(မန်းကိုကို)
၂၃-၀၈-၂၀၁၅
ကရင်အမျိုးသားတွေ ဘဝကို နှစ် ၃၀-၄ဝ လောက် အတူဖြတ်သန်းမိတဲ့အခါ စိတ်ထဲမှာ အနိမ့်အမြင့်၊ အတိမ်အနက် ကွဲပြားတဲ့ ခံစားချက်မျိုးစုံ ဖြစ်မိတယ်။
တက်ကြွရွှင်လန်း ကြိုးစားနေကြတဲ့ လူငယ်တွေကိုမြင်ရင်၊ ကြည်နူးအားတက်တယ်။
‘ရိုးအ’လွန်းတာတွေ မြင်တော့လည်း အားမရ စိတ်ပျက်မိတယ်။
အမျိုးသားနာမည်ကို အလွဲသုံးစားလုပ်၊ မသူတော်တွေ လူမိုက်တွေနဲ့ပေါင်းပြီး လုပ်ချင်ရာလုပ်နေသူတွေကို မြင်ရတဲ့အခါကျ တော့လည်း မျှော်လင့်ချက်မဲ့သလို ခံစားရပြန်တယ်။
တစ်ဆက်တည်းမှာပဲ မှတ်သားထား၊ နားလည်ထားသမျှတွေကို လက်လှမ်းမီတဲ့ အတိုင်းအတာထဲကနေ၊ ပြောပြ လက်ဆင့်ကမ်း ချင်တဲ့စိတ်တွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒီလို လက်ဆင့်ကမ်းတဲ့အခါ ပြည့်စုံဖို့ မလွယ်ပေမယ့်၊ အရေးအပါဆုံး အပိုင်းကဏ္ဍ အတော်များများမှာ အသိအမြင် အတွေးခေါ်တွေ တိုးပွားလာအောင် အစဖေါ်ပေးနိုင်ဖို့တော့ မျှော်လင့်ပါတယ်။
◊ နိုင်ငံရေး
ကရင့်အမျိုးသားရေးမှာ နိုင်ငံရေးမပါရင် ခေါင်းမပါတဲ့ ခန္ဓာကိုယ်လိုပါပဲ။
၂၀၁၅ဟာ ကမာ္ဘအနှံ့မှာ အင်မတန်အရေးပါနေတဲ့ ‘လွတ်လပ်မှု’၊ ‘တရားမျှတမှု’ နဲ့ ‘လူသားအခွင့်အရေး’တွေရဲ့ ဘိုးအေလို့ခေါ်နိုင် တဲ့ Magna Carta ဆိုတဲ့စာတမ်း ပေါ်ထွက်ခဲ့တာ နှစ် ၈၀ဝ တောင် ပြည့်ခဲ့ပါပြီ။ ဒီအချိန်မှာ ကရင်အမျိုးသားတွေအနေနဲ့ အနည်း ဆုံးတော့ အခြေခံနိုင်ငံရေး အသိအမြင်တွေ ရှိဖို့နဲ့ နိုးကြားဖို့လည်း လိုလာပြီဆိုတာ ပြောနေစရာ မလိုဘူးလို့ ထင်ပါတယ်။
နိုင်ငံရေးနိုးကြားဖို့ လိုတယ်လို့ပြောတဲ့အခါ၊
လူတိုင်းမှာ မွေးရာပါအခွင့်အရေးတွေ ရှိတယ်။
‘နိုင်ငံ’ဆိုတာဟာ လူတစ်ဦးချင်းစီ စုပေါင်းတည်ဆောက်ထားတဲ့ လူမှုအဖွဲ့စည်းတစ်ခု ဖြစ်တယ်။
‘အာဏာ’ နဲ့ ‘လုပ်ပိုင်ခွင့်’ ဆိုတာဟာ ပြည်သူတစ်ဦးချင်းရဲ့ သဘောတူညီမှုနဲ့ အကျိုးစီးပွားကိုယ်စီကို အလေးထားမှုတွေက နေ အခြေခံ ဆင်းသက်လာတယ် – စသည်ဖြင့် အခြေခံအကျဆုံး အချက်တွေလောက်တော့ ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ကို အင်မတန်လိုအပ်ပါတယ်။
