Home သတင်း ဖားအံစက်မှုဇုန်အတွင်း ‌ဆေးသုတ်အမှတ်အသားပြုသည့်အ‌ပေါ် ‌ဒေသခံများ ကန့်ကွက်စာပို့

ဖားအံစက်မှုဇုန်အတွင်း ‌ဆေးသုတ်အမှတ်အသားပြုသည့်အ‌ပေါ် ‌ဒေသခံများ ကန့်ကွက်စာပို့

1558

မတ်လ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ် ဖားအံစက်မှုဇုန်အတွင်း ‌ကျော်လွှမ်းမိုးကုမ္ပဏီမှ သစ်ပင်များကို KLM စားလုံးများဖြင့် ‌ဆေးသုတ် အမှတ်အသား ပြုလုပ်သည့်အတွက် ၎င်း‌ဒေသရှိ ဖားအံမြို့နယ် ‌ဒေသခံများစု‌ပေါင်း၍ ကရင်ပြည်နယ် ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေအွာသို့ မတ်လ ၂၅ ရက်‌နေ့တွင် ကန့်ကွက်စာတစ်‌စောင်‌ပေးပို့ခဲ့သည်။

အမှတ်အသားပြုထားသည့် အဆိုပါ ‌မြေများတွင် စက်မှုဇုန်‌မြေတိုးချဲ့ရန် သက်ဆိုင်ရာမှ သိမ်းယူထားသည့် မိုင်းကံရွာ၊ ‌ပေါ့‌ထော်ရွာနှင့် မိဇံရွာတို့ရှိ ‌ဒေသခံလယ်သမား ၇ဝ ‌ကျော်၏ ဘိုးဖွားလက်ငုတ်လက်ရင်း အစဉ် အဆက် လုပ်ကိုင်ကြသည့် ‌မြေဧက ၁၀၀ဝ ‌ကျော်လည်းပါဝင်ပြီး ‌ဒေသခံများက မိမိလုပ်ကိုင်‌မြေ မဆုံးရှုံး‌ရေး အတွက် ကန့်ကွက်စာပို့ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံလယ်သမားတစ်ဦးဖြစ်သူ ‌စောမြင့်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေရာ‌တွေက ကျ‌နော်တို့ ထင်းစိုက်ပျိုးတယ်။ ကျွဲနွား‌တွေ ‌ကျောင်းဖို့လည်း သုံးတယ်။ အချို့‌နေရာ‌တွေက ကျွန်းပင်တို့၊ ရာဘာပင်တို့လည်း ‌ဒေသခံများက စိုက်ထားကြတယ်။ ဒီလိုလုပ်‌တော့ ကျ‌နော်အတွက် အခက်အခဲ ‌တွေ အများကြီး ဖြစ်‌ပေါ်လာတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ဘိုးဖွားအဆက်ဆက် လုပ်လာခဲ့တဲ့‌မြေ‌တွေကို ပြန်‌ပေးဖို့ စာပို့‌တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ‌စောမြင့်စိုးက ‌ပြောသည်။

ယခုမတ်လအတွင်း၌ ‌ကျော်လွမ်းမိုးကုမ္ပဏီမှ ‌ဒေသခံများ လုပ်ကိုင်စား‌သောက်ကြသည့် ဖားအံ/မှိုင်းကံ‌ကျေးရွာ အုပ်စု၊ ကွင်းအမှတ် ၁၁၀ဝ က/ ပတုတ်အ‌ရှေ့ကွင်း၊ ဦးပိုင်အမှတ် ၄၁/ ၁၊ ၄၂ စသည့် အပါအဝင် ဆက်စပ် လယ်‌မြေ၊ ခြံ‌မြေများ‌ပေါ်တွင် KLM သ‌ကေင်္တပြ စာလုံးအနီ‌ရောင်ဖြင့် မှတ်သား‌နေခြင်းဖြစ်‌ကြောင်း ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။

‌ဒေသခံများက လယ်ဦးလယ်ထိပ်ထင်း‌တောများကို တစ်ပိုင်တစ်နိုင် ခုတ်ထွင်းရှင်းလင်းပြီး ၂၀၁၄ခုနှစ်၊ ဇူလိုင် ၂ဝရက်‌နေ့က ယင်း‌မြေများ‌ပေါ်တွင် နှစ်အကန့်အသတ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ခွင့်ရရန် ကရင်ပြည်နယ် အစိုးရထံသို့ စာပို့ကာ ‌တောင်းခံခဲ့‌သော်လည်း တစုံတရာ အ‌ကြောင်းပြန်ကြားခြင်း မရှိခဲ့‌ကြောင်းလည်း ကန့်ကွက်စာတွင် ပါရှိသည်။

ကရင်ပြည်နယ် စက်မှုလက်မှုနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦကြည်လင်းက “အဲဒီကိစ္စကို‌တော့ ကျ‌နော်အားလုံး ‌တော့ မသိဘူး။ ‌မြေစာရင်းဌာနက တင်ပြလာတာက‌တော့ ‌မြေလွတ်‌မြေရိုင်း‌တွေပဲလို သိထားတယ်။ ‌မြေလွတ် ‌မြေရိုင်းဆိုတာ ပိုင်ရှင်မရှိဘူး။ သူတို့စိုက်ထားတာက နိုင်ငံ‌တော်က စိုက်ခွင့်‌ပေးထားတဲ့ ‌မြေ‌တွေ မဟုတ်ကြဘူး။ ဘယ်လို‌ပြောရမလဲ ကျူး‌ကျော်ပြီး‌တော့ ဝင်‌ရောက်စိုက်ပျိုးထားတဲ့ ပုံစံမျိုး‌တွေပါပဲ။ သူတို့အဆက်ဆက်က ပိုင်ဆိုင်တဲ့ ‌မြေမဟုတ်ဘူးလို့ သိရတယ်”ဟု ‌ပြောဆိုသည်။

လက်ရှိ ယင်း‌ဒေသခံများ၏ လယ်ဦးလယ်ထိပ်‌မြေများ‌ပေါ်တွင် ယခုမတ်လအတွင်း ကုမ္ပဏီက ဝန်ထမ်းအလုပ် သမားများကို တဲအိမ်ထိုး ဝင်‌ရောက်‌နေထိုင်‌စေခြင်း၊ ‌ဒေသခံများ၏ သွားလာ လှုပ်ရှားမှုများကို ‌စောင့်ကြည့်ခြင်း နှင့် လမ်းသွားလမ်းလာမှုများ ပိတ်ပင်သည့်အ‌နေဖြင့် ‌မောင်းတံချထား၍ သွားလာမှုအတွက် ပိတ်ပင်တားဆီး ‌နေခြင်းပြုလုပ်လျှက်ရှိသည်ဟုလည်း ‌ပေးပို့စာတွင် ‌ဖော်ပြထားသည်။

ဖားအံမြို့နယ်ရှိ ဦးမြင့်စိုးနှင့် ဦးတလဲ့ဖိုးတို့ ဦး‌ဆောင်၍ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေအွာထံသို့ စာ‌ပေးပို့ကာ မိတ္တူအဖြစ် ပြည်သူတို့၏ တိုင်ကြားစာနှင့် သနားခံလွှာ စိစစ်‌ရေး‌ကော်မတီ ရုံးအမှတ်(၂၀) ‌နေပြည်‌တော်၊ ကရင်ပြည်နယ်အစိုးရ၊ ခရိုင်နှင့် မြို့နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန၊ ခရိုင်နှင့်ပြည်နယ် ‌ကြေးတိုင်နှင့် ‌မြေစာရင်းဦးစီးဌာန အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးများထံသို့လည်း ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။