ကရင်အမျိုးသားစီမံကိန်းနှင့် ပတ်သက်၍ မေလ ၆ရက်မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ တက် ရောက်ခဲ့သူအချို့က မိမိတို့ တင်ပြဆွေးနွေးခဲ့မှုများ၊ စီမံကိန်း အရေးပါမှုများ၊ ပါဝင်သင့်သည့်ကဏ္ဍများအပြင် မည်သည့်အချိန် အခါ၊ နေရာတွင် မည်သူက မည်သို့သောပုံစံဖြင့် ထည့်သွင်းရေးဆွဲသွားသင့်သည်ဟူသော ကိုယ်ပိုင် အမြင်သဘောထားများကို ကရင်သတင်းဋ္ဌာနက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ (စစ်ဦးစီးချုပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO)
အမျိုးသားနှီးနှောဖလှယ်ပွဲမှာ ကျနော့်အနေနဲ့ ကရင်အမျိုးသား စည်းလုံးညီညွတ်မှု အကြောင်းအရာတွေကို ပါဝင်ဆွေးနွေးဖြစ်ပါ တယ်။ နောက်ပြီး အပစ်ခတ်ရပ်စဲရေးကိစ္စရပ်တွေ အမျိုးသားစီမံကိန်းဆိုင်ရာကိစ္စရပ်တွေ နောက် ကရင်တစ်မျိုးသားလုံးရဲ့ အနာ ဂတ်အတွက် အကြောင်းတွေကိုလည်း ဆွေးနွေးဖြစ်ပါသေးတယ်။ ကျနော်တို့ကရင်လူမျိုးတွေ ညီညွတ်ရင် ကျနော်တို့တောင်း ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ ရမှာပေါ့။ အခု ကျနော်မြင်တာကတော့ ကျနော်တို့အတွက် အခြေအနေကောင်းတဲ့ အချိန်အခါပါပဲ။
အမျိုးသားစီမံကိန်းဆိုတာ အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။ အမျိုးသားစီမံကိန်း မရှိဘူးဆိုရင် လူမျိုးတစ်မျိုးဟာ ဖွံ့ဖြိုးတိုးတက်နိုင် မှာ မဟုတ်ဘူး။ အရင်တုန်းက အဖွဲ့အစည်းရဲ့ ဌာနအသီးသီး လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ ကရင့်အမျိုးသား စီမံကိန်းက အရေးကြီးလာတယ်။ အမျိုးသား ကျန်းမာရေး၊ အမျိုးသားလုံခြုံရေး၊ စားဝတ်နေရေး၊ လူမျိုးစုတစ်ခု ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသားရေး ခံယူချက်၊ အမျိုးသားရေး စိတ်ဓာတ်ရှိရမယ်။ အဓိကအားဖြင့် ကျနော်မြင်တာက ဒီအမျိုးသားလုံခြုံရေးက အဓိက ကျပါတယ်။ အဲ့ဒါတွေက အမျိုးသားစီမံကိန်းအပေါ်မှာ မှီခိုတယ်။ အခု ကျနော်တို့တိုက်ယူတာက အမျိုးသားဂုဏ်သိက္ခာအရ။ ဥပ မာ အမျိုးသားအသိအမှတ်ပြုမှု မှတ်ပုံတင်မရှိဘူးဆိုရင် အုပ်ချုပ်မှုပြုနိုင်မှာ မဟုတ်ဘူး။
ဒီအမျိုးသားစီမံကိန်းကို ရေးဆွဲတဲ့နေရာမှာ ပြည်တွင်းပြည်ပ ကရင်အဖွဲ့စည်များနဲ့ ကေအဲန်ယူကနေ တာဝန်ယူ လုပ်ဆောင်ရ မယ်။ ကေအဲန်ယူကနေ အမျိုးသားစီမံကိန်းဆိုင်ရာဌာန(Karen National Plan Ministry)ကို ဖွဲ့စည်းပြီးတော့ အမျိုးသားမှတ်ပုံ တင်ကို ရှိအောင်လုပ်ရမယ်။ ဒီလိုအမျိုးသားစီမံကိန်းမျိုးက ကျနော်တို့ ကရင်လူမျိုးတွေမှာ တိတိကျကျ မရှိသေးဘူးဆိုတော့ ဒါ ကို အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်သင့်တယ်။ ဒီအမျိုးသား စီမံကိန်းရေးဆွဲတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး စီးပွားရေး စသည်အားဖြင့် ကဏ္ဍအသီးသီး ပါဝင်သင့်တာပေါ့။ အဲ့ဒါတွေကလည်း ကေအဲန်ယူရဲ့ ဌာနအသီးသီးမှာ ရှိနှင့်ပြီးဖြစ်ပေ မဲ့ ကနဦး ကျနော်ပြောခဲ့သလို နောက်ထပ် အသစ်ဖွဲ့စည်းသင့်တဲ့ (Karen National Plan Ministry) ရဲ့ လုပ်ဆောင်မှုအောက်မှာ အတည်တကျ ရှိသင့်တယ်။ ဒီဌာနရှိပြီးဆိုရင် လုပ်ဆောင်လို့ရပြီး။ အဓိက ကတော့ အမျိုးသားမှတ်ပုံတင် ရှိဖို့ပါပဲ။ ဒါမှ ဘယ်နေ ရာသွားသွား၊ ဘာတွေပဲလုပ်လုပ် ကိုယ့်ကို ကရင်ဆိုတာ သိကြမယ်။ အခုလက်ရှိမှာ ကေအဲန်ယူလက်အောက်ခံဋ္ဌာနတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး စတာတွေကို တိတိကျကျ ကောင်းမွန်စွာ၊ ကြီးမားကျယ်ပြန့်စွာ လုပ်ဆောင်ဖို့ (Ministry) တစ်ခုရှိုရင် ကောင်းပါလိမ့်မယ်။ နောက်ဆုံးပြောချင်တာက ကရင်လူမျိုးတွေမှာ ကရင်ပြည်လို့ခေါ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အုပ်ချုပ်နယ်မြေဒေသ၊ ပြည်နယ်ဖွဲ့စည်းပုံ ရှိရမယ်။ ဒါမှမရှိရင် လူမျိုးတစ်မျိုးလို့ သတ်မှတ်နိုင်မှာ မဟုတ်ဘူး။
————————————————————
ဆရာမနော်ထူးခူဆာ့စေး (ကရင့်ရေးရာဌာနမှူး- UK)
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာ အချက်ပေါင်း ၈ချက်၉ချက်လောက်ကို ကျမတို့ ဆွေးနွေးဖြစ်သွားတယ်။ ပညာရေး၊ အမျိုး သားလုံခြုံရေး၊ နိုင်ငံရေးအကြောင်းအရာတွေ၊ ကရင်နယ်မြေဒေသရေးရာကိစ္စရပ်တွေ၊ ကရင်အမျိုးသားကျန်းမာရေး၊ အမျိုးသား စီးပွားရေး၊ ကရင့်ရေးရာ၊ သတင်းမီဒီယာကဏ္ဍနဲ့ ကျန်တဲ့ကဏ္ဍတွေလည်း ဆွေးနွေးဖြစ်သွားတယ်။ ကျမတို့ ကရင်အမျိုးသား တစ်ရပ်အနေနဲ့ တစ်မျိုးသားလုံးရဲ့ အကြောင်းအရာ၊ တိုးတက်ဖွံ့ဖြိုးမှု၊ အကျိုးရှိမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေက တကယ့်ကို အရေး ကြီးတဲ့ အကြောင်းအချက်တွေပါ။ ကျေကျေလည်လည်ကို ဆွေးနွေးသင့်တဲ့ တကယ့်အစည်းအဝေးတစ်ရပ်အနေနဲ့ မရှိမဖြစ် ရှိကိုရှိရမဲ့ အရမ်းကိုအရေးကြီးတဲ့ အစီအစဉ်လို့ မြင်မိတယ်။
ဒီအမျိုးသားစီမံကိန်းရေးဆွဲတဲ့နေရာမှာ ကရင်တစ်မျိုးသားလုံးအနေနဲ့ ပါဝင်သင့်တယ်။ ဘာဖြစ်လဲဆိုတော့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တာကြောင့် ဖြစ်နိုင်ရင် တစ်မျိုးသားလုံးပါဝင်ပြီး ဝင်ရောက်ဆွေးနွေး အကြံပြုစေချင်တယ်။ တစ်မျိုးသားလုံး ရောက်ရာ နေရာကပြန်လာပြီး စုဝေးဆွေးနွေး စီစဉ်ဆောင်ရွက်မှုပြုဖို့ဆိုတာ တကယ့်ကိုခက်ခဲတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကရင် ပညာရေးအဖွဲ့အစည်းတွေ၊ ကရင်ကျန်းမာရေးအဖွဲ့အစည်းတွေ ဒီထက်မက အတွေအကြုံရင့် ခေါင်းဆောင်တွေ၊ ကရင့်ကာကွယ် ရေးအဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်းအားလုံးရဲ့ ကိုယ်စားလှယ်အကုန်လုံး ပြည်တွင်းပြည်ပ ကရင်ပညာရှင်တွေ အတွေ့အကြုံ များတဲ့သူတွေအားလုံး ပူးပေါင်းပါဝင်သင့်တယ်လို့ ကျမမြင်မိပါတယ်။