နောက်တစ်ဆင့်မှာမှ ‘ကိုယ့်အခွင့်အရေး’ နဲ့ ‘ရပိုင်ခွင့်တွေ’ကို ဆုံးရှုံးမှုမရှိအောင် အာမခံချက်တွေ ပေးနိုင်တဲ့ အုပ်ချုပ်ရေးယန္တ ရားကို၊ ကိုယ်တိုင်လည်ပတ် လုပ်တတ်ဖို့နဲ့ ရအောင်ယူဖို့ လိုတာတွေကိုလည်း သိထား၊ နားလည်ထားဖို့ လိုပါတယ်။
အဲဒီလိုမှ မဟုတ်ရင်တော့ “နိုင်ငံရေး ကျွန်” ဘဝတွေနဲ့ပဲ နေသွားကြရဖို့ ရှိပါတယ်။
◊ စီးပွားရေး
ကနေ့အချိန်မှာ ဘယ်ခေတ်ကနဲ့မှ မတူအောင် အရေးပါလာတာတစ်ခုကတော့ “စီးပွားရေး” ပါပဲ။
စီးပွားရေးကို နားလည်ပြီး အသုံးချတတ်တဲ့လူနဲ့ လူမျိုးလူစုတွေဟာ အခြားသူတွေကို လွှမ်းမိုးနိုင်ပြီး အများကြီး အမြတ်ထုတ်နေ ကြပါတယ်။
အထူးသဖြင့် ဘဏ်လုပ်ငန်းတွေဟာ အင်အားကြီးမားကြတာကြောင့် တခြားနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာတွေအပေါ်တောင် သက်ရောက်မှုတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကရင်အမျိုးသားပိုင် ဘဏ်လုပ်ငန်းတစ်ခုလောက်တောင် မတည်ထောင်နိုင်ဘူး ဆိုရင်တော့ သူများအောက်ကနေ ခေါင်းထောင်တက်လာဖို့ မလွယ်ပါဘူး။
စီးပွားရေးအမြင်နဲ့ လုပ်ချင်ကိုင်ချင်စိတ် ရှိဖို့
စီးပွားရေး အသိပေး ပညာပေးလုပ်ငန်းတွေကို စီမံကိန်းချပြီး လုပ်ဖို့
စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပြီး အပြန်အလှန် ရပ်တည်နိုင်အောင် ကူညီဖို့
စီးပွားရေးအတွက် အထောက်ကူဖြစ်စေမယ့် အဖွဲ့အစည်း၊ ပညာရေးနဲ့ အထောက်အကူတွေ တည်ဆောက်နိုင်ဖို့တွေ လိုပါတယ်။
နောက်တဆင့် မြင့်လာတဲ့အခါ စတော့ရှယ်ယာ ဈေးကွက်တွေလို စီးပွားရေး အရင်းအနှီးတွေ ဖန်တီးချဲ့ထွင်ပေးတဲ့ ကဏ္ဍတွေကို အဆင့်ဆင့် မဖြစ်မနေ လုပ်ရပါမယ်။
ဒါတွေ မလုပ်နိုင်ဘူးဆိုရင် သူတစ်ပါးရဲ့ “စီးပွားရေး ကျွန်”အဖြစ်နဲ့ပဲ အသက်ရှင်နေထိုင်ရမှာ ဖြစ်ပါတယ်။
◊ ပညာရေး
မကြာခင်ကနေ မိသားစုထဲက အဝေးဆုံးဖြစ်တဲ့ ပလူတိုဂြိုလ်နားကနေ ဂြိုလ်တုတစ်လုံး ဖြတ်ပျံတာ၊ ရွေ့လျားနေတဲ့ ဥက္ကာပျံတစ် လုံးပေါ် ဂြိုလ်တုငယ်တစ်လုံး ရအောင်ဆင်းသက်ခဲ့တာတွေကိုကြည့်ရင် ကနေ့ခေတ် ပညာရေးရဲ့စွမ်းအားကို မြင်နိုင်ပါတယ်။
