Home သတင်း တိုင်းရင်းသား‌ဒေသများတွင် မီဒီယာ ‌ရောက်ရှိမှု အားနည်းဟု ပြန်ကြား‌ရေး ဒုဝန်ကြီး‌ပြောကြား

တိုင်းရင်းသား‌ဒေသများတွင် မီဒီယာ ‌ရောက်ရှိမှု အားနည်းဟု ပြန်ကြား‌ရေး ဒုဝန်ကြီး‌ပြောကြား

1930

မတ်လ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားများ ‌နေထိုင်ရာ နယ်စပ်‌ဒေသအပါအဝင် ‌ကျေးလက်‌ဒေသအထိ မီဒီယာများ၏ ‌ရောက်ရှိပျံ့နှံ့မှု အားနည်း‌နေ‌ကြောင်း ပြည်‌ထောင်စု ပြန်ကြား‌ရေး ဒုဝန်ကြီး ဦးပိုက်‌ထွေးက ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံတွင် ‌ပြောကြားခဲ့သည်။

“ကျ‌နော်တို့ ဒီမိုက‌ရေစီအစိုးရ တက်လာကတည်းက မီဒီယာဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် မရှိ‌စေဖို့ ‌ဆောက်ရွက်ခဲ့‌ပေမယ့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌နောက်ကျကျန်ခဲ့တဲ့ တိုင်းရင်းသား ‌ကျေးလက်‌ဒေသ‌တွေမှာ မီဒီယာ ပျံ့နှံ့မှု အားနည်း‌နေတာ ‌တွေ့ရပါတယ်။ ဒါ‌ကြောင့် မြို့ပြနဲ့ ‌ကျေးလက်‌ဒေသ‌တွေရဲ့ ကွာဟချက် ကြီးမားတာကို တ‌ပြေးညီဖြစ်လာတဲ့အထိ ‌မျှော်မှန်းချက်ထားပြီး ‌ဆောင်ရွက်‌နေပါတယ်။”ဟု ဝန်ကြီး ဦးပိုက်‌ထွေးက ညီလာခံအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်)မှ ကြီးမှူး၍ မတ်လ ၁၈ရက်‌နေ့မှ စတင်ကျင်းသည့် တတိယအကြိမ် ‌မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် မြန်မာနိုင်ငံ‌ဒေသအသီးသီးရှိ တိုင်းရင်းသား မီဒီယာများ၊ တိုင်းရင်းသား နိုင်ငံ‌ရေးပါတီများနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်းများမှ ‌လေ့လာသူများနှင့် ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

ဘီအဲန်အိုင် အမှု‌ဆောင် ဒါရိုက်တာ နန်း‌ဖော့‌ဂေကလည်း မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်‌ရေး ကာလတစ်‌လျှောက် ဖိနှိပ်မှုကြားက ရုန်းကန်‌နေရသည့် မီဒီယာများသည် မြို့ပြ၌သာရှိ‌သော‌ကြောင့် ‌ဒေသခံလူထုများ၏ ပညာဗဟု သုတအပြင် အ‌တွေးအ‌ခေါ်များလည်း နိမ့်ကျခဲ့ရ‌ကြောင်း ‌ပြောသည်။

နန်း‌ဖော့‌ဂေက “ကျမတို့ နိုင်ငံမှာ လူထု‌တွေရဲ့ ‌တွေး‌ခေါ်‌မြော်မြင်မှု နိမ့်ကျ‌နေရင် ဒီနိုင်ငံရဲ့ တိုးတက်မှုကလည်း ‌နှောင့်‌နှေး‌နေမှာပါပဲ။ ဒါကို မျက်စိဖွင့် လမ်းပြ‌ပေးသွားဖို့က တိုင်းရင်းသား‌ဒေသ‌တွေမှာ အ‌ခြေစိုက်တဲ့ မီဒီယာ‌တွေမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကျမ ယုံကြည်တယ်။ ဒီတာဝန်ကို ယူသွားနိုင်ဖို့ တိုင်းရင်းသား မီဒီယာ‌တွေ ‌ရေရှည်ရပ်တည်နိုင်‌ရေးနဲ့ ဆက်စပ်‌နေတာမို့ ဒီနှစ်၊ ဒီ‌ဒေသမှာ ပြုလုပ်တဲ့ ညီလာခံရဲ့ ‌ဆောင်ပုဒ်ကို တိုင်းရင်းသားမီဒီယာများ တည်တဲ့ခိုင်မြဲဖို့ အဓိက ထားခဲ့ရတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယခု ပြုလုပ်သည့် ညီလာခံ၏ ပထမ‌နေ့တွင် ငြိမ်းချမ်း‌ရေးနှင့် မီဒီယာ၊ ကွန်မြူနတီ ‌ရေဒီယို/ရုပ်သံ မီဒီယာများ၏ အခန်းကဏ္ဍ နှင့် တိုင်းရင်းသားမီဒီယာအား တည်တံ့ခိုင်မြဲ‌ရေးအ‌ကြောင်းကို အုပ်စုလိုက် စကားဝိုင်းအဖြစ် လည်း‌ကောင်း ချင်းပြည်နယ်၏ စိန်‌ခေါ်မှုများ ‌ခေါင်းစဉ်ဖြင့် ညီလာခံ ကိုယ်စားလှယ်များက ပါဝင်‌ဆွေး‌နွေး ခဲ့ကြသည်။

ဘီအဲန်အိုင်မှ ကြီးမှူး၍ တိုင်းရင်းမီဒီယာ ညီလာခံကို ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၅ရက်မှ ၂၇ရက်‌နေ့အထိ မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် တစ်ကြိမ်၊ ၂၀၁၄ခုနှစ်၊ မတ်လ ၄ရက်‌နေ့မှ ၆ရက်‌နေ့အထိ ရှမ်း(သျှမ်း) ပြည်နယ်၊ ‌တောင်ကြီးမြို့တွင် တစ်ကြိမ် ပြုလုပ်ကျင်းပခဲ့ပြီး ဖြစ်သည်။

ဘက်စုံမီဒီယာကို အ‌ခြေခံသည့် တိုင်းရင်းမီဒီယာကွန်ရက်အဖြစ် အဖွဲ့အစည်း၏ စွမ်းရည်မြှင့်တင်‌ရေး၊ မီဒီယာ လွတ်လပ်ခွင့်နှင့် တိုင်းရင်းသားအခွင့်အ‌ရေးများကို နှိုး‌ဆော်‌ရေး နှင့် ပြည်တွင်းပြည်ပ မီဒီယာအချင်းချင်း ချိတ်ဆက်‌ရေး စသည့်ရည်ရွယ်ချက်ဖြင့် ဘီအဲန်အိုင်ကို ၂၀၀၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ တိုင်းရင်းသား မီဒီယာ ၁ဝဖွဲ့အပါအဝင် စုစု‌ပေါင်း အဖွဲ့ဝင် ၁၃ဖွဲ့ဖြင့် ရပ်တည်လျှက်ရှိသည်။