(မန်းထိန်ဝင်းစိန်)
၂၀၁၅ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့သည် ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် (၆၅)နှစ်မြောက်နေ့ဖြစ်ပြီး ၎င်းနေ့မှာ ကရင်အမျိုးသား အာဇာနည်နေ့ ဖြစ်သည်။ စောဘဦးကြီးသည် ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာ လယ်တဲတစ်ခုတွင် စခန်းချနေစဉ် ထီစွမ်းရွာသားမောင်အဲဆိုသူ၏ သတင်းပေးမှုကြောင့် နဘူး တပ်စခန်းမှ အစိုးရတပ်က သတင်းရရှိကာ တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
သူ မကျဆုံးမှီ ‘စောဘဦးကြီးမူ’ဟု ကျော်ကြားနေခဲ့သော ၎င်း၏ မူလေးချက်ကို ချမှတ်ခဲ့ပြီး မော်ချီးမြို့ရှိ ကော်သူးလေ အသံလွှင့် ဋ္ဌာနတွင် ကြေညာခဲ့သည်။
၎င်းမူလေးချက်မှာ –
(၁) လက်နက်ချစကား အလျင်းမပြောရ
(၂) ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်
(၃) ကရင်ပြည်နယ် အပြည့်အဝ ရစေရမည်
(၄) ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့် ရှိရမည်ဟူ၍ ဖြစ်သည်။
စောဘဦးကြီးသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ဘဲဂရက်ရွာ၌ ၁၉၀၃ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့တွင် ဖခင်ဖြစ်သူ လယ်ပိုင်ရှင် ရွာသူကြီး စောသာမြတ်နှင့် မိခင် နော်အေးနုတို့မှ ဖွားမြင်သည့် မွေးချင်း (၄)ဦးအနက် ဒုတိယသားဖြစ်သည်။ အထက်တန်းပညာကို မော်လမြိုင်မြို့ မစ်စတာ ဝက်ဒက်(စ်)စမွန် အထူးအဂင်္လိပ် အထက်တန်းကျောင်းတွင် သင်ယူခဲ့ပြီး အထက်တန်းပညာ အောင်မြင်ပြီးနောက် အဂင်္လန်သို့ သွားပြီး ဥပဒေပညာကို သင်ယူခဲ့သည်။ ၎င်းနှင့်အတူ ညီဝမ်းကွဲတော်သူ စောဖေသာလည်း ပါဝင်ခဲ့သည်။ ထိုအချိန်တွင် စောဘဦးကြီးအသက်မှာ ၁၇နှစ်ပင် မပြည့်သေးချေ။ အဂင်္လန်တွင် ဥပဒေပညာ ကို သင်ယူနိုင်ရန် အဂင်္လိပ်စာတစ်ခုတည်း တတ်ရုံနှင့် မဖြစ်သေးဘဲ လက်တင်စာကိုပါ တတ်မြောက်ရန် လိုအပ်သဖြင့် စောဘ ဦးကြီးသည် လက်တင်ဘာသာကို ခြောက်လအတွင်း သင်ယူတတ်မြောက်ခဲ့သည်။
၁၉၂၂ခုနှစ်၊ အောက်တိုဘာလတွင် ကင်းဘရစ် (Cambridge University ) နှင့် အော့ခ်စ်ဖို့ဒ်တက္ကသိုလ် (OXFORD) ၏ မဂ်ဒ လင်းကောလိပ် (Magdalene College) တွင် စောဘဦးကြီး ကျောင်းဝင်ခွင့်ရခဲ့ပြီး ၁၉၂၈ခုနှစ်တွင် ဥပဒေပညာဘွဲ့ ကို ရရှိခဲ့ သည်။ အဂင်္လန်နှင့် ဗြိတိသျှ အင်ပါယာတစ်ခုလုံး အထက်တရားရုံးများတွင် ရှေ့နေလိုက်နိုင်ရန် လန်ဒန်မြို့ မစ်ဒဲတင်ပယ် (Midd le Temple)တွင် ဥပဒေပညာ ထပ်သင်ယူပြီး ၁၉၂၉ခုနှစ်တွင် အဂင်္လန်နိုင်ငံ၏ အဆင့်မြင့်ဆုံး ဥပဒေပညာရှင် (Barrrister At Law) ဖြစ်လာခဲ့သည်။
