Home ထိပ်တန်းသတင်း မှိုင်းကံဒေသ မြေလွတ်အတွင်း ကုမ္ပဏီများ ဝင်ရောက်လုပ်ခွင့်တောင်းသည့်အပေါ် ဒေသခံများ ကန့်ကွက်

မှိုင်းကံဒေသ မြေလွတ်အတွင်း ကုမ္ပဏီများ ဝင်ရောက်လုပ်ခွင့်တောင်းသည့်အပေါ် ဒေသခံများ ကန့်ကွက်

398

မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မှိုင်းကံဒေသအတွင်းမှာရှိသည့် ဒေသအပိုင် မြေလွတ်သစ်တောတွင် ကုမ္ပဏီများမှ နှစ်ရှည်ခံ သီးပင်များစိုက်ပျိုးရန် ဝင်ရောက်လျှောက်ထားခွင့်ကို မလိုလားကြောင်း ဒေသခံများ ပူးပေါင်း၍ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနမှူး ထံသို့ မေလ ၂၇ရက်နေ့တွင် ကန့်ကွက်စာ တင်လိုက်ကြောင်း သိရသည်။

မှိုင်းကံကျေးရွာအုပ်စု ပတုပ်အရှေ့ကွင်းအတွင်းရှိသော (မြေလွတ်/မြေရိုင်း)များကို ကုမ္ပဏီအချို့မှ ရာဘာနှင့် အခြားနှစ်ရှည်ခံ သီးပင်များစိုက်ပျိုးရန် ကရင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုလျှင် ကန့်ကွက်နိုင်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာမှူးက မှိုင်းကံကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ စာပို့လာသည့်အတွက် ဒေသခံများအနေဖြင့် ထိုသို့ ကန့်ကွက်စာတင်ခဲ့ခြင်းဖြစ်သည်ဟု မှိုင်းကံကျေးရွာ အုပ် ချုပ်ရေးမှူး စောအကျော်က ပြောသည်။

“ဒီမြေတွေက အမှန်တော့ ဒေသပိုင်မြေတွေမှာ ကျနော်တို့လည်း စိတ်ထင် အရင် DKBA က ဗိုလ်မှူးဘသိန်းဆီမှာ စာချုပ်စာ တမ်းတွေနဲ့ဝယ်ပြီးထင်လို့၊ ဒါပေမယ့် အခုရုံးက စာပြန်ရောက်လာတော့ သူတို့က မြေလွတ်မြေရိုင်းတွေကိုလုပ်ဖို့ လျှောက်ထား ခွင့်တုန်း၊ ဘာမှမပိုင်သေဘူးတုန်း။ အခုသိလာရတယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေကလည်း အဲဒီမြေတွေ ပြန်ယူချင်တယ်။ လုပ်ပိုင်ခွင့်မပေးလို့ ကန့်ကွက်တာ ဖြစ်တယ်”ဟု စောအကျော်က ကေအိုင်စီသို့ ပြောသည်။

မှိုင်းကံရွာမှ စောအဒွီးကလည်း “ကျနော်တို့က ဒီသစ်တောတစ်တောကိုပဲ ပြန်မှီခိုရတာ။ ဒီသစ်တောမရှိတော့ရင် ကျနော်တို့ ဒီထဲက ထင်းတွေ၊ ဖက်တွေ၊ မှိုတွေ၊ တို့စရာတွေ ရှာလို့ရမှာ မဟုတ်ဘူး။ တကယ်လို့ ကုမ္ပဏီတွေ ဝင်ရောက်ရင် ကျနော်တို့ လည်း လွတ်လပ်သွားလို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့် သူတို့ဒီမှာဝင်တာကို ကျနော်တို့ ကန့်ကွက်တယ်”ဟု ဆိုသည်။

၎င်းဒေသ၌ လတ်တလော လုပ်ပိုင်ခွင့်လျှောက်ထားရာတွင် ဦးငြိမ်းချမ်းမြင့်၊ ဦးကျော်လွမ်းမိုင်း၊ ဒေါ်စုဝင်းသိန်း၊ ဒေါ်ဌေးဌေးရီ၊ ဦးလှမင်းပိုင်၊ ဒေါ်မိုးမိုးဦး၊ လွမ်းမိုးဟိန်းကုမဏီ၊ ဦးကျော်သိန်းနှင့် ဒေါ်သိမ့်သိမ့်ဦး စသည့် ၉ဦးတို့က လျှောက်ထားခွင့်ရှိပြီး စုစု ပေါင်း (၄၆၉.၈၃)ဧက ရှိသည်ဟု မြို့နယ်မြေစာရင်းရုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးပို့သည့်စာအရ သိရသည်။

ထိုမှိုင်းကံဒေသအတွင်း၌ လက်ရှိအချိန်တွင် ကုမ္ပဏီဘက်မှ တရားဝင်လုပ်ပိုင်ခွင့် လျှောက်ထားချိန်သာရှိသော်လည်း တစ်ဖက် တွင် ကျော်လွမ်းမိုးကုမ္ပဏီမှ ယခု ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ရက်နေ့က ကလောပီနံ စိုက်ပျိုးရန် လုပ်ငန်းစတင်နေပြီဟုလည်း သိရသည်။

ယင်းကိစ္စအပေါ် ကျော်လွမ်းမိုးကုမ္ပဏီ ဆိုက်တာဝန်ခံ ကျော်စွာထက်က “ဒီကုမ္ပဏီက ဒီမှာလျှောက်တာ ၅၀၀ ဧက လျှောက် တယ်။ ဘာအတွက် လျှောက်လဲဆိုတာကတော့ အခု ကလောပီနံတွေ စိုက်တယ်။ ဒီနှစ် မှီသလောက်စိုက်မယ်။ မမှီရင်တော့ နောက်နှစ်တွေ မျိုးပွားပြီးပြန်စိုက်မယ်။ ကျနော်ကတော့ ဒီလျှောက်ထားတာ ကြာပြီ။ လုပ်ငန်းစတာက၂လပိုင်း ၁၄ရက်နေ့မှာ လုပ်ငန်းစတယ်”ဟု ပြောသည်။

လုပ်ကိုင်ခွင့် ရရှိရန် မြို့နယ်မြေစာရင်း ဦးစီးဌာနသို့ လျှောက်ထားသည့် မှိုင်းကံဒေသသစ်တောအတွင်း မှိုင်းကံ၊ ထီးဖိုးလုံး၊ ပေါ့ ထော်၊ မိဇံ၊ ကော့ကူး စသည့်ကျေးရွာများမှ ဒေသခံများမှာ ရာသီအလိုက်ထွက်သည့် သဘာဝသီးနှံ၊ ဟင်းသီးဟင်းရွက်များနှင့် ထင်းများရရှိရေးအတွက် ထိုသစ်တောကို မှီခိုနေရကြောင်းလည်း ကန့်ကွက်စာတွင် ထည့်သွင်းဖော်ပြထားသည်။