ဒီလိုရေးဆွဲတဲ့နေရာမှာ အဖွဲ့အစည်းတစ်ခုကနေပြီး လွှမ်းမိုးထားတာမျိုးကို လုံးဝ မဖြစ်သင့်ပါဘူး။ ကိုယ့်တမျိုးသားလုံးရဲ့ ရှေ့ရေး ကို ဖော်ဆောင်တာဖြစ်တာကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့သွားရမယ်ဆိုတာ ရွေးကောက်တင်မြှောက်ရမယ့် အဖွဲ့အစည်းကိုု ဖြစ်စေချင်တာက ကိုယ့်ကရင်လူမျိုးတွေကို ပြန်လည်စီမံအုပ်ချုပ်နိုင်မဲ့၊ ရှေ့ဆောင်လမ်းညွန်တဲ့ စည်းမျဉ်းဥပဒေနဲ့မှ ကိုယ့်ကရင် လူမျိုးတွေအတွက် အထောက်အပံ့တစ်ခု ဖြစ်လာလိမ့်မယ်။
ပါဝင်သင့်တဲ့၊ ထည့်သွင်းရမဲ့ အကြောင်းအရာတွေကို ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုမဲ့ အဖွဲ့အစည်းကနေပြီး ရေးဆွဲပြီး တော့ တခြားကရင်အဖွဲ့အစည်းတွေကို ပြန်ဖြန့်ဝေပေးတာ ဘယ်အကြောင်းအရာ၊ ဘယ်ကဏ္ဍတွေကို ထပ်မံ ထည့်သွင်းသင့်သ လဲ၊ ပယ်ဖျက်သင့်သလဲဆိုတာ ဆန်းစစ်ပြီး နောက်တစ်ဆင့်မှာ ကိုယ်စားပြုအဖွဲ့အစည်းတွေက ပြန်လည်ဝေဖန်ဆန်းစစ်၊ လက်ခံ ကြမလဲဆိုတာ ကရင့်တစ်မျိုးသားလုံးရဲ့ ကံကြမ္မာဖြစ်တာကြောင့် တိတိကျကျကို လုပ်ဆောင်သင့်တယ်။ ကိုယ့်ကရင်လူမျိုးတွေရဲ့ ကံကြမ္မာဖြစ်တာကြောင့် ကိုယ့်ကရင်ခေါင်းဆောင်တွေ ကိုယ့်လူမျိုးကို အုပ်ချုပ်တာပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တကယ်လို့ ညီလာခံကို မြန်မာပြည်တွင်းထဲ ပြန်လုပ်မယ်ဆို လူတစ်စုတစ်ဖွဲ့ရဲ့ လမ်းညွန်မှုအောက်မှာပဲ လုပ်ရတာကို ကျမတို့ မလိုလားဘူး။ ကျမတို့လိုလားတာ လွတ်လပ်တဲ့ အခြေအနေမှာပဲရှိစေဖို့ပဲ။ ကရင်ပြည်နယ်မှာ ဥပမာ ကျမတို့ ဒီလိုအမျိုးသားနှီးနှောဖလှယ်ပွဲ နေရာမှာ လာရောက်ကျင်းပရင်တော့ အဆင်ပြေပါလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။ ကျမတောင်မှ အရမ်းဝေးကွာတဲ့ တိုင်းတ ပါးကိုရောက်နေပြီး ကျန်းမာရေးမကောင်းတဲ့ကြားက ရောက်အောင်ပြန်လာနိုင်ရင် ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေအ နေနဲ့ ကိုယ့်လူမျိုးကို အမှန်တကယ် ချစ်တဲ့သူတွေဆိုရင် လာနိုင်သင့်တယ်။
နော်စူစန်နာလှလှစိုး (ကရင်စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ-KUPC)