သူသည် လန်ဒန်တွင် ပညာသင်ကြားနေစဉ် လူငယ်သဘာဝ နှလုံးသားအလိုကို လိုက်ခဲ့မိ၍ လန်ဒန်သူ (Renee Rose Kemp) အကြောင်းပါခဲ့ပြီး ၁၉၃၆တွင် လက်ထပ်လိုက်ကြရာ ပထမသား မိုက်ကယ်သီအိုဒို (Michael Theodors) နှင့် ဒုတိယသမီး သဲလ်မာရီဇာ (Thelma Resa) ထွန်းကားခဲ့သည်။ ဒုတိယသမီးမွေးပြီး မြန်မာပြည်သို့ ပြန်လာကာ ပုသိမ်မြို့ ကန်သုံးဆင့်အရပ် တွင် နေထိုင်ရင်း ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ ထိုအချိန်တွင် ဝတ်လုံတော်ရ စောဘဦးကြီးသည် လူသိနည်းသေးသည့်အချိန် ဖြစ်သည်။ ရှမ်းပြည်၊ သီပေါနယ်မှ စော်ဘွားမျိုးနွယ် စောကွမ်ဘီ လုပ်ကြံခံရသည့် အမှုနှင့်ပတ်သက် ၍ စော်ဘွားကြီး၏တူ စောသီဟအား ဖမ်းဆီး၍ ရုံးတင်တရားစွဲရာ စောဘဦးကြီးက တရားခံ စောသီဟဘက်မှ အမှုလိုက်ပေးရာ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့ရာမှ စောဘဦးကြီးလည်း တစ်ဟုန်ထိုး နာမည်ကျော်ကြားခဲ့သည်။ စောဘဦးကြီးသည် ဖခင် စောသာမြတ်မရှိသည့် နောက်ပိုင်းတွင် ဝတ်လုံအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရင်း အားလပ်သည့်အချိန်များတွင် ဘဲဂ ရက်ရွာသို့ပြန်၍ ဖခင်ကြီး၏ စီးပွားရေးလုပ်ငန်းများကိုလည်း စီမံဆောင်ရွက်ပေးခဲ့ရသည်။
ဂျပန်များ မြန်မာပြည်တွင်းသို့ ဝင်လာချိန် တစ်နေ့တွင် စောဘဦးကြီးသည် ဘဲဂရက်ရွာတွင် ဖခင်၏ စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်လုပ်ကိုင်ပြီး မိသားစုရှိရာ ပုသိမ်မြို့သို့ ပြန်လာရာတွင် ဇနီးသည် (Renee Rose Kemp) နှင့် သားသမီးတို့အား မတွေ့ရ ဘဲ ဇနီးသည်မှ (မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် စစ်ဘေးဒုက္ခသည်အဖြစ် ရခိုင်မှတစ်ဆင့် အိန္ဒိယ၊ ထိုမှတစ်ဆင့် လန်ဒန်သို့ ပြန်သွားမည်ဖြစ်ကြောင်း စစ်ကြီးပြီးမှ ပြန်လည်ဆုံတွေ့မည် ) ဟူသော စာတိုကလေးတစ်ရွက်သာ စောဘဦးကြီးကို ဆီးကြိုနေခဲ့ သည်။ ဂျပန်ခေတ်က အဂင်္လန်တွင် ဥပဒေပညာအတူ သင်ယူခဲ့သည့် ညီဝမ်းကွဲစောဖေသာသည် ၎င်း၏ဇနီး စကော့တလန်သူ ဂျင်း(Jean) နှင့် သားငယ် ဒေါက်ကလပ်စ် (Dauglas) တို့မှာလည်း မြောင်းမြမြို့တွင် BIA တပ်၏ ရက်ရက်စက်စက် သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။ စောဖေသာသည် အဂင်္လိပ်အစိုးရလက်ထက်တွင် ဝန်ကြီးတစ်ဦး ဖြစ်ခဲ့သည်။