ဒါနဲ့လည်း ရပ်မနေကြပါဘူး။ အာကာသကို ဓါတ်လှေခါးထောင်ဖို့ ကြံစည်တာ၊ ကမ္ဘာလောကကြီးမှာ ဖြစ်ပျက်နေတာတွေ အား လုံးအတွက် ဘာကြောင့်ဒီလိုတွေ ဖြစ်နေရတာလဲဆိုတာကို အဖြေထုတ်ဖို့ ကြိုးစားတာမျိုးကအစ အမျိုးမျိုး တွေးခေါ်နည်းလမ်း ရှာနေကြပါတယ်။
ကမ္ဘာမှာကြည့်ရင် ဩစတြေးလျား၊ အမေရိကန်၊ နယူးဇီလန် ဥရောပ စတဲ့နိုင်ငံတွေဟာ “ပညာရေး”ကို “ပို့ကုန်” (export)တစ်ခု လို ရောင်းချနေကြပါတယ်။ စီးပွားဖြစ်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု လုပ်ငန်းကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါတွေကို ကရင်အမျိုး သားတွေဆီမှာ “သွင်းကုန်” (import) အနေနဲ့တောင် မတင်သွင်းနိုင်ဘူး၊ မဝယ်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ လို နေပါပြီ်။
ကရင်တွေအနေနဲ့ သစ်ပင်အောက်၊ ဝါးပင်အောက်နေပြီး ကိုယ်အသုံးပြုနေတဲ့ “ဝါး”ကိုတောင် တာရှည်ခံအောင် မလုပ်တတ် သေးတဲ့ ဘဝတွေနဲ့ သားစဉ်မြေးဆက် အဆုံးမသတ်သွားကြဖို့တော့ လိုပါတယ်။ သတိထားရမှာက – ရွှေ၊ သစ်တို့လို သယံဇာ တတွေဟာ ကုန်သွားတတ်ပါတယ်။ ဒါပေမယ့် “လူ”တွေကတော့ မကုန်နိုင်ပါဘူး။ ပညာနဲ့ပေါင်းပြီး တန်ဖိုးရှိအောင် လုပ်လို့ရပါ တယ်။ အမြဲတမ်း အသုံးချသွားလို့ ရပါတယ်။
“ပညာ”ဟာ ဘက်စုံတိုးတက်မှုရဲ့ အခြေခံအရင်းအမြစ်လည်း ဖြစ်ပါတယ်။
ဒီတော့ အခြားသူတွေက ကိုယ့်ကို အကန့်အသတ်၊ အတားအဆီး လုပ်ထားတာတွေကို လက်ညှိုးထိုး၊ အပြစ်တင်နေတာထက် ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုလမ်းကြောင်းရှာ ဖေါက်ထွက်ဖို့မလဲဆိုတာ သိအောင်နဲ့ လက်တွေ့လုပ်ကြဖို့ လိုပါတယ်။
ဒါဟာလည်း အမျိုးသားရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ပါပဲ။
ဒါကို သိရက်သားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး မကြိုးစားကြရင်တော့ “ပညာရေး ကျွန်” ဖြစ်သွားနိုင်ပါတယ်။
◊ ယဉ်ကျေးမှု
