ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ပြည်သူအသံ၊ အကြံဉာဏ်ရယူခြင်း စီမံကိန်းတာဝန်ခံ စောဖိုးခွါးကြီး (ခေါ်) စောထက်ဝေယံကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း
စောဖိုးခွါးကြီးဟာ ၂၀၀၁ခုနှစ်မှာ ဖားအံမြို့၊ အ.ထ.က(၁)မှာ ဆယ်တန်းအောင်မြင်ပြီးတော့ ၂၀၀၅ခုနှစ်မှာ နိုင်ငံတကာဆက်ဆံ ရေး(I.R BA)ဘွဲ့ရခဲ့ပါတယ်။ လက်ရှိ ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖေါင်ဒေးရှင်းမှာ ၂၀၀၇ခုနှစ်ကနေ စတင်လုပ်ဆောင်ပြီး “ငြိမ်းချမ်းရေးအတွက် ခြေတစ်လှမ်း”ခေါင်းစဉ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးအကြောင်း အမြင်ဖွင့်သင်တန်းတွေ လိုက်လုပ်ပေးခဲ့တယ်။ ၂၀၁ဝခုနှစ်မှာတော့ ရွေးကောက်ပွဲအတွက် မဲပေးတဲ့ကိစ္စတွေကို လိုက်လံလုပ် ဆောင်ပေးတယ်။ ၂၀၁၃ခုနှစ်က ၂၀၁၄ခုနှစ်အထိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအလုပ်များ လုပ်ဆောင်ခဲ့ပါ တယ်။ ယခုအချိန်ထိ ငြိမ်းဖောင်ဒေးရှင်းမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဒေသဆိုင်ရာ ပြည်သူ့အသံ အချက်အလက်များ လိုက်လံကောက်ခံရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ အဓိကရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကာလမှာ ပြည်သူတွေရဲ့အသံ နားထောင်တာ မရှိသ လောက် ဖြစ်နေတယ်။ ပြည်သူ့အသံက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ ပါဝင်ဖို့ရယ်၊ ပြည်သူ့အသံတွေ ပါလာမှ ငြိမ်းချမ်းရေးကို ပိုမိုရေရှည် ခိုင်မာတည်တံ့စေမယ်။ ဒါကြောင့် မငြိမ်းချမ်းသေးတဲ့ အချိန်တွေကော ငြိမ်းချမ်းရေးဖြစ်စဉ်နောက်ပိုင်းမှာပါ ပြည်သူ တို့ရဲ့ ကြုံတွေ့ခံစားနေရတဲ့အရာတွေ ကောက်ခံခြင်းအားဖြင့် သူတို့ရဲ့အသံများကို တဆင့် ပြန်လည်တင်ပြပြီး သူတို့က ဒီငြိမ်းချမ်း ရေးဖြစ်စဉ်မှာ သူတို့ကိုသူတို့ ပိုမိုယုံကြည်လာပြီးတော့ ပါဝင်မှုပိုမိုများလာအောင် ကောက်ခံခြင်းဖြစ်တယ်။
မေး။ ။ ဘယ်အချိန်စပြီး ကောက်ခံပြီး ကရင်ပြည်နယ်မှာဆိုရင် ဘယ်မြို့နယ်တွေမှာ ကောက်ခံခဲ့သလဲ။
ဖြေ။ ။ ၂၀၁၃ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလအထိဖြစ်တယ်။ ကောက်ခံခဲ့တဲ့ မြို့နယ်တွေကတော့ ဖားအံမြို့နယ်၊ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်တို့ဖြစ်တယ်။ ကျေးရွာပေါင်း ၃၀ကျော် ၄၀လောက်ရှိတယ်။ ကောက်ခံတွေ့ဆုံ မေးမြန်းခဲ့တဲ့ လူဦးရေကတော့ ၆၆၃ဦးဖြစ်တယ်။