၁၉၄၇ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ ကေအဲန်ယူ အရေးပေါ် ညီလာခံတွင် စောဘဦးကြီးသည် ကေအဲန်ယူ ဥက္ကဌအဖြစ် ရွေးချယ်ခံ ခဲ့ရပြီး ကရင်တိုင်းရင်းသားအကျိုးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ဝင်လာစ ဖြစ်ပွားခဲ့သည့် ကရင်-ဗမာ အဓိက ရုဏ်းတွင် ဝန်ကြီးချုပ်ဦးနု၊ သခင်သန်းထွန်းတို့နှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှု များစွာ ပါဝင်ခဲ့သည်။
စောဘဦးကြီး၏ စွန့်လွှတ်မှုဂုဏ် (၇)ပါး
၁။ နိုင်ငံနှင့် လူမျိုးအတွက် ပညာကိုစွန့်ခြင်း
စောဘဦးကြီးသည် အဂင်္လန်နှင့် ဗြိတိသျှအင်ပါယာတစ်ခုလုံး အထက်တရားရုံးများတွင် ရှေ့နေလိုက်နိုင်သည့် လန်ဒန်မြို့ မစ်ဒယ် တင်ပယ် (Middle Temple)မှ ဥပဒေဘွဲ့ရရှိပြီး အဂင်္လန်၏အဆင့်မြင့်ဆုံး ဥပဒေပညာရှင် (Barrister At Law) ရရှိခဲ့သော်လည်း အဂင်္လန်နိုင်ငံတွင် ဝတ်လုံအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း မပြုဘဲ အမိနိုင်ငံကို ပြန်လာပြီး ဥပဒေပညာဖြင့် အသက်မွေးဝမ်း ကျောင်းပြုရင်း အမျိုးသားအရေးကို ဆောင်ရွက်ခဲ့သည်။
၂။ နိုင်ငံနှင့် လူမျိုးအတွက် သားမယားကို စွန့်ခြင်း
မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များ ဝင်လာသောအခါ ဇနီးသည်နှင့် သားတစ်ယောက် ၊ သမီးတစ်ယောက် စစ်ပြေးဘဝဖြင့် အဂင်္ လန်သို့ ပြန်သွားသော်လည်း လိုက်မသွားဘဲ စောဘဦးကြီးသည် ကရင့်နိုင်ငံရေး လိုအပ်ချက်အရ ကေအဲန်ယူထဲ ဝင်ရောက် ဦးဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ဇနီးသည်နှင့် ကွာရှင်းလိုက်သည်။
၃။ နိုင်ငံနှင့် လူမျိုးအတွက် ရာထူးကို စွန့်ခြင်း
၁၉၄၇ခုနှစ်၊ လူထု (၇၀၀)ကျော် တက်ရောက်ခဲ့သည့် မော်လမြိုင်ကွန်ဖရင့်တွင် ကရင်များ၏ လိုလားချက် မပြည့်စုံပါက အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ မိမိရာထူးမှ နှုတ်ထွက်ရန်နှင့် ၁၉၄၇ခု တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံး ဖြတ်ချက်အရ စောဘဦးကြီးသည် ဘုရင်ခံအမှုဆောင်အဖွဲ့ဝင် ဝန်ကြီးမှ ရာထူးကို စွန့်လွတ်၍ လူထုဆုံးဖြတ်ချက်ကို နာခံသည့် အနေနှင့် နှုတ်ထွက်ခဲ့သည်။
၄။ နိုင်ငံနှင့် လူမျိုးအတွက် ပစ္စည်းဥစ္စာကို စွန့်ခြင်း
