အသက် ၂၅နှစ်အရွယ် ကရင်အမျိုးသမီးငယ် နော်ပုလဲမူးဟာ ၂၀၁၁ခုနှစ်မှာ ဥပဒေဘွဲ့(LLB)ကို အဝေးသင်ပညာရေးနဲ့ တောင်ငူ မြို့မှာ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမမွေးရပ်ဇာတိ တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၅) မှာ သူငယ်တန်းကစပြီး ပညာသင်ကြားခဲ့တာ ၂၀၀၈ခုနှစ် ဆယ်တန်းအောင်တဲ့အထိပါပဲ။ သူမမိဘတွေဟာ စောစမူရနားနဲ့ နော်ဂေးထူးတို့ဖြစ်ကြပြီး မွေးချင်းငါးဦးထဲမှာ စတုတ္ထမြောက်သမီးပါ။ ဝါသနာအရင်းခံက လူမှုရေးလုပ်ငန်းကို စိတ်အားထက်သန် ပေမဲ့ ဥပဒေပညာပေးနဲ့ တေးဂီတကိုလည်း ခုံမင်သူတစ်ယောက်ပါ။
“မိဘတွေက ပညာရေးမှာလည်း ဦးစားပေးတော့ ပညာတတ်တစ်ယောက် သူတို့ အရမ်းဖြစ်စေချင်တယ်လေး။ ဒါကြောင့်လည်း ရသမျှအချိန်နဲ့ အခွင့်အရေးကို မလွတ်တမ်း သင်ယူခဲ့ပါတယ်။”လို့ သူမက ပြောပါတယ်။
လူမှုကူညီရေးကို စိတ်အားထက်သန်တဲ့ သူမအနေနဲ့ ၂၀၀၈ကစပြီး ကျေးလက်လူမှုဖွံ့ဖြိုးရေးဆိုင်ရာ လူမှုရေးလုပ်ငန်းတွေမှာ စတင် ပါဝင်လုပ်ဆောင်ခဲ့တယ်။ ၂၀၁၃ခုနှစ်မှာ မုန်ညှင်းစေ့-ကျေးလက်လူမှုဖွံ့ဖြိုးရေးအဖွဲ့(MRSDO)ကို ကိုယ်ပိုင်အဖွဲ့အစည်းအ နေနဲ့ စီမံကိန်းညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူ လုပ်ဆောင်ပေးနေတယ်။ ဒီအဖွဲ့က အဓိကအားဖြင့် ကိုယ့်လူမျိုးအတွက်ကို ရည် ရွယ်တာဖြစ်သလို အခုလက်ရှိမှာလည်း ကိုယ့်လူမျိုးတွေကို တစ်ထောင့်တစ်နေရာမှာ အကျိုးပြုနိုင်မဲ့ ကရင်ရှေ့နေများကွန်ယက် (Karen Lawyer Network – KLN)နဲ့လည်း သူမ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
နော်ပုလဲမူးအနေနဲ့ ကိုယ့်လူမျိုးအပေါ် ချိုးနှိမ်တာမျိုး၊ ကိုယ့်လူမျိုးတွေကို ဖိနှိပ်ချုပ်ချယ်တာမျိုးကို မနှစ်သက်တဲ့ ခံယူချက်လေး ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ကျော်က ဖြစ်ပျက်တဲ့ ဒုက္ခတွေကြုံတွေ့ရတာမျိုး ကိုယ့်လူမျိုးတွေကို ပြန်မရောက်စေချင်တာ ကြောင့် အခု လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ သူမ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီ လုပ်ဆောင်ပေးနေတာ လို့ ဆိုပါတယ်။
သူမတို့ရဲ့ (MRSDO) အနေနဲ့ အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်းပြု ငွေစုငွေချေးလုပ်ငန်းတွေကို လိုက်လံဆောင်ရွက်ပေး တယ်။ နောက်ပြီး ကျေးလက်စီမံကိန်းဒေသတွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ကျန်း မာရေး၊ လက်မှုပညာလုပ်ငန်းတွေမှာ အသိပညာပေးသင်တန်းတွေနဲ့ ပညာရေးမှာ အမှန်တကယ် ပညာသင်ယူဖို့ လိုအပ်တဲ့ ကလေးသူငယ်လေးတွေကို မူလတန်းအဆင့်အထိ မသင်မနေရ ပုံစံမျိုးနဲ့ ကျမတို့အနေနဲ့ လိုက်လံကူညီဆောင်ရွက်ပေးပါတယ်။
အခုလို တိုးတက်နေတဲ့ ခေတ်ကာလအရ ကရင်လူငယ်တွေအနေနဲ့ တတ်နိုင်သမျှ ပညာရပ်တွေကို လေ့လာသင်ယူပြီး တခြား လူမျိုးတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့လိုတယ်။ နောက်ပြီး ကြိုးစားသင်ယူသမျှကိုလည်း ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ကိုယ့် လူမျိုးတွေအတွက် အကာကွယ်ပေးနိုင်တဲ့ ပညာရပ်တွေ၊ မြှင့်တင်ပေးနိုင်မဲ့ ပညာတွေသာမက ခေတ်နဲ့လျော်ညီတဲ့ နည်းပညာ ရပ်တွေကို သင်ယူပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ပြန်လည်အသုံးချဝေမျှတာမျိုးကို ဖြစ်စေချင်တယ်လို့ သူမက ဆိုပါတယ်။
“ကရင်လူငယ်တွေအနေနဲ့ မျိုးချစ်စိတ် အစဉ်နိုးကြားပြီး ကျရာကဏ္ဍတွေမှာ ပါဝင်ကူညီဆောင်ရွက်နိုင်ဖို့ ကိုယ်ရောက်နေတဲ့ နေရာမှာ ရပ်တန့်မနေဘဲ လှေကားထစ်လို တဆင့်ပြီးတဆင့် မြင့်သထက်မြင့်အောင် ဆက်လက်သင်ယူစေချင်တယ်။ ဒါမှ တစ် နေ့ကျရင် ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်မယ်။ ကိုယ့်ကရင်အမျိုးသားရဲ့ အလံတော်ကို ကိုယ့်လူမျိုးသာမက တခြားသူတွေ ပါ လေးစားတန်ဖိုးထား အလေးပြုရတဲ့ပုံစံမျိုးကိုု မြင်ချင်တာကတော့ ရင်ထဲကဆန္ဒပါ။”