‘ကိုယ်ပိုင်လက္ခဏာ’(identity) နဲ့ သီးခြား ‘ယဉ်ကျေးမှု’တွေမရှိဘဲ ‘လူမျိုး’ တစ်မျိုးဆိုတာဟာလည်း မရှိနိုင်ပါဘူး။ ဒါတွေဟာ နှစ်ပေါင်းထောင်ချီကထဲက အစတည်ခဲ့သလို မပျောက်ပျက်အောင် ထိန်းသိမ်းမှလည်း ရေရှည် ဆက်ရပ်တည်နိုင်မှာပါ။ ဒီလို ထိန်းသိမ်းရမယ် ပြောတဲ့အခါ “ယဉ်ကျေးမှု”ဟာ ဘာလဲဆိုတာကအစ အခြေခံကျကျမေးခွန်း အရင်ထုတ်ကြဖို့၊ နားလည်ကြဖို့ လိုပါတယ်။ ဒါမှလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အဓိပ္ပါယ်ရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယဉ်ကျေးမှုရဲ့ ပြောင်းလဲတိုးတက်လာတတ်တဲ့ သဘာဝကိုလည်း သိထားရပါမယ်။
ယဉ်ကျေးမှုတစ်ခုဟာ ‘ရေသေ’လို မလှုပ်မရှား၊ မပြောင်းမလဲ၊ မတိုးတက်ဘူး ဖြစ်နေပြီဆိုရင်တော့ တိမ်မြုပ်ပျောက်ကွယ်ဖို့ နီးစပ်လာပြီလို့လည်း ပြောနိုင်ပါတယ်။ သတိထားရမှာက ကိုယ့်ယဉ်ကျေးမှုကို ထိန်းချုပ်ချင်၊ ဖျက်ဆီးပစ်ချင်ကြတဲ့ ပြင်ပက လူအချို့ ရှိတယ်ဆိုတာပါ။
ကိုယ့်ယဉ်ကျေးမှု အားနည်းလာပြီး သူတပါးယဉ်ကျေးမှုအပေါ် မှီခိုမှုတွေ များလာတဲ့အခါ “ယဉ်ကျေးမှု ကျွန်” ဖြစ်သွားနိုင်ပါ တယ်။
◊ စစ်ရေး
လူသိများတဲ့ သမိုင်းထဲက စစ်ရှုံးခဲ့တဲ့ ဂျာမန်တွေကို နမူနာပြ ပြောချင်တယ်။
ဂျာမန်တွေစစ်ရှုံးတာ လူသိပေမယ့် ဂျာမန်တို့ဖက်က လူအသေအပျောက် ပိုနည်းတာကို လူတိုင်း သတိမထားမိပါဘူး။ သူတို့ရဲ့ စစ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ တွက်ချက်တတ်မှုနဲ့ ပံ့ပိုးမှုတွေကို အချိုးညီညီ အသုံးချနိုင်ခဲ့တာကြောင့်လို့ သိရပါတယ်။
အခြားတစ်ဖက်မှာလည်း မဟာမိတ်တွေဟာ အသေအပျောက် အဆုံးအရှုံး ပိုများပေမယ့် စစ်ကိုနိုင်အောင် တိုက်တတ် တာကို လည်း သတိထားရပါမယ်။ ‘တိုက်ပွဲ’ (battle) တွေကို အနိုင်ရတာနဲ့ ‘စစ်ပွဲ’(war) ကြီးတစ်ခုလုံးကို အနိုင်တိုက်တာဟာ မတူဘူး ဆိုတာ သခင်္န်းစာ ယူလို့ရပါတယ်။
စစ်ရေးလို့ ပြောတဲ့အခါမှာလည်း စစ်တိုက်တာကိုပဲ မြင်တတ်ကြပါတယ်။
ဒါပေမယ့် စစ်ပွဲတစ်ပွဲမှာ ကဏ္ဍတွေ အများကြီး ခွဲခြားလို့ရပြီး စစ်မတိုက်ဘဲနဲ့လည်း အနိုင်ယူလို့ရတာတွေ အများကြီးရှိတယ်ဆို တာကို သိဖို့လိုပါတယ်။ အထူးသဖြင့် ဖိနှိပ်မှု၊ ဝါးမျိုမှု၊ ဖြတ်တောက်မှု၊ လှည့်ဖျားမှုတွေနဲ့ အနိုင်ယူခံနေကြရသလားဆိုတာ တွေး တောကြဖို့တော့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။