တိုင်းပြည်ဆူပူချိန် မအူပင်ငွေတိုက်ကို ဖောက်ရာတွင် ကရင်လူငယ် (၁၉)ဦး ပါဝင်ခဲ့ရာ ၎င်းငွေများသည် ပြည်သူတစ်ရပ်လုံး ပိုင် ဆိုင်ကြောင်း၊ ကရင် ၁၉ဦးဟု ဆိုသော်လည်း ကရင်တစ်မျိုးသားလုံး နာမည်ပျက်စရာဖြစ်၍ ကေအဲန်ယူခေါင်းဆောင်များ ပြန် ဆပ်ရန်နှင့် မိမိကိုယ်တိုင် ဦးဆောင်၍ ဘဲဂရက်ရွာတွင် ပိုင်ဆိုင်ခဲ့သည့် လယ်ဧက (၁၀၀၀) ကို ရောင်းချ၍ ဆပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ အလုံရပ်ရှိ ကရင်အမျိုးသားကလပ်တွင် ဝန်ကြီးချုပ်ဦးနုကို ဖိတ်ကြားဧည့်ခံသည့် ထမင်းစားပွဲ၌ ပြောကြားခဲ့သည်။ အမျိုးသားရေး ဂုဏ်သိက္ခာကို မိမိပိုင်ပစ္စည်းဖြင့် စွန့်လွတ် အနစ်နာခံနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
၅။ ကရင်ပြည်သူများကို မျက်စိဖွင့်ပေးခဲ့ခြင်း
ကရင်လူမျိုးများအား ပြည်ထောင်စုအတွင်း အခြားတိုင်းရင်းသားများနှင့် တန်းတူအခွင့်အရေး ရရှိရန် ဥပဒေဘောင်အတွင်း ငြိမ်း ချမ်းစွာ တင်ပြတောင်းဆိုတတ်ရန် ၁၉၄၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် တစ်ပြည်လုံး ငြိမ်းချမ်းစွာ အောက်ပါအချက်များ ကို ဒီမိုကရေစီဘောင်အတွင်း ဆန္ဒဖော်ထုတ်တတ်ရန် မျက်စိဖွင့်ပေးခဲ့သည်။
၎င်းဆန္ဒဖော်ထုတ်ချက်များမှာ
(က) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ
(ခ) ကရင်ပြည် ချက်ချင်းပေး
(ဂ) လူမျိုးရေး အဓိကရုဏ်း အလိုမရှိ
(ဃ) ပြည်တွင်းစစ်အလိုမရှိ ဟူ၍ဖြစ်သည်။
လူမျိုးတမျိုး၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အကြမ်းဖက်မှုကို မလိုလားဘဲ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေး တောင်းဆိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများအား “ဗမာတစ်ကျပ် ရရင် မင်းတို့လည်း တစ်ကျပ် ရစေရမယ်။” “အဂင်္လိပ်ကျွန်က လွတ်မြောက်ပြီးရင် မင်းတို့ ဗမာကျွန်မဖြစ်စေရဘူး”ဟု ပြောခဲ့သည်။
(၆) စည်းရုံးနိုင်စွမ်းအား ရှိခြင်း
၁၉၄၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ တစ်ပြည်လုံးငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတွင် လူအင်အား (၄၅၄,၁၀၀) ပါဝင်ခဲ့သည်။ ကရင်အမျိုးသားခေါင်းဆောင်ထဲတွင် ကရင်ပြည်သူများကို စည်းရုံးနိုင်စွမ်းအား အကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။
(၇) အသက်ကို စွန့်ခြင်း
၁၉၅ဝခုနှစ်၊ ဩဂုတ်လ (၁၂)ရက် နံနက် ဝေလီဝေလင်းအချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးရွာ လယ်တဲ တစ်ခုအတွင်း စခန်းချနေစဉ် အမျိုးသားသစ္စာဖောက် ထီစွမ်းရွာသား မောင်အဲဆိုသူ၏ သတင်းပေးမှုကြောင့် နဘူးတွင် တပ် စခန်းချထားသည့် အစိုးရတပ်မှ သတင်းရရှိကာ ဝိုင်းဝန်းတိုက်ခိုက်လာသည်ကို လက်နက်ချ အညံ့မခံဘဲ ခုခံတိုက်ခိုက်ခဲ့ရင်း မိမိယုံကြည်သည့် အမျိုးသားတော်လှန်ရေးအတွက် အသက်စွန့်ခဲ့သည်။