စောရန်နိုင် (ခ) စဝ်အဲဖါန် ၁၆နှစ်
ဇာတိ ကော့ကရိတ်မြို့နယ်၊ နောင်တမံကျေးရွာ။
ပညာအရည်အချင်း ခြောက်တန်း
ကော့ကရိတ်မြို့နယ်၊ နောင်တမံကျေးရွာသား စောရန်နိုင် (စောအဲဖေါင်)ဟာ စောကျော်ဖေါ်၊ နန်းမူ့မူ့တို့ရဲ့ မွေးချင်း လေးယောက် မှာ အကြီးဆုံးသားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကျော်က ခြောက်တန်း(ဆဋ္ဌမတန်း)နဲ့ ကျောင်းထွက်ခဲ့တယ်။ ဖူခွါ ့(ညီလေး) ငယ် ဘဝက အပျော်သက်သက်ပါပဲ။ ညလုံးပေါက် သူငယ်ချင်းတွေအိမ် လျှောက်လည်တယ်။ ရှိသမျှ ဇာတ်ပွဲတွေ လိုက်ကြည့်တယ်။ ကျောင်းတက်ရတာထက် ကျွဲကျောင်းချင်စိတ်က ပိုများနေပါတယ်။ အဖိုးက ကော်သူးလေစစ်သားဆိုတော့ အဖိုးနဲ့အဖွားက တောထဲမှာနေတာများတယ်။ တစ်နေ့မှာ အဖိုး ပြန်လာလို့ လယ်လုပ်ခိုင်းတော့ တစ်ရက် နှစ်ရက် လယ်ထဲဆင်း အလုပ်လုပ်တာ ခါးကိုဆန့်လို့ မရတော့ဘူး။ အရမ်းပင်ပမ်းတယ်။ အဲဒီအခါမှ ထမင်းတစ်လုပ်ဟာ မလွယ်ဘူးဆိုတာ စသိလာပြီး စာကြိုးစားချင် စိတ်တွေလည်း ပေါ်လာတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တာရယ်၊ အိမ်ကို တဖက်တလမ်းကနေ ကူညီဖို့အတွက် ဘန် ကောက်တက်ဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။
ဘန်ကောက်ကို အောက်လမ်း(နယ်စပ်လမ်း)ကနေလာတာ ရောက်ပြီး သုံးလအထိ အိမ်ခန်းထဲမှာ ပိတ်ပြီး ရဲရှောင်ရတယ်။ နောက်မှ တနှစ်ခွဲလောက် အလုပ်လုပ်ပြီး ခရီးစရိတ်နဲ့ အခြားစရိတ်တွေအတွက် အကြွေးတွေဆပ်ရတယ်။ ဒီလို သူများနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့လူတွေမှာ အဓိကတော့ စိတ်ထွက်ပေါက်နဲ့ ကျေနပ်နှစ်သိမ့်မှုကို ဘယ်မှာရှာမလဲ ဆိုတာ ပါပဲ။ ဖူးခွါ့တို့လုပ်ရတဲ့အလုပ်တွေက အသက်အရွယ်နဲ့ မမျှအောင် စိတ်ရောလူရော ပင်ပမ်းပါတယ်။ အဲလိုဖြစ်လာတော့ တစ်ချို့ လူငယ်တွေဆို ရည်းစား တစ်ယောက်ပြီးတစ်ယောက်ထားမလား။ အားကစားလုပ်မလား၊ အုပ်စုဖွဲ့ပြီး အားစမ်းမလား။ စာဖတ်မ လား၊ စကားစုဖွဲ့ပြောမလားပေါ့။ အဲဒီမှာ ခက်ခဲတာက ညနေအလုပ်အပြီး စာကြည့်တိုက်သွားချင်ရင် အနီးအနားမှာ မရှိဘူး။ ပြောချင်တာက ကိုယ့်အနီးအနားမှာကောင်းမွန်တဲ့ စိတ်ထွက်ပေါက်ပေးနိုင်တဲ့ အစုအဖွဲ့၊ နေရာတွေ အရမ်းနည်းပါတယ်။