စစ်ရှုံးတဲ့လူတွေဟာ အောက်ကျနောက်ကျဘဝ၊ တစ်နည်းအားဖြင့် ‘ကျွန်’ဘဝကို သိသလိုလို၊ မသိသလိုလိုနဲ့ ရောက်သွားတတ် ပါတယ်။
◊ ရှေ့က ဘိုးဘွား၊ အနာဂတ်ရဲ့ ဘိုးဘွား
ခေတ်အခါအရ ကရင်အမျိုးသားထုဟာ ဒေသ၊ ဘာသာစကား၊ နောက်ခံ၊ ပတ်ဝန်းကျင်အသိုင်းဝိုင်း၊ အတွေ့အကြုံ၊ အသိနဲ့ အတတ်ပညာ၊ ခံယူတဲ့ဘဝနဲ့ ကိုးကွယ်တဲ့ ဘာသာသာသနာတွေမှာပါ တကွဲတပြားလို ဖြစ်နေကြတာ အားလုံးအမြင်ပါ။
ကိုင်တွယ်ထိတွေ့လို့ရတဲ့ သွေးသားရင်းချာတွေကို ထိတွေ့ကိုင်တွယ်လို့မရတဲ့ ယုံကြည်မှုအပေါ်ဘဲ မူတည်တဲ့ ဘာသာတရား ပေတံ၊ ခေတ်အတွေးအမြင် ပေတံ၊ ကိုယ့်လိုအင်ဆန္ဒ ပေတံတွေနဲ့ မရမက မတိုင်းမိကြဖို့ သတိပေးချင်ပါတယ်။
– ကရင့်ဘိုးဘွားတွေဟာ ဘာသာတရားတွေအကြောင်း သိခွင့်မရခဲ့သူတွေ ဖြစ်ချင်ဖြစ်မယ်။
– ပညာတတ်ဖို့ အခွင့်လမ်း မရှိခဲ့သူတွေ ဖြစ်ချင်ဖြစ်မယ်။
– တောင်ယာထဲမွေးပြီး တောင်ယာထဲမှာပဲ ခေါင်းချသွားခဲ့သူတွေလည်း ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။
မမေ့ဖို့က သူတို့တတွေဟာ ကိုယ် အပါအဝင် ကရင်ထုကြီးကို လက်ဆင့်ကမ်း မွေးဖွားပေးခဲ့သူ မူလအရင်းအမြစ်တွေဖြစ်သလို ကိုယ်ဟာလည်းပဲ နောင်တစ်ချိန်မှာ ဘိုးဘွားဘီဘင် အလောင်းအလျာတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရဖို့ လိုပါတယ်။
ကိုယ့်မြေးမြစ်တွေကနေ ကိုယ့်အပေါ် နှလုံးသားကြေကွဲအောင် မစော်ကားစေချင်သလို၊ ကိုယ့်ဘိုးဘေးတွေကိုလည်း ရင်ထဲက အလေးထားပေးကြဖို့ မမေ့ပါနဲ့။ သူတို့ထားရစ်ခဲ့တဲ့ ဓလေ့နဲ့ထုံးတမ်းတွေကိုလည်း လေးစားမှုလေးတွေ ထားပေးကြဖို့ လိုပါ တယ်။
◊ စိန်ခေါ်မှု
ကရင်အမျိုးသားတွေရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ‘ရိုးသားတာ’ဟာ အင်မတန် ကောင်းပါတယ်။
ဒါပေမယ့် သူတစ်ပါးက ကိုယ့်အပေါ် အမြတ်ထုတ်တာကို မသိရင်တော့ ပြဿနာ ရှိပါတယ်။
တဆင့်တက်ပြီး ကိုယ့်ကိုထိန်းချုပ်ဖို့ ကြိုးစားတာကို နားမလည်ရင် ပိုဆိုးပါလိမ့်မယ်။ ဒါနဲ့လည်းမပြီးဘဲ ကိုယ့်ကိုယ်ကို “ကျွန်” ဖြစ်လို့ဖြစ်မှန်းတောင် သဘောမပေါက်ရင်တော့ မျှော်လင့်ချက်မရှိတော့သလောက်ပဲလို့ ပြောရပါလိမ့်မယ်။
လူမျိုးတစ်မျိုးဟာ –
