Home သတင်း မြဝတီတွင် တစ်ညအတွင်း စိတ်ကြွ‌ဆေးပြား နှစ်သိန်း‌ကျော် ဖမ်းဆီးရမိ

မြဝတီတွင် တစ်ညအတွင်း စိတ်ကြွ‌ဆေးပြား နှစ်သိန်း‌ကျော် ဖမ်းဆီးရမိ

2574

ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့တွင် တစ်ညအတွင်း စိတ်ကြွမူးယစ်‌ဆေးဝါး အလုံး‌ရေ (၂၁၆,၉၈၈) နှစ်သိန်း‌ကျော်၊ ကာလတန်ဖိုးအားဖြင့် မြန်မာကျပ်‌ငွေ သိန်း‌ခြောက်‌ထောင်သုံးရာ‌ကျော်ကို ဇန်နဝါရီ ၁၆ရက်‌နေ့ည၌ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့မူးယစ်အဖွဲ့မှ ဒုရဲမှူး သိန်းလွင်၊ နယ်ထိန်းအပါအဝင် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်‌ရေးမှူး၊ ခလရ (၂၇၅) ‌ရှေ့တန်းရုံးမှ ဗိုလ်ကြီးပြည့်ဖြိုး‌မောင် ပူး‌ပေါင်းအဖွဲ့နှင့် BGF အမှတ် (၁၀၁၉) တပ်ရင်းမှ ဗိုလ်ကြီး ‌စော‌ကျော်ပိုင် နှင့်အဖွဲ့က သတင်းအရ ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု မြဝတီ ရဲစခန်းမှ အမည်မ‌ဖော်လိုသူ ရဲအရာရှိတစ်ဦးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ပူး‌ပေါင်းအဖွဲ့‌တွေက မူးယစ်‌ဆေးဝါး နှစ်သိန်း‌ကျော်ကို တစ်ရက်တည်းမှာပဲ နှစ်‌နေရာ ဖမ်းဆီးရမိတာ ဟုတ်ပါတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရာတွင် ပူး‌ပေါင်းအဖွဲ့က သတင်းအရ ဇန်နဝါရီလ ၁၆ ရက်‌နေ့ ည ၉ နာရီခွဲအချိန်၌ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌နေထိုင်သူ ‌စောဘိုဘိုဆိုသူထံတွင် WY စာတန်းပါ စိတ်ကြွ‌ဆေးပြား အလုံး‌ရေ (၁၉၈၈)ပြားကို ‌ရှေးဦးစွာ ဖမ်းဆီးရမိပြီး‌နောက် ‌နောက်တစ်‌နေ့ နံနက် ၂ နာရီအချိန်၊ မြဝတီမြို့ အမှတ်(၄) ‌နေထိုင်သူ စိုင်းဆမ်လင်းဆိုသူထံမှ ဆီစိမ်စက္ကူဖြင့် ပတ်ထား‌သော အထုပ်(၁၁ဂ)ထုပ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ‌ဆေးပြား အလုံး‌ရေ ၂၁၅,၀၀ဝ ကို ထပ်မံဖမ်းဆီးရခြင်းဖြစ်သည်ဟု မြဝတီရဲစခန်း၏ စာရင်းအရ သိရသည်။

ထို့အပြင် စိုင်းဆမ်လင်း‌နေအိမ်မှ မူးယစ်‌ဆေးဝါးသယ်ယူရာတွင် အသုံးပြုသည့် လိုင်စင်မဲ့ယဉ် နှစ်စီး၊ Wave ဆိုင်ကယ်တစ်စီးနှင့် မူးယစ်‌ဆေးဝါး‌ရောင်းရ‌ငွေ မြန်မာကျပ် (၅၅) သိန်းကို ထပ်မံရှာ‌ဖွေသိမ်းဆည်းမိခဲ့ ‌ကြောင်းလည်း သိရသည်။

မြဝတီမြို့ခံတစ်ဦးဖြစ်သည့် ကိုချမ်း‌မြေ့‌အောင်က “အခုမိတာက လက်ကြီးသမား‌တွေလို့ ‌ပြောလို့ရတယ်။ အများအားဖြင့် တခြားနယ်ကလူ‌တွေက ဒီမှာလာပြီးလုပ်တာများတယ်။ ကိုယ့်ကရင်‌တွေကလည်း မြိုးမြိုး မြက်မြက်ရမယ့်ဟာဆို အတုမြင် အတတ်သင် လိုက်လုပ်တာ‌ပေါ့။ မရှိ‌လေ‌ကောင်း‌လေပဲ များများဖမ်းမိရင် ‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဖမ်းဆီးရမိမှုမှာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပမာဏအများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး မူယစ်‌ဆေး ဝါးများကို တိုးမြှင့်ကာ ဆက်လက်‌ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်သလို ဖမ်းဆီးရမိသူများကို ဥပ‌ဒေအရ အ‌ရေးယူနိုင်ရန် စီစဉ်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း အဆိုပါ အမည်မ‌ဖော်လိုသူ မြဝတီရဲအရာရှိက ‌ပြောသည်။