Home သတင်း NCA တွင် အားလုံးပါဝင်ရေးနှင့် အဆင့်ဆင့်ပါဝင်ရေးမူအတိုင်း SD ဆက်သွားမည်

NCA တွင် အားလုံးပါဝင်ရေးနှင့် အဆင့်ဆင့်ပါဝင်ရေးမူအတိုင်း SD ဆက်သွားမည်

263

သြဂုတ် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် အားလုံးပါဝင် လက်မှတ်ထိုးရေး အဆင်မပြေပါက အဆင့်ဆင့် ပါဝင်နိုင်ရေးနည်းလမ်းဖြင့် အကောင်အထည်ဖော်သွားမည်ဟု SD အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက သြဂုတ်လ ၂၄ရက်၊ ယမန်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌် သြဂုတ်လ ၂၁ရက်မှ ၂၄ရက်နေ့အထိ ကျင်းပခဲ့သော တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၅ဖွဲ့မှ ခေါင်းဆောင်များ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“အားလုံးပါဝင်ရေးမူအတိုင်း သွားမယ်။ အဲဒီအတွက် ထိပ်သီးခေါင်းဆောင်တွေနဲ့ SD တို့က နိုင်ငံတော်သမ္မတ၊ ကာချုပ်တို့နဲ့ ဆွေးနွေးမယ်။ မရဘူးဆိုရင် အားလုံးပါဝင်ရေးကို အသေမကိုင်ဘဲနဲ့ အဆင့်ဆင့်ပါဝင်နိုင်ရေး နည်းလမ်းရှာသွားမယ်ဆိုတဲ့ သဘောထား ဆုံးဖြတ်ချက်ကျခဲ့တယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သူ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD)အဖွဲ့ ဝင် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထိုသို့ NCA လက်မှတ်ထိုးရေးတွင် မပါဝင်နိုင်သေးသည့် အဖွဲ့များအတွက် အဆင့်ဆင့် ပါဝင်လာနိုင်ရေး အခြေခံအားဖြင့် နိုင်ငံ ရေး၊ စစ်ရေး၊ လူမှုရေးအရ အာမခံချက်ရရန်နှင့် တစုံတရာ သဘောတူညီမှု ရရှိရန်တို့ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက် လက် ပြောဆိုသည်။

လေးရက်ကြာ ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးတွင် NCAကို အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရန်အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင် ၅ဦးနှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် (SD) ခေါင်းဆောင် ၃ဦးတို့က နိုင်ငံ့ ခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် ဆွေးနွေးမည့် အကြောင်းအရာ များကိုလည်း ချမှတ်ပေးနိုင်ခဲ့ကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး – KNU ၊ ကချင်လွတ် လပ်ရေးအဖွဲ့ – KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPP နှင့် မွန်ပြည်သစ်ပါတီ – NMSP တို့၏ ဥက္ကဋ္ဌများ၊ သျှမ်းပြည် တိုးတက်ရေးပါတီ – SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင် အပါအ၀င် တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့(SD)ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ဒေါက်တာလဂျာနှင့် ပူဇင်ကျုံးတို့ ပါဝင်မည် ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က သိရသည်။

ထို့အပြင် SD အဖွဲ့အနေဖြင့် သြဂုတ်လ ၂၅ရက်နေ့တွင် ဆွေးနွေးမည့်ရက် သတ်မှတ်ခြင်း၊ လက်မှတ်အမြန်ရေးထိုးနိုင်ရေးကိစ္စ အပါအ၀င် လေးရက်တာ အစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိ NCA ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို့ သြဂုတ်လအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအခြေအနေအရ ယခုလအတွင်း လက်မှတ်ရေးထိုးရန် ဖြစ်နိုင်ခြေမရှိသေးကြောင်း SD ဘက်က သိရသည်။

အလားတူ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး(IKO)ကလည်း သြဂုတ်လ ၂၄ရက်နေ့တွင် ကေအဲန်ယူထံ အိတ်ဖွင့်ပေးစာ ပို့ရာ၌ ကရင့်တော်လှန်ရေးနှင့် ကရင့်အမျိုးသား အနာဂတ်အရေး စိုးရိမ်ကြောင်း၊ အားလုံး ပါဝင်လက်မှတ်ထိုးရေးမူကို လက်မခံ သော မြန်မာအစိုးရ၏ သဘောထားရပ်တည်ချက်မှာ တိုင်းရင်းသားများကို ခွဲခြားစည်းရုံးသော လုပ်ငန်းစဉ်ဖြစ်၍ IKO အနေဖြင့် လိုင်ဇာညီလာခံ၊ ပန်ဆန်းညီလာခံနှင့် လော်ဟီးလာညီလာခံများမှ သဘောတူချမှတ်ခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တွင် အားလုံး ပါဝင်လက်မှတ်ထိုးရေးမူကိုသာ ထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သြဂုတ်လ ၁၉ရက်နေ့ကလည်း ဗြိတိန်သံအမတ် မစ္စတာအင်ဒရူးပက်ထရစ်နှင့် တွေ့ဆုံမှုတွင် အစိုးရ၏ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပစ်ရပ် လက်မှတ်ထိုးသူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လက်ခံ သည်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်ကြောင်း စသဖြင့် ထုတ်ဖော်ပြောဆိုခဲ့မှုများအပေါ် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုလျှက်ရှိပြီး စိုးရိမ်နေကြသည်။