲဒါတွေလောက်ပဲ လုပ်ပေးနိုင်ပါသေးတယ်။
မေး။ ။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ခင်နဲ့ လုပ်ပြီးအခြေအနေမှာ ဆရာတို့ရဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်း တွေ လုပ်ဆောင်ရာမှာ ဘယ်လိုကွာခြားချက်တွေ ရှိပါသလဲ။
အရင်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဆေးဝါးတွေ သယ်ဆောင်ရခက်ခဲတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ အပစ် ခတ်ရပ်စဲရေးကိစ္စတွေ လုပ်နေတဲ့အချိန်မှာ ဘာတစ်ခုကောင်းသွားလဲဆိုတော့ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အရင်က ထက် လွတ်လွတ်လပ်လပ် ပိုသွားလို့ရတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး အဆင်မပြေဘူး။ ပြန်ပျက်မယ်ဆို ရင် ကျနော်တို့ကျန်းမာရေးဝန်ထမ်းတွေ တည်တည်ငြိမ်ငြိမ်နဲ့ နေလို့ရပါ့မလား၊ အဖမ်းခံရမလား၊ အဲဒီလိုတွေ စိုးရိမ်ပါတယ်။ အဲဒါအပြင် အခု ကျနော်တို့ ကြုံတွေ့နေရတာက အစိုးရကလည်း ကျန်းမာရေးလုပ်သားတွေ လွှတ်တာရှိတယ်။ အဲဒီမှာ ဘာဖြစ် လဲဆိုတော့ ကျနော်တို့ကျန်းမာရေးလုပ်သားတွေကို “ခင်ဗျားတို့ဟာ တရားမဝင် ဆေးလိုက်ကုတယ်။ တရားမဝင်အဖွဲ့တွေ ဖြစ် တယ်”ဆိုပြီးတော့ ကျနော်တို့ ကျန်းမာရေးလုပ်သားတွေ ပြန်လာပြီး တင်ပြတာတွေရှိပါတယ်။ နောက်တစ်ခုက အကူအညီပေး တဲ့ အဖွဲ့အစည်းတွေက ကျနော်တို့တိုင်းပြည်က အခြေအနေကောင်းနေပါပြီ။ အကူအညီတွေ မပေးသင့်တော့ပါဘူးလို့ ယူဆတာ တွေ ရှိလာတယ်ပေါ့။
တကယ်တမ်းမှာ အစိုးရကျန်းမာရေးဌာနတွေ မရှိတဲ့နေရာတွေမှာ အစိုးရဝန်ထမ်း ကျန်းမာရေးလုပ်သားတွေ လွှတ်တာ တောင်မှ ဒေသအခြေအနေအရ၊ ဘာသာစကားအခက်အခဲရယ်၊ နယ်ခံမဟုတ်တဲ့အတွက် နေထိုင်သွားလာရေး အခက်အခဲ စား သောက်ရေးအခက်အခဲတွေကြောင့် အစိုးရဝန်ထမ်း တော်တော်များများ မနေချင်ကြဘူး။ လူနာမည်ပဲပြော၊ တာဝန်ကျပါတယ် ပြောပြီး တကယ်တမ်း လာနေတာမရှိတဲ့ အခြေအနေတွေ ကျနော်တို့ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေမျိုးဆိုရင်တော့ ကျနော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းတွေ ဆက်လုပ်သွားရမှာပဲလို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အသေအချာ ဖြစ်ပြီးတော့ ခုနလိုမျိုး ဖက်ဒရယ်စနစ်ပုံစံအထိသွားမှပဲ ကျနော်တို့အားလုံးပြုပြင်ပြောင်းလဲလို့ရနိုင်မယ်လို့ မြင်ပါတယ်။
မေး။ ။ ဆရာတို့ BPHWT နဲ့ ပြည်နယ်ကျန်းမာရေးဋ္ဌာနတို့ လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့ ပတ်သက် လို့ ဘာတွေ ပူးပေါင်းဆောင်ရွက်မှုရှိပါလဲ။