ပြီးခဲ့တဲ့လပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ တချို့ကရင်လူငယ်အဖွဲ့တွေကြား အချင်းချင်း နားလည်မှု ကွဲတာတွေရှိခဲ့တယ်။ ကရင်လူ ငယ်တွေအချင်းချင်း သတ်တာတွေ၊ ဖေ့ဘွတ်ပေါ်မှာ ကိုယ်လုံးတီး ကရင်အမျိုးသမီးငယ်တွေက စောဘဦးကြီးပုံကို နင်းချေစော် ကားခဲ့တာတွေ ဖြစ်ခဲ့တယ်။ ဖူးခွါ့ကတော့ လူငယ်တွေကိုပဲ အပြစ်မဆိုချင်ဘူး။ ခုနကပြောခဲ့သလိုပဲ။ ကိုယ့်အနီးအနားမှာ ကောင်းမွန်တဲ့၊ စိတ်ထွက်ပေါက်ပေးနိုင်တဲ့ အစုအဖွဲ့၊ နေရာတွေ အရမ်းနည်းတဲ့အတွက် အဲဒါတွေကိုဖန်တီးပေးဖို့ လူကြီးတွေကို ပန်ကြားချင်တယ်။
ကျနော်ကိုယ်တိုင်လည်း လမ်းမှားမရောက်အောင် အားတဲ့အချိန်တွေမှာ ကရင်သမိုင်းနဲ့ ပတ်သက်တဲ့စာတွေဖတ်ပါတယ်။ လက် ရှိ GED (General Educational Development) ဖြေနိုင်အောင် အခြေခံတွေကိုလေ့လာနေပြီး OKRSO မှာ ကရင်စာပေနဲ့ ယဉ် ကျေးမှုသင်တန်းလည်း တက်နေပါတယ်။ တစ်ဖက်မှာလည်း အနုပညာလည်း ဝါသနာပါတော့ ကာရာအိုကေနဲ့ ပြက္ခဒိန်တစ်ချို့ လည်း ရိုက်ဖြစ်ပါတယ်။ ကာရာအိုကေရိုက်ဖို့ နောက်ထပ် ကမ်းလှမ်းထားတာတွေလည်း ရှိပေမဲ့ လောလောဆယ်တော့ ကာရာ အိုကေ (၂)ခွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အမျိုးသားရေးသီချင်းတွေကို ပိုပြီးသရုပ်ဆောင်ချင်ပါတယ်။
လူတိုင်းမှာ မတူညီတဲ့ဘဝတွေ၊ ရည်မှန်းချက်တွေ၊ ပတ်ဝန်းကျင်တွေရှိတော့ မတူညီတဲ့အမြင်တွေရှိမှာပါ။ ဖူခွါ့တို့ ကရင်လူငယ် တွေဟာ စာပိုဖတ်ပြီး မိမိကိုယ်ကို ပိုယုံကြည် တန်ဖိုးထားရမယ်။ အတန်းပညာက အရေးမကြီးဘူးဆိုတဲ့အမြင်ကို ပြောင်းရပါ တော့မယ်။ ဥပမာ သူငယ်ချင်းတွေအချင်းချင်း ဟီရိုရှီးမားဗုံးအကြောင်း ပြောကြရင်း အရင်က ဖူးခွါ့မှာ အတန်းပညာမရှိလို့ သမိုင်းကိုလည်း မသိ၊ ဗုံးဖွဲ့စည်းပုံသိပ္ပံကိုလည်း မသိတဲ့အတွက် နားမလည်ဘူး။ ဝင်မပြောနိုင်ဘူး။ လူငယ်အချင်းချင်းကြားမှာ ကိုယ့်ကိုယ်ကို ဆွံ့အတဲ့သူတော့ မဖြစ်ချင်ဘူး။ ဒါပေမယ့် ကိုယ့်က ကရင်လူမျိုးဖြစ်ရတာရော၊ ကရင်စကားနှစ်မျိုးစလုံး ပြောနိုင် တဲ့အတွက်လည်း ဂုဏ်ယူတယ်။ ကျနော်ကတော့ အောင်မြင်တဲ့ ကရင်အမျိုးသားရေးကို ကိုယ်ကျိုးစွန့်လွှတ်နိုင်တဲ့သူတစ် ယောက် ဖြစ်ချင်တယ်။ အမှန်ပြောရရင် အောင်မြင်တဲ့ ကရင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာက ကရင်နည်းပညာရှင် တွေ နည်းသေးတာကိုတော့ အားငယ်မိတယ်။ ကျနော်တို့က အမျိုးသားရေးမှာ အားကောင်းပေမဲ့ စီးပွားရေးနဲ့ ပညာရေးမှာ အား နည်းတယ်။ နောက် အောင်မြင်နေသူတွေ ရှိခဲ့ရင်လည်း ဖူးခွါ့တို့ ကရင်လူငယ်တွေကို မေ့မထားဖို့ ပြောချင်ပါတယ်။