လုပ်ပိုင်ခွင့်တွေကို ပြောရမယ်ဆိုရင်တော့ လွှတ်တော်တို့၊ ပြည်သူတို့ ဥပဒေပြောင်းလဲဖို့ တောင်းဆိုရင် ပြင်ဆင်ပေးမှာပါ။ ပြောချင်တာက ဥပဒေပြင်ဖို့ လိုပါတယ်။ နောက်တစ်ခုက ပြည်သူတွေကို ဖွံ့ဖြိုးရေး အသိပညာ၊ ဗဟုသုတတွေ ပေးဖို့လိုပါတယ်။
မေး ။ ။ ဆရာရဲ့အဓိက လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ။
ဖြေ ။ ။ အစိုးရအဖွဲ့မှ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုတွေ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးနေရပါ တယ်။
မေး ။ ။ ကရင်ပြည်နယ်မှာ ယခုအချိန်ထိ အခြေအနေ အကြမ်းဖျင်းအားဖြင့် ပြောပြပေးလို့ရမလား။
ဖြေ။ ။ အခြေအနေအားဖြင့်ပြောရရင် ကျနော်တို့ ကရင်ပြည်နယ်ဟာ စစ်ဖြစ်ခဲ့တဲ့အတွက်ကြောင့် မငြိမ်းချမ်းခဲ့ဘူး။ ဖွံ့ဖြိုးမှု တွေ အများကြီးနောက်ကျခဲ့ပါတယ်။ ပဋိပက္ခတွေများတယ်။ ကျနော်တို့ ကရင်တိုင်းရင်းသားတွေ လူနေမှု အဆင့်အတန်းတွေ အများကြီးနိမ့်ကျခဲ့တယ်။ သူတို့ရဲ့အသိအမြင်၊ ဗဟုသုတတွေ အများကြီးနိမ့်ကျခဲ့တယ်။ သို့သော်လည်း၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့၊ ဟိုတယ်ဇွဲကပင်မှာ ကေအဲန်ယူ ဥက္ကဌကြီး စောမူတူးစေးဖိုးနဲ့ အစိုးရတို့ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ သိသိသာ သာကြီး ပြောင်းလဲလာခဲ့တာရှိပါတယ်။ အရင်ကဆိုရင် ဖားအံမြို့အပြင်တောင် သွားလို့မရဲကြဘူး။ ကော့ကရိတ်မြို့ကို သွားမယ် ဆိုရင် လုံခြုံရေးယာဉ်အပြည့်နဲ့ သွားရတယ်။ ညအိပ်ပြီး သွားရတယ်။ လမ်းတွေက ကတ္တရာလမ်း မဟုတ်ဘေးဘူး။ ကားဘီးတွေ က တစ်လိမ့်ချင်းပဲ သွားလို့ရတယ်။ ဖာပွန်ဆိုရင် ပိုဆိုးတယ်။ အခုတော့ ဖာပွန်နဲ့ ဖားအံက နာရီပိုင်းလောက်ပဲ သွားလို့ရတယ်။ ဒါတွေက တိုးတက်မှုတွေပဲလို့ မြင်တယ်။
မေး ။ ။ ဆရာတို့ ယခုလို တာဝန်ထမ်းဆောင်နေတဲ့အခါမှာ ကရင်ပြည်နယ်မှာ အဓိက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာ တွေပါလဲ။
ဖြေ ။ ။ ဒီဘက်ခေတ်မှာတော့ အရပ်သားအစိုးရတက်လာတော့ ပွင့်လင်းလာတယ်။ ကျနော်တို့ လုပ်ဆောင်တဲ့အခါ ဒီမိုကရေ စီ အမြစ်တွယ်ဖို့ ကြိုးစားလာတဲ့အခါမှာ လူတွေက ထောက်ပြတာတွေ၊ ဝေဖန်မှုတွေ အမျိုးမျိုး ရှိလာတာပေါ့နော်။ အခုမှ ဒီမိုက ရေစီကို အခြေခံပြီးတော့ အမြစ်တွယ်ဖို့ ကြိုးစားလာတဲ့အခါမှာ အတွေ့အကြုံတွေ လိုပါတယ်။ ကျနော်တို့လူထုတွေလည်း ဒီမိုက ရေစီ အတွေ့အကြုံ နုနယ်သေးတော့ အမြစ်တွယ်ဖို့ အများကြီး လုပ်ရဦးမယ်။ အခက်အခဲကတော့ ကျနော့်ရုံးလုပ်ငန်းတွေမှာ တွေ့ရတာက အထူးသဖြင့် မြေယာပြဿနာတွေ များပါတယ်။ ကျနော့်ရုံးမှာ တစ်နေ့တစ်နေ့ ထိုင်ဖတ်ရတာက ၅ဝရာခိုင်နှုန်းမှာ မြေယာပြဿနာတွေပဲ တွေ့ရတယ်။ အဲဒါတွေကိုပဲ ဖြေရှင်းရတာပေါ့။ မကျေလည်တာတွေ၊ မရှင်းတာတွေ အမျိုးစုံပေါ့။ ကရင် ပြည်နယ်အစိုးရအဖွဲ့တွေလည်း ဒီပြဿနာကို ဖြေရှင်းပေးနေပါတယ်။
မေး ။ ။ ဆရာတို့ ပြောသွားတဲ့ မြေယာပြဿနာတွေကို ဘယ်လိုနည်းမျိုးနဲ့ ဖြေရှင်းပေးပါသလဲ။
ဖြေ ။ ။ မြေယာပြဿနာကို ဖြေရှင်းတဲ့အခါ ၂၀၁၂ခုနှစ် မြေယာဥပဒေတွေလည်းထွက်ပြီး အတည်လည်း ပြုထားခဲ့ပြီး။ ကျနော်တို့မှာလည်း မြေယာကော်မတီတွေလည်း အဆင့်ဆင့် ဖွဲ့ပေးထားတယ်။ ကျေးရွာမှ ဗဟို အဆင့်ဆင့် ဖွဲ့စည်းထားတယ်။ ဥပဒေတွေလည်း ပြဋ္ဌာန်းထားတယ်။ ကျေးနယ်မှာ မကျေနပ်ရင် မြို့နယ်၊ မြို့နယ် မကျေနပ်ရင် ခရိုင်၊ ခရိုင်မကျေနပ်သေးလည်း ပြည်နယ်၊ မကျေနပ်သေးရင်လည်း ဗဟိုပေါ့။ ကျနော်တို့ အဆင့်ဆင့် အယူခံခွင့်တွေ ပေးထားပါတယ်။ ကော်မတီတွေမှာ ဌာန ဆိုင်ရာ အသီးသီးတွေပါတယ်။ ပြည်သူတွေ တိုင်ကြားမှုအပေါ်မှာ သေချာစိစစ်ပြီး အတတ်နိုင်ဆုံး ဖြေရှင်းပေးပါတယ်။ ဒီပြဿ နာတွေကို ဘယ်လိုဖြေရှင်းသင့်လည်း မြေစာရင်းဌာနတို့ အစရှိသည်ဖြင့် ဆွေးနွေး၊ အထွေထွေဦးစီးဌာနတို့ အစိုးရအဖွဲ့ကို ပြန် တင်ပြ၊ ဝန်ကြီးတွေတင်ပြ ဘယ်လိုဖြစ်သင့်တယ်။ ကျနော်တို့ အများနဲ့ ဆုံးဖြတ်ပြီး ဖြေရှင်းလုပ်ဆောင်ပေးနေပါတယ်။ ဒါပေမယ့် ဆုံးဖြတ်တဲ့အပေါ်မှာ အချို့လူတွေက မတရားဘူး။ မကျေနပ်တာတွေလည်း ရှိတယ်။ အမျိုးမျိုး ပြောဆိုဝေဖန်တာတွေတော့ ရှိ သေးတာပေါ့။
မေး ။ ။ အပစ်ရပ်စဲထားတဲ့ ၃နှစ်တာကာလအတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေကြတာ ရှိတယ်။ လုပ်ငန်းရှင်တွေက ဗဟိုအစိုးရ ခွင့်ပြုချက်နဲ့တစ်ဆင့် ပြည်နယ်အစိုးရနဲ့အတူ လုပ်ဆောင်နေကြတဲ့အခါ ပြည်နယ်အစိုးရအနေနဲ့ ဘယ်လောက် အတိုင်းအတာထိ လုပ်ပိုင်ခွင့်ရှိပါသလဲ။
ဖြေ ။ ။ လုပ်ပိုင်ခွင့်ကိစ္စတော့ အခြေခံဥပဒေမှာ ပါထားပြီးသားပါ။ ဇယား (၁)၊(၂)အရ တိုင်းဒေသကြီးအစိုးရ လုပ်ပိုင်ခွင့်တွေ၊ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် တိုင်းရင်းသားပြည်သူတို့ တောင်းဆိုနေကြတဲ့ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့တို့၊ ဖက်ဒရယ်စနစ်တို့ တောင်းဆိုနေကြတယ်။ ဒီတောင်းဆိုမှုအပေါ်မှာလည်း အမျိုးသား၊ ပြည်သူ့လွှတ်တော်တို့ လည်း ပြုပြင်သင့်ပြောင်းလဲသင့်တဲ့အချက်တွေလည်း လုပ်ဆောင်နေဆဲဖြစ်တယ်။ အားလုံးတော့ ညှိနှိုင်းနေကြတယ်။ မီဒီယာမှာ လည်း ကြေညာနေတာပဲ။ လုပ်ပိုင်ခွင့်တွေကို ပြောရမယ်ဆိုရင်တော့ လွှတ်တော်တို့၊ ပြည်သူတို့ ဥပဒေပြောင်းလဲဖို့ တောင်းဆို ရင် ပြင်ဆင်ပေးမှာပါ။ ပြောချင်တာက ဥပဒေပြင်ဖို့ လိုပါတယ်။ နောက်တစ်ခုက ပြည်သူတွေကို ဖွံ့ဖြိုးရေးအသိပညာ ဗဟုသုတ တွေ ပေးဖို့လိုပါတယ်။ အချို့အဖွဲ့အစည်းတွေ အချို့ပုဂ္ဂိုလ်တွေကြောင့် ဖွံ့ဖြိုးရေးကိစ္စတွေမှာ အထင်မှားတာတွေ၊ လမ်းလွဲသွား တာတွေလည်း ရှိတယ်။ ဒေသခံပြည်သူတွေ နိုင်ငံတကာအမြင်ရှိလာအောင် ကျနော်တို့ အစိုးရတွေ၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းတွေလည်း လုပ်နေပါပြီ။ ကျနော်တို့ဒေသမှာ စီးပွားရေးကို လာလုပ်ချင်ရင် အလွယ်တကူတော့ လာလုပ်တော့ မရပါဘူး။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကို ယူရပါတယ်။ ပြည်ထောင်စုအစိုးရလည်း ခွင့်ပြုပေးတော့မယ်ဆိုရင် ပြည်နယ်အစိုးရရဲ့ မှတ်ချက် တွေကိုလည်း ယူရပါတယ်။ သတ္တုတူးဖေါ်မယ်၊ ရွှေတူးမယ်။ အခြားလုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင် ပြည်နယ်အစိုးရအဖွဲ့တွေ စုပေါင်းအစည်းဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်နေရပါတယ်။
မေး ။ ။ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဆောင်နေတဲ့အခါမှာ အစိုးရက ကန်ကရိုက်ပေးနေတာတွေ ပွင့်လင်းမြင်သာမှု မရှိဘူး။ အစိုးရ အဖွဲ့တွေက အဂတိလုပ်စားမှုတွေလည်း ရှိနေတယ်လို့ ကြားရတယ်။ တကယ့်အခြေအနေမှန်ကို ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဒီခေတ်အစိုးရတွေက ကန်ထရိုက်ပေးတဲ့ လုပ်ငန်းတွေက ညွှန်ကြားချက်တွေ တိတိကျကျ ရှိပြီးသားပါ။ ပွင့်လင်းမြင် သာမှုရှိအောင် တင်ဒါ(Data) ခေါ်ရမယ်။ တင်ဒါခေါ်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်းရှိတယ်။ ပြည်ထောင်စု အစိုးရက ဒီကိစ္စကို ညွန်ကြားထားတဲ့အတိုင်း ကျနော်တို့က လိုက်နာရပါတယ်။ ပွင့်လင်းမြင်သာမှုတွေ၊ ဘက်လိုက်မှုတွေ၊ လာဘ်စားမှုတွေ မရှိ အောင် ကော်မတီတွေကို ဖွဲ့စည်းထားပါတယ်။ ဥပမာ ကျနော်တို့ တိုက်နယ်ဆေးရုံတစ်ရုံဆောက်မယ်ဆိုရင် ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဥက္ကဌက လူမှုဝန်ကြီးက တာဝန်ယူရတယ်။ ကျန်းမာရေးဖြစ်တဲ့အတွက် ပြည်နယ်ကျန်းမာရေးမှူးက အတွင်းရေးမှူးကို တာဝန်ယူတယ်။ ဆက်စပ်တဲ့ စည်ပင်တို့ ဆောက်လုပ်ရေးတို့စသည်ဖြင့် စုပေါင်းပြီး အစည်းအဝေး လုပ်ရပါ တယ်။ သူ့စည်းကမ်းအတိုင်း တစ်လဆိုတစ်လ တင်ဒါ ခေါ်ပေးရပါတယ်။ လုပ်ဆောင်မယ့်ကုမ္ပဏီက သူတို့ရဲ့စံချိန်စံနှုန်းကို သိရှိဖို့ ကော်မတီဖွဲ့ပြီး Power Point နဲ့ ရှင်းပြခိုင်းတယ်။ အင်ဂျင်နီယာတွေရဲ့ တွက်ချက်မှုတွေက အဓိကကျတယ်။ သူတို့ရဲ့ မှန် မှန်ကန်ကန် လုပ်ဆောင်နိုင်မှုကို ကော်မတီနဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ရပါတယ်ဆိုသော်လည်း အပြစ်ပြော ဝေဖန်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ပြည့်စုံတယ်ဆိုတာတော့ မရှိဘူးပေါ့နော်။ ဟာပေါက်၊ ယိုပေါက်တွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို လည်း ကျနော်မပြောလိုပါဘူး။ ဒါပေမယ့် ကျနော် ပြောချင်တာက ပေးချင်ရာပေး၊ လက်သင့်ရာသင့်တော့ မဟုတ်ဘူး။ သူ့စည်းနဲ့ ကမ်းနဲ့ စနစ်တကျ လုပ်ဆောင်ပေးနေပါတယ်ဆိုတာတော့ ပြောချင်တာပေါ့နော်။
မေး ။ ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေကို သုံးသပ်ပေးလို့ရမလား။
ဖြေ ။ ။ ပွင့်လင်းတဲ့အခါမှာ မီဒီယာတွေလည်းသိပြီးသားပါ။ ရွေးကောက်ပွဲ ဥက္ကဌလည်း ကရင်ပြည်နယ်ကို တလောက လာခဲ့ ပြီးပြီ။ ပွင့်လင်းတဲ့ မျှတတဲ့ မှန်ကန်တဲ့ရွေးကောက်ပွဲကို လုပ်ဆောင်ပေးမယ်လို့ ပြောခဲ့ပြီးဖြစ်တယ်။ နိုင်ငံတော်လည်း အကြိမ် ကြိမ်ပဲ ကြေညာခဲ့ပြီးဖြစ်တယ်။ ဘက်မလိုက်တဲ့ မှန်ကန်တဲ့သန့်ရှင်းတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ကလည်း ပြောခဲ့တယ်။ ကျနော်တို့ဦးစီဌာနတို့၊ ကော်မရှင်တို့လည်း မဲစာရင်းတွေ အခုထိ ကြိုတင်ပြီးလုပ်နေပါတယ်။ လုပ်ရမယ့် အဆင့်တွေ တဆင့်ပြီးတဆင့် လုပ်သွားမယ်လို့တော့ ယုံကြည် ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဌာနဆိုင်ရာတွေ နိုင်ငံရေးပါတီတွေလည်း ပြင်ဆင်နေကြတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁ဝ တုန်းကတော့ ငြိမ်းချမ်းရေးလက်မှတ် မထိုးရသေး တော့ မဲဆန္ဒနယ်တွေ ဖွင့်ပေးမှု အားနည်းခဲ့တယ်။ ၂၀၁၅မှာတော့ ဒေသခံတွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ တောင်းဆိုမှုများ လာတော့ မျှတမှန်ကန်တဲ့ ရွေးကောက်ပွဲ လုပ်ပေးနိုင်မယ်လို့တော့ ယူဆတယ်။