အခုလက်ရှိ ကျနော်တို့က CBO အနေနဲ့ သွားနေပါတယ်။ အစိုးရကျန်းမာရေးဌာနတွေရဲ့ တိုက်ရိုက်ဆွေးနွေးပြောဆိုမှုတွေကို တော့ Karen Department of Health Warfare-KDHW အနေနဲ့ သွားပါတယ်။ ကျနော်တို့နဲ့ ဒေသတွင်း အစိုးရကျန်းမာရေး ဌာနတို့ ပူးပေါင်းဆောင်ရွက်လို့ရအောင်ဆိုပြီးတော့ အရံသားဖွားသင်တန်းတွေပေးပြီး အရံသားဖွားဆရာမတွေ မွေးထုတ်ပေး တာ ရှိပါတယ်။ ပေါ်လစီအရပြောရရင်တော့ တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်နေတာတော့ မရှိဘူး။ တစ်ဖက်နဲ့တစ်ဖက် အခြေအ နေကို သိရှိပြီးတော့ နားလည်မှုတွေနဲ့ ဆောင်ရွက်ရတဲ့ အခြေအနေလေးတွေပဲ ရှိပါသေးတယ်။
စောဝင်းကျော်သည် ကရင်ပြည်နယ်၊ ဖားအံမြို့ဇာတိဖြစ်ပြီး ၁၉၈၈ခုနှစ်၊ ဩဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအရေးအ ခင်း၌ ပါဝင်ခဲ့သည်။ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူသည် ကျောင်းသားအချို့နှင့်အတူ တောခိုခဲ့သည်။ ၁၉၈၉ခုနှစ်တွင် ကေအဲန်ယူဋ္ဌာနချုပ်ဟောင်း မာနယ်ပလော၌ ဖွင့်လှစ်ခဲ့သော အခြေခံဆေးသင်တန်း တက်ရောက်ခဲ့ပြီး နေရပ်စွန့်ခွါ (IDP)ဒေသ များ၌ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၅ခုနှစ်၌ ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်ဒေသရှိ ဒေးဘူးနို့ဆေးခန်းကို ဝါးတဲအခြေအနေမှ စတင်တည်ထောင်ခဲ့ပြီး တာ ဝန်ခံဆေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၈ခုနှစ်၌ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့-Back Pack Health Worker Team (BPHWT)အဖွဲ့နှင့် စတင် ပူးပေါင်းဆောင်ရွက်ပြီး ၂၀၀၂ခုနှစ်မှာ ဖာပွန်ဒေသတာဝန်ခံအဖြစ် စတင် တာဝန်ယူဆောင် ရွက်ခဲ့သည်။ ၂၀၀၉ခုနှစ်မှာ BPHWT ရဲ့ ဆေးဝါးကုသရေးလုပ်ငန်းတာဝန်ခံ (Medical Care Program Coordinator)အဖြစ် လည်းကောင်း၊ ၂၀၁ဝခုနှစ်မှစ၍ BPHWT ရဲ့ ညွှန်ကြားရေးမှူး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် (Leading Com-mittee)၊ အလုပ်အ မှုဆောင်ဘုတ်အဖွဲ့ဝင် (Executive Board)အဖြစ် တာဝန်ယူလျှက်ရှိသည်။
ဆေးမှူးအဖြစ် ဆောင်ရွက်ခဲ့စဉ် တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရသည့် ရာနှင့်ချီသော လူနာများ (Landmines, gunshots, artillery shells, grenades etc)၊ ခြေ/လက် ဖြတ်တောက်ခြင်း (Limbs amputation), အရေးပေါ် ကလေးမွေးဖွားခြင်း၊ ငှက်ဖျားလူနာများနှင့် အခြားကူးစက်ရောဂါများကို ကုသပေးခဲ့သည့်အပြင် လူထုကျန်းမာရေးလုပ်သားများ (Community Health Worker-CHW)၊ ထိခိုက်ဒဏ်ရာ ပြုစုစောင့်ရှောက်ရေးသင်တန်းသားများ (Trauma Care Training)နှင့် ကျေးလက် စေတနာ့ကျန်းမာရေးဝန်ထမ်းများကို မွေးထုတ်ပေးခဲ့သည်။