စီးပွားရေးအရ ကျွန်ပြုခံရင် – အခြားလူတွေကို ပင်ပင်ပမ်းပမ်း အလုပ်အကျွေးပြုရတဲ့ သံသရာထဲကို ရောက်သွားမှာဖြစ်ပါ တယ်။
နိုင်ငံရေးအရ ကျွန်ပြုခံရရင် – တဆင့်နိမ့်လူသားဘဝနဲ့ ထားရာနေ စေရာသွားတဲ့ဘဝကို ရောက်သွားမှာ ဖြစ်ပါတယ်။ ကိုယ့်ဖာသာတောင် ကိုယ်သိချင်မှ သိပါလိမ့်မယ်။
ပညာရေးမှာ ကျွန်ပြုခံရရင် – ကိုယ့်အမျိုးသားကံကြမ္မာဟာ သူတစ်ပါးလက်ထဲကို ရောက်သွားပါလိမ့်မယ်။
ဘာသာစကားလို ကိုယ်ပိုင်လက္ခဏာနဲ့ ယဉ်ကျေးမှုအရ ကျွန်ပြုခံရရင်တော့ – လူမျိုးပျောက်သွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ သဘောသဘာဝတစ်ခုက – လူမျိုးမပျောက်ခင်သာ စိုးရိမ်ကြ ကာကွယ်ကြလို့ ‘ရ’ပါတယ်။ ပျောက်ကွယ်သွားပြီ။ အခြားလူမျိုးတွေက ဝါးမျိုသွားပြီဆိုရင်တော့ သူတို့နဲ့ တစ်သားတည်းဖြစ်သွားပြီမို့ ဘာမှဆက်ပြောစရာ ရှိတော့မှာ မဟုတ်ပါဘူး။ သတိပြုစရာပါ။
◊ ခေါင်းဆောင်တွေအတွက် မေးခွန်း
‘ဘာလုပ်ရမလဲ’ဆိုတာဟာ မပြောချင်ဆုံး စကားတွေပါ။
လူမုန်းများပြီး မှန်ကန်ခဲ့ရင်တောင် ကျေးဇူးအတင်ခံရမှာမျိုး မဟုတ်တတ်လို့ပါ။ ခုနေခါမှာ ကရင်အမျိုးသားခေါင်းဆောင်တွေလို့ ခံယူထားသူ လူကြီးသူမတွေအတွက်၊ အားမနာတမ်းမေးစရာ မေးခွန်းတွေရှိပါတယ်။
အခြေခံအကျဆုံးအနေနဲ့ –
ကိုယ့်ကရင်အမျိုးသားရေးကို ဘယ်လို ဘယ်လောက်တန်ဖိုးထားသလဲ။
ဘာအမျှော်အမြင် (Vision) တွေ ရှိနေပါသလဲ။
ဘာရည်မှန်းချက်ပန်းတိုင် (Aim/Goal) တွေနဲ့ပါလဲ။
ဘယ်လို မဟာဗျူဟာ (Strategy) တွေ ချမှတ်ထားကြပါသလဲ။
ဘယ်လိုဆောင်ပုဒ် (Motto) မျိုးနဲ့ လျှောက်လှမ်းကြမှာလဲ။
ဘာ စံနှုန်း သို့မဟုတ် တန်ဖိုး (Value) တွေကို အခြေခံပြီး ဆင်ခြင်ဆုံးဖြတ်သလဲ။
ဘယ်လိုအလားအလာ (Possibility) တွေ ရှိတယ်လို့ ဆန်းစစ်မိသလဲ – စသည်ဖြင့် ဖြစ်ပါတယ်။
တစ်မျိုးသားလုံးကို မြေထောင်မြှောက်ပေးဖို့၊ ပျိုးထောင်ပေးဖို့၊ ဦးဆောင်သွားနိုင်ဖို့အတွက် ဆယ်နှစ်၊ အနှစ်-၂၀၊ နှစ်-၅၀၊ နှစ်-၁၀ဝ စာ စနစ်တကျ အကွက်စေ့စေ့ ကြိုတင်တွေးဆထားပြီးကြပြီလား။ စီမံကိန်း (plan)တွေဆွဲပြီး အကောင်ထည်ဖေါ်ဖို့ ပြင် ဆင်ထားပြီးပြီလား။
