ဇူလိုင် ၃ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကော့ကရိ်တ်-မြဝတီဒေသ အာရှလမ်းမပေါ်တွင် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)တို့အကြား ဇူလိုင် ၂ရက်နေ့မှစ၍ ဖြစ်ပွားလျှက်ရှိသည့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြေလျော့ရပ်ဆိုင်းရန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ MCC ခမ်းမ၌ ဇူလိုင် ၂ရက်နေ့က စတင်ကျင်းပခဲ့သည့် ကရင်အမျိုးသားအကြိုညီလာခံက ယနေ့ မေတ္တာရပ်ခံလိုက်သည်။
ငြိမ်းချမ်းရေးကို ရှေ့ရှု၍ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)အပါအဝင် ညီလာခံ တက်ရောက်သော ကိုယ်စားလှယ်များက ယင်းပစ်ခတ်တိုက်ခိုက်မှုကို ဖြေလျော့ရပ်ဆိုင်းပေးရန် နှစ်ဦးနှစ်ဖက် တာဝန်ရှိခေါင်းဆောင်များအား အနူးအညွှတ်မေတ္တာရပ်ခံကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWP) ဒုဥက္ကဋ္ဌနှင့် ဒီကေဘီအေ စစ်ဦးစီးချုပ်ထံသို့ ဇူလိုင် ၃ရက် နေ့စွဲဖြင့် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KUPC နာယကဆရာတော် အရှင်စန္ဒာဝရက “ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ နှစ်ဖက်တာဝန်ရှိသူတွေ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်ဆိုင်းပေးဖို ့ကရင်အမျိုးသား အကြိုညီလာခံကို အနယ်နယ်အရပ်ရပ်ကတက်ရောက်လာတဲ့ ကရင်ခေါင်းဆောင်တွေက အခုလို နှစ်ဖက်စလုံးကို မေတ္တာရပ်ခံလိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဒီကေဘီအေ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောမောင်လေးကလည်း “စစ်ရပ်စဲဖို့ တောင်းဆိုမှုအတွက် ကျနော်တို့ ဝမ်းသာစွာ ကြိုဆိုပါတယ်။ ကျနော်သိ ရသလောက် အစိုးရတပ်ပိုင်းခေါင်းဆောင်ကို ကျနော်တို့ဘက်ကလည်း လုံခြုံရေးယူပေးနိုင်ပါတယ်။ အခုဖြစ်တာက အောက်ခြေပိုင်း ညှိနှိုင်းလို့မရဘဲ ဖြစ်သွားတာပါ။ ဒီလိုညှိမရရင် နောက်တဆင့် ဆက်ညှိဖို့မလုပ်ဘဲ အခုလို ပစ်ခတ်တာက တိုက်ပွဲကို ပြန်လည်ဖြစ်လိုတာလား ကျနော်တို့ စဉ်းစားစရာဖြစ်လာပါတယ်”ဟု ယနေ ့ဆက်လက်ပြုလုပ်နေသည့် ညီလာခံတွင် တင်ပြခဲ့သည်။
ဇူလိုင် ၂ရက်နေ့မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်ဖက်က ၈၁-မမ ဟု ထင်ရသည့် လက်နက်ကြီးအလုံး တစ်ရာကျော်နှင့် ဇူလိုင် ၃ရက်နေ့တွင် ထပ်မံ၍ အလုံး ၆၀ကျော် ထပ်မံပစ်ခတ်ခဲ့သော်လည်း မိမိတို့အနေဖြင့် အေအာရ် ၇၉ ဖြင့်သာ ပြန်လည်ပစ်ခတ်ကြောင်း ဗိုလ်မှူးစောမောင်လေးက ဖြည့်စွက်ပြောဆိုသည်။
ယင်းထုတ်ပြန်လိုက်သည့် မေတ္တာရပ်ခံစာတွင် ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမပေါ်၌ ဇူလိုင် ၂ ရက်နေ ့ နံနက်ပိုင်း တွင် နယ်မြေခံ ဒီကေဘီအေနှင့် အစိုးရစစ်တပ်တို့ တိုက်ခိုက်ပစ်ခတ်မှုများဖြစ်ပွားနေသည်ကို ညီလာခံက ကြားသိရ ပြီး၊ ညီလာခံကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေးရှေ့ခရီးအတွက် များစွာစိုးရိမ်ပူပန်သလို ငြိမ်းချမ်းရေးကို ရှေးရူသောအားဖြင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဖြေလျော့ရပ်ဆိုင်းပေးရန် အနူးအညွှတ်မတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
KUPC ၏ စီစဉ်မှုဖြင့် ကရင်အမျိုးသားအကြို ညီလာခံကို ဇူလိုင် ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ရန်ကုန်မြို့၊ MCC ခန်းမ၌ပြုလုပ်နေပြီး ညီလာခံသို ့ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေး ပါတီများ၊ ကရင်ရေးရာဝန်ကြီးများ၊ နယ်ပယ်စုံကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၆၀ဝ ကျော် တက်ရောက်နေကြောင်း အခမ်းအနားစီစဉ်သူများထံမှ သိရသည်။
ဒီကေဘီအေနှင့် အစိုးရစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပေါ် ဖြေရှင်းညှိနှိုင်းသွားရန် ဒီကေဘီအေမှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယနေ့ နေပြည်တော်သို့ သွားရောက်နေပြီဖြစ်သည်ဟု သိရသည်။