မေး။ ။ ပြည်သူ့အသံ အချက်အလက်များ လိုက်လံကောက်ခံမှုနဲ့ ပတ်သက်ပြီး ဘာကဏ္ဍတွေ ပါဝင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့တော့ ဒီငြိမ်းချမ်းဖြစ်စဉ်မှာ ပြည်သူလူထုတို့ရဲ့အမြင်သဘောထားများ ပါဝင်မှု မရှိခြင်း၊ စိတ်ဝင်စားမှု အားနည်းရခြင်းအကြောင်းအရင်းကို အဓိက ကောက်ခံတယ်ပေါ့နော်။ အဲဒီအထဲမှာမှ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုတို့ရဲ့ ပါဝင်လိုတဲ့ အခန်းကဏ္ဍတွေပါတယ်။ အဲဒါတွေကတော့ တိုင်းရင်းသားများရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ တိုင်းရင်းသားစာပေ သင်ကြားခွင့်တွေ၊ အမျိုးသားတန်းတူညီမျှရေးဆိုတဲ့ အစိုးရဌာနဆိုင်ရာမှ အကြီးအကဲတွေက ဒေသခံတိုင်းရင်းသားတွေကို နေရာမပေးတာတွေရယ်၊ သဘာဝသယံဇာတ ထုတ်ယူမှုတွေ၊ စီးပွားရေးနဲ့ပတ်သက်ပြီး စီမံကိန်းကြီးများ ဝင်ရောက်လာမှုတွေ၊ မြေသိမ်း၊ ယာသိမ်းများဖြစ်ပေါ်ပြီးတော့ မြေယာပိုင်ဆိုင်မှုနဲ့ လယ်ယာမြေဆိုင်ရာကဏ္ဍ၊ တရားဥပဒေစိုးမိုးမှုဆိုင်ရာကဏ္ဍများ၊ မူးယစ်ဆေးဝါးဆိုင်ရာ အရေးတယူ ဆောင်ရွက်ရမယ့်ကဏ္ဍများ၊ အခွန်/ရံပုံငွေကောက်ခံ သုံးစွဲခြင်း၊ လက်နက်ကိုင်အဖွဲ့များ စတာတွေ သူတို့ ခံစားနေရတဲ့အချက် ပါဝင်ပါတယ်။
မေး။ ။ အခု ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဟာ ဘာကြောင့်နှောင့်နှေးကြန့်ကြာနေရပါသလဲ။
ဖြေ။ ။ ကြန့်ကြာရတဲ့ အဓိကအကြောင်းအရာက နှစ်ဦးနှစ်ဘက် ယုံကြည်မှု မတည်ဆောက်နိုင်သေးလို့ပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးက အားလုံးလိုလိုပါပဲ လိုချင်ကြတယ်။ အစိုးရကလည်း တိုင်းရင်းသားလက်နက်အဖွဲ့တွေကို ဖိတ်ခေါ်တဲ့အခါ အပေါ်စီးကနေမှ ဆက်ဆံတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်း တောင်းဆိုမှုတွေ မရတော့ ယုံကြည်မှုတွေ အားနည်းလာကြ တယ်။ ကျနော်ပြောချင်တာက ပြည်သူတွေရဲ့အခန်းကဏ္ဍကို နှစ်ဘက်ခေါင်းဆောင်တို့က မေ့နေကြတယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ ထပ်တူကျရဲ့လားပေါ့။ ကျနော်တို့ စဉ်းစားစရာအချက်ဖြစ်တယ်။ ပြည်သူ့အ သံကို နားမထောင်ဘဲနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို မဖြေရှင်းပဲနဲ့ သူတို့နှစ်ဦးနှစ်ဘက်တွေပဲ ယူတဲ့ငြိမ်းချမ်းရေးဟာ ရတော့ ရနိုင်မယ်၊ ကြာမယ်။ ဒါပေမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ အားနည်းမယ်။
မေး။ ။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုပါဝင်မှုအားနည်းနေတယ်ဆိုတော့ ပါဝင်မှုများလာအောင် ဘယ် လိုလုပ်မလဲ။
ဖြေ။ ။ သူတို့တွေရဲ့တွေ့ဆုံဆွေးနွေးမှုတွေကို ပြည်သူတွေ ပွင့်လင်းမြင်သာအောင်ချပြဖို့ လိုတယ်။ ပြည်သူတွေရဲ့ အသံကို လည်း နားထောင်ပြီးတော့ ယူဆောင်သွားကြပြီး ဆွေးနွေးသွားကြမယ်ဆိုရင် ပြည်သူတွေလည်း သူတို့ကို ပိုမိုယုံကြည်လာမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်း ပြည်သူတို့ပါဝင်မှု အားကောင်းလာမယ်လို့ ကျနော်ယူဆတယ်။
မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေ ဘယ်လိုနည်းလမ်းနဲ့ပါဝင်သင့်သလဲ။