ကျမ မိခင်အဖွဲ့အစည်းကတော့ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖြစ်ပါတယ်။ ဒီကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို KUPC ကိုယ်စား လာတက်ရောက်ခြင်းဖြစ်တာကြောင့် ပြီးခဲ့တဲ့ မေလ ၁ရက်နေ့တုန်းက ပဲခူးမှာလုပ်တဲ့ အစည်းအဝေးမှာ တင်သွင်းဖို့ စာတမ်းဆွဲခဲ့တယ်ပေါ့။ အဲဒီမှာ လူမှုရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ စာတမ်းတွေကို လာရောက်တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ကရင် အမျိုးသားစီမံကိန်းဆိုတာ အရမ်းအရေးပါတဲ့အတွက်ကြောင့် အသက်သွေးကြောလို့တောင် ကျမ တင်စားပြောချင်ပါတယ်။ ကျမတို့မှာ စီမံကိန်းမရှိဘူးဆိုရင် ညီညွတ်မှုလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ အရေးပေါ်အစည်းအဝေးလေးတွေပဲ လုပ်နေမယ်။ တခါတလေ ပွဲတော်လေးတွေမှာပဲ တွေ့ဆုံကြမယ်ဆိုရင် ဒီတွေ့ဆုံမှုလေးတွေဟာ အားမဖြစ်လာဘူးပေါ့နော်။ တွေ့ဆုံရ၊ ရင်းနှီးရ တယ်ဆိုတာကတော့ ကောင်းတယ်။ သို့ပေမယ့် နောက် ငါးနှစ်မှာ ဘာဖြစ်မယ်၊ နောက်ထပ် ဆယ်နှစ်မှာ ဘာဖြစ်ရမယ်လို့ ချမှတ်နိုင်တာမျိုး မရှိဘူးဆိုရင် ကျမတို့တစ်မျိုးသားလုံးအနေနဲ့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ အင်မတန်မှ ခက်ခဲပါမယ်။ တစ်ဦးတစ် ယောက်တည်းအနေနဲ့ ပညာရေးရော၊ စီးပွားရေးရော ကိုယ်တိုင်ကြိုးစားလို့ တက်ရင်တက်သွားမယ်။ ဒါပေမယ့် ကရင်တစ်မျိုး သားလုံးအနေနဲ့ စဉ်းစားမယ်ဆိုရင်တော့ ဒီအမျိုးသားစီမံကိန်းဆိုတာ ရှိကိုရှိသင့်ပါတယ်။
ဒီလိုစီမံကိန်းမျိုးကိုရေးဆွဲကြမယ်ဆိုရင် လူထုတွေဆီကနေ ဘာတွေလိုအပ်တယ်ဆိုတဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဖရိန်(Frame) လေးတွေ ကျလာမယ်လို့ထင်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ပညာရှင်တွေလိုအပ်မှုက အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆို ရင်တော့ ပြည်တွင်းပြည်ပပညာရှင်တွေ ပေါင်းစပ်လုပ်ဆောင်မှသာလျှင် အရမ်းအောင်မြင်တဲ့ရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါ တယ်။ တင်ပြဆွေးနွေးပြီး လက်ငင်း အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ဖက် မှာ ပြည်သူလူထုကလည်း နားလည်ရမယ်။ ဒီစီမံကိန်းဟာ တစ်မျိုးသားလုံးအတွက် ဘာကြောင့်အရေးကြီးလဲဆိုတာ ကိုယ်တိုင် လည်း သိထားရမှာဖြစ်ပါတယ်။ ပညာရှင်တွေ ရေးဆွဲပေးလို့ လိုက်လုပ်ရတယ်ဆိုတာမျိုး မဖြစ်ရပါဘူး။ ဒီစီမံကိန်းဖရိန်တွေကို ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက တင်ပြထားတာကို ပညာရှင်တွေက ပြန်လည်ရေးဆွဲပေးပြီးတာကို ကျမ တို့ အကောင်အထည်ဖော်တယ်ဆိုတာမျိုး ဖြစ်ရပါမယ်။ ပညာရှင်တွေက ချမှတ်ပေးတာကို ကျမတို့လိုက်လုပ်ရမှာ မဟုတ်ပါဘူး။