မေး ။ ။ လာမယ့် ရွေးကောက်ပွဲမှာ ဆရာ့အနေနဲ့ဝင်ပြိုင်ဖို့ အစီအစဉ်များ ရှိပါသလား။
ဖြေ ။ ။ ပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ပေါ့။ နိုင်ငံရေးစနစ် ပြောင်းလဲလာမှုအမျိုးမျိုးကြားမှာ အုပ်ချုပ်ရေးကဏ္ဍမှာ ဘယ်နေ ရာမှ မသွားရဘဲ ကရင်ပြည်နယ်မှာပဲ နှစ်ပေါင်း ၃၀ကျော် လုပ်လာခဲ့တယ်။ တက္ကသိုလ်လည်း ဒီမှာပဲ နေလာခဲ့တယ်။ ကျနော်က တော့ဝင်ဖို့ ယတိပြတ် မဆုံးဖြတ်ရသေးဘူးဆိုတော့ အခြေအနေ အချိန်အခါအရ ကျနော်သိတဲ့၊ တတ်တဲ့ ပညာအတွေ့အကြုံအ ရ ကိုယ့်ပြည်နယ်အတွက်၊ ကိုယ့်နိုင်ငံအတွက် ပြည်သူများက တာဝန်ပေးမယ်ဆိုရင် ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ဖို့ ရည်ရွယ် ထားပါတယ်လို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ ဆရာလည်း တိုင်းရင်းသားတစ်ဦးဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေ လိုလားတောင်းဆိုနေကြတဲ့ စစ် မှန်တဲ့ ဒီမိုကရေစီစနစ်၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်၊ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးတွေကို ရနိုင်၊ မရနိုင် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရေးသမိုင်းကလည်း လွတ်လပ်ရေးရပြီးနောက်မှာ တိုင်းရင်းသားများလက်နက်ကိုင်ပြီး ပြည်တွင်းစစ် ဖြစ် ပွားလာခဲ့တယ်။ ကိုယ့်နိုင်ငံမှာလည်း တိုင်းရင်းသားလူမျိုး ၁၀၀ကျော်ရှိတော့ မလွယ်ဘူးလေ။ မိသားစုတစ်စုကတောင် ညီမျှဖို့ တော်တော်လေးလုပ်ယူနေရတာ။ အဲဒီတော့ တိုင်းရင်းသားမျိုးစုံတော့ ပိုပြီးဆိုးတာပေါ့ဗျာ။ သို့သော် ကျနော်ပြောချင်တာက ကျနော်တို့ရဲ့ နိုင်ငံရေး ပထဝီအနေအထားအရ နိုင်ငံကြီးတွေကြားမှာရှိတော့ ကျနော်တို့ စည်းလုံးညီညွတ်ဖို့တော့ လိုတယ်။ ကျနော်တို့က မြန်မာပဲ။ မြန်မာဆိုတာ တိုင်းရင်းသားတွေ အားလုံးပါတယ်။ ဥပမာ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာရှိတဲ့ လူမျိုးဘာ သာတွေ သွားစုနေကြတဲ့ နိုင်ငံတစ်ခုပဲ။ ဒါပေမယ့် သူတို့က We are USA ပဲ။ ကျနော်တို့လည်း We are Myanmar ပဲ။ အဓိက တော့ စည်းလုံးညီညွတ်ဖို့ပဲ လိုတယ်။ နွားကွဲရင် ကျားဆွဲမယ်။
မေး။ ။ နောက်ထပ် အခြားဘာတွေပြောကြားဦးမလဲ။