ဖြေ။ ။ အစိုးရကလည်း ပြည်သူတွေ ပါဝင်သင့်တယ်လို့ ပြောတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း ပြည်သူ တွေကို ပါဝင်ဖို့ ပြောတယ်။ ဒါပေမယ့် အသင့်တော်ဆုံးနည်းလမ်းကတော့ မြို့နုယ်၊ ကျေးနယ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အဆင့်ဆင့် ပြည်သူ့ဆန္ဒယူခံပြီးတော့ အပြန်အလှန် သူတို့နေနဲ့ ပြည်သူတွေ ထိတွေ့မှုများလာရင် ပြည်သူတွေ ပါဝင်နိုင်မှု ပိုမိုအားကောင်းလာမယ်။ အစိုးရဘက်ကလည်း ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးဖို့လည်း လိုတယ်။
မေး။ ။ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ တဖက်က မြေသိမ်းယာသိမ်းတွေဖြစ်ပေါ်လာတယ်။ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်မှုတွေများလာတယ်။ သယံဇာတထုတ်ယူမှုတွေ များလာတယ် စသည်အားဖြင့်ကို ဘယ်လိုမျိုးနည်းလမ်းနဲ့ ကိုင်တွယ် ဖြေရှင်းသင့်သလဲ။
ဖြေ။ ။ ဒီပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းတာထက် အစိုးရအာဏာပိုင်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်မှုတွေ ပြည်သူတွေ မသိရသလောက် ဖြစ်နေတယ်။ အဲတာတွေကို ပြည်သူတွေရဲ့ ခံစားမှုတွေအသံတွေကို နားထောင်ပြီးတော့ ပြည်သူတွေနဲ့အတူ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်သွားကြရင် ပိုမိုထိရောက်မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ခုတုန်းလုပ်ပြီး ဝင်လာတဲ့ စီမံကိန်းတွေရှိတယ်။ အောက်ခြေဖြစ်နေတဲ့ ပြဿနာတွေကို အရင်ရှင်းပြီးမှ သူတို့နှစ်ဦးနဲ့ ပြည်သူတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ကြမယ်ဆိုရင် ပိုမိုထိရောက်မှုရှိမယ်လို့တော့ မြင်တယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အဓိကငြိမ်းချမ်းရေး သော့ချက်နဲ့ ပတ်သက်ပြီး ကိုဖိုးခွါးကြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော့်အမြင်ကတော့ တိုင်းရင်းသားများ လိုချင်တောင်းဆိုနေကြတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနဲ့ စစ် မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အစိုးရက အာမခံပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ လမ်းပွင့်သွားမယ်လို့တော့ မြင်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နောက်ထပ်ဘာတွေပြောချင်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေပါဝင်နိုင်ဖို့အတွက် အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က လမ်းကြောင်း လေး ဖွင့်ထားမယ်ဆိုရင် ပိုမိုအောင်မြင်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ သေချာတယ်။ နောက်ပြီး ကျနော်တောင်း ပန်ချင်တာက ကရင်ပြည်နယ်သာမက မြန်မာနိုင်ငံရှိ အဖွဲ့အသီးသီး ပုဂ္ဂိုလ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတူတကွ ပူးပေါင်း လုပ်ဆောင်သွားကြမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရရှိလိမ့်မယ်လို့တော့ ကျနော်ပြောကြားချင်ပါတယ်။