ဒါကို မြန်မြန် အကောင်အထည်ဖော်သင့်တယ် ထင်ပါတယ်။ ကေအဲန်ယူ(၁၅)ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတယ်။ အမျိုးသားစီမံကိန်းဆိုပြီး အတည်ပြုထားတယ်။ အခုဆို လေးနှစ်ရှိပြီ။ လေးနှစ်အတွင်းမှာ နှောင့်နှေးနေတယ်။ မဖြစ်သေးဘူး။ စစ်ပွဲတွေဖြစ်နေလို့၊ အခွင့်အရေးမပေးလို့ဆိုတဲ့ တခြားအကြောင်းပြချက်တွေလည်း ကျမတို့ လက်မခံနိုင်ပါဘူး၊။ ဘယ်လိုပဲ ပြေး ရလွှားရ၊ ဘယ်လိုအခက်အခဲပဲရှိရှိ၊ ဒါကို လုံးဝ ချက်ချင်း အကောင်အထည်ဖော်ပြီး ရေးဆွဲသင့်နေပြီလို့ ကျမထင်ပါတယ်။ ဒီစီမံ ကိန်းထဲမှာဆိုရင် နိုင်ငံရေးမူဘောင်ဆိုတဲ့ဟာက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လက်တွေ့ ကျမတို့အမျိုးသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ကျမတို့နိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲသည် နိုင်ငံရေးအကြပ်အတည်းဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံရေးမူဘောင်ကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ချမှတ်ပြီးတော့ ကျမတို့ ရှင်းရှင်းလင်းလင်း သိနားလည်ရမယ်။ ပြီး တဲ့အခါ စီးပွားရေးပေါ့။ လူမျိုးတစ်မျိုးသည် စီးပွားရေးမကောင်းဘဲနဲ့ ဘယ်လိုမှမရပ်တည်နိုင်ဘူး။ စီးပွားရေးစီမံကိန်းတွေကို ရှင်း ရှင်းလင်းလင်း ချမှတ်ပြီးတော့ အဲဒီအတိုင်း ကျမတို့လုပ်ဆောင်ရပါမယ်။ နောက်ပြီး ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတာ တွေလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အခုနကပြောတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကတော့ အရင်ဆုံး မဖြစ်မနေ လုပ်ဆောင်သင့် တယ်လို့ထင်ပါတယ်။ ဒီနှစ်ခုစလုံးဟာလည်း တောက်လျှောက်လုပ်သွားရမယ့် အရာတွေဖြစ်ပါတယ်။
အဲဒီအပြင် တခြားအရာတွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားရပါမယ်လို့ ယူဆပါတယ်။ အဲဒီလို ကဏ္ဍတိုင်းတွေမှာ ကျမတို့ အမျိုးသမီး၊ လူငယ်ကဏ္ဍတွေ၊ ကလေးသူငယ် စတဲ့ကဏ္ဍတွေဟာ ပါဝင်သင့်ပါတယ်။ ဥပမာ ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် အမျိုးသမီးအကြောင်းတွေပေါ့။ လူငယ်ဆိုရင် မူးယစ်ဆေးဝါးအကြောင်းပေါ့။ ကလေးသူငယ်ဆိုရင်လည်း နှီး နှောဖလှယ်ပွဲမှာ ကရင့်ကျန်းမာရေးဌာနက တင်ပြခဲ့တာဆိုရင် အရမ်းစိုးရိမ်စရာကောင်းပါတယ်။ ကလေးတွေရဲ့ ကာကွယ်ဆေး ထိုးနှုန်းဟာ ၁၇ရာခိုင်နှုန်းပဲရှိပါတယ်။ ဒီကလေးတွေကို ရာနှုန်းပြည့် ကျန်းမာရေးကာကွယ်ဆေးတွေ မထိုးနိုင်လို့ရှိရင် ကျန်းမာ သန်စွမ်းတဲ့ ကရင်အနာဂတ်ကို ကျမတို့ ဘယ်လိုတည်ဆောက်မလဲ။ အဲဒီတော့ အမျိုးသမီးရေးရာ၊ လူငယ်နဲ့ ကလေးသူငယ် ကိစ္စတွေကို Cross Cutting အနေနဲ့ ထည့်သွင်းသင့်ပါတယ်။