Home သတင်း သံလွင်မြစ် ‌ရေကာတာစီမံကိန်းများ ရပ်တန့်ရန် သက်ဆိုင်ရာ အစိုးရများသို့ မြစ်‌ချောင်းကွန်ရက် ‌တောင်းဆို

သံလွင်မြစ် ‌ရေကာတာစီမံကိန်းများ ရပ်တန့်ရန် သက်ဆိုင်ရာ အစိုးရများသို့ မြစ်‌ချောင်းကွန်ရက် ‌တောင်းဆို

1671

(မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ရက် ‌တွေ့ဆုံကြစဉ်)

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

သံလွင်မြစ်‌ပေါ်တည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်းများကို ရပ်တန့်‌ပေးရန် မြန်မာ၊ တရုတ်နှင့် ထိုင်းအစိုးရ တို့အား မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ရက်(Burma Rivers Network-BRN)က ဇန်နဝါရီ ၁၉ ‌နေ့ ရက်စွဲပါ အိတ်ဖွင့်‌ပေးစာ‌ပေးပို့ကာ ‌တောင်းဆိုလိုက်သည်ဟု ယင်းကွန်ရက်၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောသာဘိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အိတ်ဖွင့်‌ပေးစာနှင့်အတူ နိုင်ငံ‌ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်း‌ပေါင်း ၁၃၁ ဖွဲ့နှင့် ‌ရေကာတာ တည်‌ဆောက်‌ရေး စီမံကိန်း‌ဒေသခံ ပြည်သူ ၆၁,၀၀ဝ ‌ကျော် စီမံကိန်းရပ်တန့်ရန် လက်မှတ်ထိုး‌တောင်းဆို ထားသည့် စာများကို မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန၊ တရုတ်နှင့် ထိုင်းသံရုံးများကို ပူးတွဲ‌ပေးသွားမည်ဖြစ် သည်ဟု မြန်မာနိုင်ငံမြစ်‌ချောင်းများကွန်ရက်က ‌ပြောသည်။

‌စောသာဘိုးက “ဒီစီမံကိန်း‌တွေက ‌ဒေသခံ‌တွေကို အကျိုးမပြုသလို ပဋိပက္ခဖြစ်‌နေတဲ့‌ဒေသ‌တွေမှာရှိတဲ့ အတွက် ပိုပြီး ပဋိပက္ခကို ဆိုးဝါး‌စေတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း အများကြီးထိခိုက်တယ်။ နိုင်ငံခြား ‌ဒေါ်လာရဖို့ အစိုးရအ‌နေနဲ့ ဒီစီမံကိန်းကို လုပ်တယ်ဆိုရင် သူတို့ရဲ့စဉ်းစား‌တွေး‌ခေါ်မှုကို စိတ်ပျက်တယ်။ တိုင်းပြည်‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ တခြား‌နေရာကလည်း ပိုက်ဆံရဖို့ စဉ်းစား‌စေချင်တယ်”ဟု ‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ရက်အ‌နေဖြင့် သံလွင်မြစ်‌ရေကာတာစီမံကိန်းများနှင့် ပတ်သက်၍ ‌ဒေသခံများ၏ သ‌ဘောထားများကို ပြည်သူ့လွှတ်‌တော်ကို်ယ်စားလှယ်များနှင့် အလွတ်သ‌ဘော‌တွေ့ဆုံကာ ရှင်းပြသွားရန်ရှိသည်ဟု ကွန်ရက်တာဝန်ရှိသူများထံမှ သိရသည်။

‌ရေကာတာစီမံကိန်းအ‌ပေါ် ကယားပြည်နယ်၊ ရှား‌တောမြို့နယ် သံလွင်မြစ်အ‌ရှေ့ခြမ်း‌ဒေသခံ ‌စောကိုးရယ် ကလည်း “ကျ‌နော်တို့ ကယားပြည်နယ်ထဲက လူ‌တွေက အ‌တွေ့အကြုံရှိသွားပြီ။ အရင်က ဘီလူး‌ချောင်း ‌ရေအားလျှပ်စစ်ကို ကိုယ့်‌ဒေသခံ‌တွေ ပြန်မသုံးရဘူး။ အခုလည်း ဒီစီမံကိန်း‌တွေက ‌ဒေသခံ‌တွေအတွက် ဘာမှအကျိုးရှိမှာ မဟုတ်ဘူး။ ဒါ‌ကြောင့် ‌ဒေသခံအများစုက ဒီစီမံကိန်းကို မလိုလားဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သံလွင်မြစ်‌ရေကာတာစီမံကိန်းများအ‌ပေါ် ‌ဒေသခံများက ကန့်ကွက်‌နေ‌သော်လည်း ရှမ်း(သျှမ်း)ပြည်နယ် အတွင်းရှိ ကွမ်းလုံ‌ရေကာတာစီမံကိန်း ‌ဆောက်လုပ်‌ရေးလုပ်ငန်းများကို စတင်‌နေပြီးဖြစ်သလို စီမံကိန်းလုပ်မည့် ‌နေရာ အနီးတစ်ဝိုက်တွင် အစိုးရ စစ်တပ်‌နောက်ခံ ကုမ္ပဏီများက သစ်များထုတ်လုပ်‌ရေးလုပ်ကိုင်ပြီး စီမံကိန်း အတွက် လမ်း‌ဖောက်ခြင်း‌ကြောင့် ‌ကျေးရွာ ၆ဝ မှ ‌မြေယာများ ဆုံးရှုံးမှုဖြစ်ခဲ့သည်ဟု သိရသည်။

သံလွင်မြစ်‌ကြောင်း တ‌လျှောက်၌ ‌ရေကာတာ ၆ ခု တည်‌ဆောက်ရန် အစီအစဉ်ရှိပြီး ရှမ်းပြည်နယ်တွင် ကွမ်းလုံ၊ ‌နောင်ဖာ၊ မန်‌တောင်၊ ကယားပြည်နယ်တွင် ရွာသစ်နှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီး စသည့် ‌ရေကာတာတို့ ကို တည်‌ဆောက်ရန် ထိုင်းနှင့် တရုတ်ကုမ္ပဏီများအပြင် International Group of Entrepreneurs Co. Ltd, Shwe Taung , Asia World စသည့် မြန်မာကုမ္ပဏီများလည်း စီမံကိန်းတွင်ပါဝင်မည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ရက်က ‌ပြောဆိုသည်။

မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ရက်သည် မြန်မာနိုင်ငံရှိ ဆည်တာတမံများတည်‌ဆောက်မှု‌ကြောင့် ဆိုးကျိုးသင့်ခံရသည့် ‌ဒေသများရှိ တိုင်းရင်းသားလူမှုအဖွဲ့အစည်း‌ပေါင်း ၁၅ဖွဲ့ဖြင့် ၂၀၀၄ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး မြစ်များ၏ ‌ဂေဟစနစ် ကျန်းမာသန်စွမ်း‌စေ‌ရေးနှင့် ဇီဝမျိုးကွဲများတည်ရှိမှုကို ကာကွယ်ထိန်းသိမ်း‌ပေးနိုင်‌ရေးနှင့် မြစ်များ‌ပေါ်တွင် အကြီးစား တည်‌ဆောက်‌ရေးဖွံ့ဖြိုး‌ရေးစီမံချက်များ‌ကြောင့် ဆိုးကျိုးဒုက္ခ‌တွေ့ကြုံရမည့် ရပ်ရွာ များ၊ လူမှုအဖွဲ့အစည်းများ၏ အခွင့်အ‌ရေးကို ကာကွယ်‌ပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။