မေ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်တွင် ဖောက်လုပ်နေသော မြဝတီ-ကော့ကရိတ် အာရှအဝေးပြေး ကားလမ်းတစ်လျှောက် အခွန်ကောက်ခံနေ သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်ဂိတ်များကို တစ်ဖွဲ့စီ သီးခြားအခွန်ကောက်ခံမှု မပြုလုပ်စေတော့ဘဲ အဖွဲ့စုံ ပူးပေါင်းထား သည့်ဂိတ်အဖြစ်သာ ထားရှိတော့မည်ဖြစ်ကြောင်း မေလ ၂၈ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ(၇)ဌာနချုပ်တွင် ပြုလုပ်သော ကရင့်လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီ၏ အရေးပေါ် အစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးတွင် ပါဝင်သူ KNU ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်က “အဲဒီလမ်းမှာ ဂိတ်တွေများလာတော့ သွား လာတဲ့လူထုတွေ ဒုက္ခရောက်တယ်။ အခက်အခဲတွေလည်းရှိတယ်။ ပြီးတော့ ကြည့်မကောင်း ရှုမကောင်းနဲ့ အဖွဲ့အစည်းတွေအ တွက်လည်း သိက္ခာမရှိတော့ဘူး။ အဲလိုတွေဖြစ်လာတော့ တိုင်ပင်ပြီး အခုလို ဆုံးဖြတ်လိုက်ရတာ”ဟု ကေအိုင်စီ သို့ ပြောသည်။
အရေးပေါ်အစည်းအဝေးတွင် အာရှအဝေးပြေးလမ်းကိစ္စ အပါအဝင် ကရင်လက်နက်ကိုင် အချင်းချင်းဖြစ်ပွားနေသော ပြဿနာ များနှင့် မူးယစ်ဆေးဝါးပြဿနာများကို ဆွေးနွေးခဲ့ကြပြီး KNU ဒုဥက္ကဋ္ဌ၊ KNLA စစ်ဦးစီးချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များအပြင် အခြားကရင်လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း ၆ဝနီးပါး တက် ရောက်ခဲ့ကြသည်။
ထိုသို့ဆွေးနွေးကြပြီးနောက် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ DKBA ၊ KNU/KNLA(PC) (၃)ဖွဲ့မှ ပူးပေါင်းဂိတ်အဖြစ် ကော့ကရိတ်ဘက်တွင်တစ်ဂိတ်နှင့် သကင်္န်းညီနောင်ဘက်တွင်တစ်ဂိတ်တွင် နှစ်ဂိတ် ထားရှိသွားမည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ဇွန်လဆန်းပိုင်းမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသစ်တစ်လျှောက် အစိုးရစစ်တပ် အပါအဝင် KNU၊ DKBA၊ KNU/KNLA(PC) စသည့် ကရင်လက်နက်ကိုင်အဖွဲ့များ မှ အခွန်ကောက်ခံသည့် ဂိတ်ပေါင်း (၈)ဂိတ် ခန့်ရှိနေကြောင်းသိရပြီး အခွန်ကောက်ခံမှုအပေါ် ခရီးသွားပြည်သူများ၏ ပြစ်တင် ဝေဖန်မှုနှင့် လက်နက်ကိုင်များချင်းချင်း ပြဿနာဖြစ်ပွားမှု အများဆုံးလမ်းလည်း ဖြစ်သည်။
“အဓိက လူထုတွေ တောင်းဆိုမှုနဲ့ ဝေဖန်မှုတွေရှိလာတဲ့အပေါ်မှာ ပူးပေါင်းဖို့သဘောတူဆုံးဖြတ်ကြတာပါ။ အဲဒီဟာက ကျနော် တို့အတွက်ရော၊ လူထုအတွက်ရော ကောင်းပါတယ်။ အောက်ခြေမှာလည်း ဒီကိစ္စကို ကျနော်တို့ချပြ ဆွေးနွေးသွားရအုံးမှာ ဖြစ် ပါတယ်”ဟု ပူးပေါင်းဂိတ်ထားရှိမည့်အပေါ် DKBA ကလို့ထူးဝါးဗျူဟာမှ ဗိုလ်မှူးချုပ်စောကျော်သက်က သူ့အမြင်ကို ပြောသည်။
ပူးပေါင်းဂိတ်အဖြစ် ထားရှိရန်အတွက် ကရင်လက်နက်ကိုင်အဖွဲ့များအချင်းချင်း ညှိနှိုင်းသဘောတူထားခြင်းသာဖြစ်ပြီး အစိုးရ စစ်တပ်ဂိတ်အနေဖြင့် ပူးပေါင်းပါဝင်မည် သို့မဟုတ် သီးသန့်ဂိတ်ထားရှိမည်ကို မသိရှိရသေးကြောင်း အစည်းအဝေးတက် ရောက်လာသည့် ကရင်နယ်ခြားစောင့်တပ်-BGF မှ အရာရှိတစ်ဦးက ပြောသည်။
အမည်မဖော်လိုသူ ကားသမားတစ်ဦးက “အဲလိုဖြစ်သွားရင်တော့ ကျနော်တို ့ကားသမားတွေရော ခရီးသည်တွေ သွားလာသူ တွေအတွက် ကောင်းတာပေါ့ဗျာ။ လက်ရှိမှာတော့ ဂိတ်က ၈ဂိတ်ရှိတုန်းပဲ။ KNU၊ DKBA၊ PC၊ စစ်တပ် တစ်ဂိတ်ကို တစ်ထောင် ပေးရတယ်။ ဒါပေမယ့် DKBA ဂိတ်က တစ်ထောင် မရဘူး။ နှစ်ထောင်တောင်းတယ်။ အထက်က အဲလိုပဲ ကောက်ခိုင်းတယ် လို ့ပြောတယ်။ နှစ်ထောင်မပေးရင် မသွားနဲ့တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင် ဖောက်လုပ်လာခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းသစ်ကို ယခုနှစ်တွင် ကားများ ဖြတ်သန်းသွားလာ၍ လမ်းဖောက်လုပ်ရေးကို အနှောက်အယှက်ဖြစ်စေခြင်းကြောင့် ကရင်လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီက မတ်လ ၄ရက်နေ့တွင် သွားလာခွင့် ပိတ်ထားခဲ့သည်။ သို့သော် မြန်မာစစ်တပ် အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့များက ဂိတ်များချထားကာ ဆက်သွားလာခွင့်ပေးပြီး ငွေကောက်ခံမှုများလာသည့်အပေါ် ခရီးသွား ပြည်သူလူထုက ဝေဖန်မှု များ ရှိလာခဲ့ခြင်းဖြစ်သည်။