ဒါတွေဟာ လူကြီးသူမနဲ့ ခေါင်းဆောင်တွေကို ဦးတည်တယ်ဆိုပေမယ့် သာမန်ပြည်သူတွေ တစ်ဦးတစ်ယောက်ချင်းနဲ့လည်း သက်ဆိုင်ပါတယ်။ အားလုံးဟာ အပြန်အလှန် မှီခိုဆက်စပ်နေကြတာကြောင့် လူတိုင်းစီက အတွေးအမြင်နဲ့ အကြံဉာဏ်တွေ ဖလှယ်ရယူကြဖို့လည်း အရေးကြီးပါတယ်။
◊ အခြား မေးခွန်းအချို့
ကရင်အမျိုးသားတွေအတွက် ဆန်းစစ်ကြည့်စရာ၊ ကိုယ့်ကိုယ်ကို ပြန်မေးဖို့လိုတာလေး အချို့လည်း ရှိပါတယ်။
နှစ်ပဲတစ်ပြား လုပ်ပိုင်၊ ရပိုင်ခွင့်လေးတွေလောက်နဲ့ ယစ်မူးသာယာ လမ်းလွဲနေသူတွေ ရှိသလား။
လှည့်စားတတ်တဲ့ ရောင်စုံစကားလုံးတွေအောက်မှာ တွေဝေ ရှုတ်ထွေးနေသလား။
နှစ် ရာထောင်ချီတဲ့ ကိုယ့်သမိုင်းနဲ့ ဘဝတွေကို မေ့နေကြသလား။
‘Culture Genocide’ လို့ခေါ်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို မျိုးဖြုတ်ခံနေရတာ သတိထားမိကြသ လား။
ကိုယ့်အမျိုးသားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား။ ကြိုးစားရုန်းကန်ဖို့ စိတ်ပိုင်းဖြတ်မှုတွေ ရှိပြီလား။
စိတ်ရဲ့ အနက်ရှိုင်းဆုံးထိအောင် အဖြေရှာတာမျိုး (Soul Searching) လုပ်ဖို့တွေ လိုနေသလား။
ကရင်အမျိုးသားတွေရဲ့ အတွေးအခေါ်နဲ့ စိတ်နေစိတ်ထား (National Psyche) တွေကို အောက်ဆုံးအခြေခံကစပြီး မြေလှန် ပြောင်းလဲပစ်ဖို့ လိုနေပြီလား – စသည်ဖြင့် ဖြစ်ပါတယ်။
◊ ဘာလုပ်မလဲ
သတင်းတွေထဲမှာ – ကရင်လူငယ်တွေ ကွန်ယက်ဖွဲ့တာ၊ ကိုယ်ထူကိုယ်ထ တွေ့ဆုံဆွေးနွေးကြတာ၊ ခေါင်းဆောင်တွေရဲ့ အများ ပြည်သူဆီက အကြံဉာဏ်တွေ တောင်းခံနေတာ၊ အစုလိုက်အဖွဲ့လိုက်ကော တစ်ဦးချင်းအလိုက်ပါ ကိုယ့်ဆန္ဒနဲ့ စိတ်အားထက် သန်မှုတွေ ဖေါ်ပြနေတာကို တခါတရံ မြင်တွေ့နေရပါတယ်။ ဝမ်းသာစရာပါ။
သို့သော် ဒါတွေဟာ လုံလောက်သလားလို့ တည့်တည့်မေးရမယ့်အချိန် ရောက်နေပါပြီ။ အမှားအယွင်းရှိကြတာ၊ မပြည့်စုံကြတာ ဟာ အပြစ်တင်စရာ မဟုတ်ပါ။ ကိုယ် မပြည့်စုံတာ အားနည်းတာကို သိနားလည်ပြီး အသိစိတ်ရှိရှိနဲ့ တတ်နိုင်တဲ့ဖက်က ပူးပေါင်း ကူညီကြဖို့တော့ လိုပါတယ်။
ဒီနေရာမှာလည်း လူတိုင်းက အကုန်လုံးကို တတ်သိလုပ်ကိုင်ဖို့ မျှော်လင့်လို့ မရပါ။ ကိုယ်လုပ်နိုင်တာတွေကိုပဲ အကောင်းဆုံး လုပ်နိုင်အောင်သာ အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။