ဖြေ။ ။ ကျနော်တာဝန်ထမ်းဆောင်လာခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်အတွင်းမှာ ကရင်ပြည်နယ်မှာ အမှတ်တရစရာတွေတော့ အများကြီးရှိတယ်။ ပြောစရာတွေလည်း အများကြီးရှိတယ်။ ကျနော် ဖားအံခရိုင် အုပ်ချုပ်ရေးမှူး လုပ်တဲ့ကာလမှာ ကမမောင်းမြို့ နယ်ခွဲ၊ ပိုင်ကျုံမြို့နယ်ခွဲ၊ လိပ်သိုမြို့နယ်ခွဲ၊ ဘောဂလိမြို့နယ်ခွဲတွေ၊ ခရိုင်ဆိုရင် ဖာပွန်ခရိုင်ပေါ့။ ကျနော်က နယ်မြေတွေကို စတင် ပြီး ကွင်းဆင်း လုပ်ဆောင်ခဲ့တာတွေကို အမှတ်ရမိပါတယ်။ အဲဒီအချိန်မှာ ပြောသွားတဲ့နယ်မြေတွေက ဒီလိုမျိုး လွယ်လွယ်ကူကူ သွားလာလို့ မရသေးပါဘူး။ ခက်ခက်ခဲခဲနဲ့ လုပ်ရတဲ့အတွက် ကျနော့်အနေနဲ့ အမှတ်တရဖြစ်နေပါတယ်။ ကျနော်လုပ်ခဲ့တဲ့ အခြေအနေတွေကို ကျနော်ဂုဏ်ယူပါတယ်လို့ပဲ ပြောချင်ပါတယ်။
————————
စောမြတ်ထွဋ်ဝင်းသည် ၁၉၈၄ခုနှစ်၊ ပါတီကောင်စီခေတ်တွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)ကို ဝင်ရောက်ဖြေဆိုပြီး ဖေါင်ကြီး သင်တန်း တက်ခဲ့သည်။ ၎င်းနောက် ကရင်ပြည်နယ်သို့ ပြန်လာပြီး ဖားအံမြို့နယ် ပြည်သူ့ကောင်စီ၌ ဒုရုံးအဖွဲ့မှူးဖြင့်လည်း ကောင်း၊ ၁၉၈၉ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့၏ ကော့ကရိတ်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တဆက်တည်းပင် ကော့ကရိတ်မြို့နယ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့၌ အတွင်းရေးမှူး၊ ကရင်ပြည်နယ် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့၌ တွဲဘက်အတွင်းရေးမှူး(၂)အဖြစ် ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ပြည်သူ့ဖွံ့ဖြိုးရေးကောင်စီ ပြောင်းလဲလိုက်သည့်အခါ ကော့ကရိတ်ခရိုင်၊ အုပ်ချုပ်ရေးမှူးတာ ဝန် ပြန်ပြီးထမ်းဆောင်ခဲ့သည်။ ထိုမှတဖန် ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ခေတ္တ လုပ်ခဲ့ပြီး ဖားအံခရိုင် အုပ်ချုပ် ရေးမှူးအဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။ ဖွဲ့စည်းပုံအရ ဖားအံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေး မှူးတာဝန်ကိုပါ ထမ်းဆောင်ပြီး ၁၉၉၇တွင် ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ထို့နောက် ဖာပွန်မြို့နယ်ကို ဖာပွန်ခရိုင်အဆင့် တိုးမြှင့်ရေးအတွက် သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ဖားအံမြို့၌ ပြည်နယ်ညွန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်လျှက်ရှိသည်။