အလွယ်ဆုံး လုပ်လို့ရတာအချို့က –
အနီးဆုံးလူတွေ စုစည်းကွန်ယက်ဖွဲ့ပြီး အပြန်လှန် ပူးပေါင်းကူညီဖို့
ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာစကား မတတ်မြောက်တာမျိုးကို အပြစ်ချည်းတင်မနေဘဲ လူတိုင်းပြောနိုင်အောင် အသိုင်းအဝိုင်းနဲ့ အထောက်ကူပစ္စည်းတွေကို တတ်နိုင်သလောက် ဝိုင်းဖန်တီးကြဖို့
အသိပညာ ဗဟုသုတတွေကို လက်ဆင့်ကမ်းကြဖို့
ကိုယ့်အလုပ်၊ ကိုယ်တတ်တာတွေကို ဘာမှအားမငယ်ဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့
အကြပ်အတည်းနဲ့ စိန်ခေါ်မှုတွေအတွက် တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ပြီး ပြင်ဆင်ကြဖို့ စသည်ဖြင့် မဖြစ်မနေ လိုအပ် နေပါတယ်။
ဘဏ်လုပ်ငန်း၊ သတင်းမီဒီယာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ အဆင့်ဆင့်သော ပညာရေးကျောင်းတွေ၊ ယဉ်ကျေးမှုနဲ့ လူမှုရေးအ ဖွဲ့အစည်းတွေ စတဲ့ လူ့အသိုင်းဝိုင်းတစ်ခုမှာ လိုအပ်တဲ့ ကဏ္ဍတွေ အစုံအလင်ရှိလာဖို့၊ အားကောင်းဖို့နဲ့ တိုးပွားလာဖို့တွေလည်း လိုနေပါတယ်။
ကရင်အမျိုးသားတွေအနေနဲ့ ပညာ၊ စီးပွား၊ အသိ စသည်ဖြင့် အဖက်ဖက်မှာ လောဘကြီးဖို့တော့ လိုပါတယ်။ သို့သော် သူတစ် ပါး ထိခိုက်မယ့် တစ်ကိုယ်ကောင်းတော့ မဆန်ကြဖို့ တိုက်တွန်းချင်ပါတယ်။
စိတ်ဓါတ်၊ ပညာနဲ့ အားထုတ်မှုတွေ အားလုံးစုံတဲ့အခါ၊ တစ်နည်းအားဖြင့် ကံ-ဉာဏ်-ဝီရိယ သုံးပါးစလုံး စုဆုံတဲ့အခါမှာ အောင် မြင်ကြရပါလိမ့်မယ်။
◊ နိဂုံး
ခု တင်ပြသွားတာတွေဟာ မပြည့်စုံပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ။ အစဖေါ် အသိပေး တိုက်တွန်းတာတွေသာ ဖြစ်ပါတယ်။
တကယ်လို့ စာဖတ်နေသူဟာ မီးတောက်ချင်နေတဲ့ လောင်စာဆိုရင် ဒီဆောင်းပါးဟာ မီးခြစ်အိုလေးတစ်လုံးပါ။
စာဖတ်သူဟာ လမ်းစရှာနေသူတစ်ယောက်ဆိုရင်တော့ ဒီစာဟာ ကြယ်လေးတစ်လုံးလို အကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါ တယ်။
ဒါမှမဟုတ်ဘဲ အိပ်ပျော်နေသူဆိုရင်တော့ ဒီစာနဲ့ မညှာမတာ တွန်းလှုပ်နိုးလိုက်တယ်လို့ သဘောထားနိုင်ပါတယ်။