စည်းလုံးညီညာမှုအားဖြင့် ဖြတ်သန်းလိုသည့် ၂၀၁၅
မြောက်ပြန်လေအေးအေး၊ ဥဩသံသာလွမ်းမောဖွယ် ရာသီခွင်နှင့်အတူ နှစ်ဟောင်းကို ကျော်လွန်ကာ နှစ်သစ်ကို ရောက်ရှိလာ ချေပြီဖြစ်သည်။ ကုန်လွန်ခဲ့သည့် ၂၀၁၄ခုနှစ်ကို ပြန်ပြောင်းကြည့်သော် ကရင်သတင်းစဉ် ပရိဿတ်များ၏ မျှော်လင့်ချက်၊ လိုလားချက်များ မည်မျှရရှိခဲ့ပါသနည်။ ထို့အတူ နှစ်သစ်တွင် ရင်ဆိုင်သွားကြရမည်များကို မည်ကဲ့သို့ကော ပြင်ဆင်သွားကြပါ မည်နည်း။ မည်သို့ပင်ဖြစ်စေ ချမ်းအေးသော ဆောင်းလေပြေသည် နှင်းမြူထုကြီးကို အဖော်ပြု၍ နှစ်သစ်ဆီသို့ ဆိုက်ရောက်လာ ချေတော့သည်ပင်။
ကုန်လွန်ခဲ့သော နှစ်တနှစ်တာလုံးကို ပြန်ပြောင်းကြည့်ရလေသော် အသွင်ကူးပြောင်းရေး လုပ်ဆောင်ခဲ့သည့် အစိုးရက နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ယူခဲ့သည်မှာ လေးနှစ်တင်းတင်း ပြည့်လုပြည့်ခင် ကာလသက်တမ်းတစ်ခုကို ရောက်ရှိလာခဲ့သလို ကျွန်ုပ်တို ့မျှော်လင့်လိုလားသော ဒီမိုကရေစီနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုလမ်းစမှာလည်း ဝေဝါးနေဆဲဆိုသည်ကို တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အသိပင် ဖြစ်သည်။ နိုင်ငံသားများလိုလားသော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးအ တွက် အခြေခံဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေးကို အစိုးရအနေဖြင့် မလုပ်ဆောင်နိုင်သေးသလို လူ့အခွင့်အရေး၊ မြေယာပြဿနာ စသည်တို့မှာလည်း အုတ်အော်သောင်းနင်း ဖြစ်နေဆဲရှိပေရာ တိုးတက်မှုမှာလည်း တုံ့ဆိုင်း လျှက်ပင်ရှိနေသေးသည်။ ပြန်ခြုံငုံကြည့်မည်ဆိုပါက ၂၀၁၄ဟူသော နှစ်တနှစ်မှာ ဒီမိုကရေစီခရီးလမ်းဆုံးနှင့် ဝေးကွာနေဆဲဖြစ် သည်ကို မည်သူကမျှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။
ကရင်တိုင်းရင်းသားများအတွက် ကောက်သစ်ဦးစားသောအချိန်။ သလေလဆန်းတစ်ရက်နေ့မှစ၍ ၂၇၅၄ခု ကရင်သက္ကရာဇ်သို့ ကူးပြောင်းလာခဲ့သလို တစ်နိုင်ငံလုံးအတွက်လည်း ၂၀၁၅ နှစ်သစ်ကို များမကြာမီ ဖြတ်သန်းရတော့မည်ဖြစ်သည်။ ယင်းသို့ တရက်ချင်း၊ တစ်လချင်း၊ နှစ်တနှစ်ကို ဖြတ်သန်းကျော်လွှားနေရင်း မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများအတွက် ၂၀၁၅ နှစ်သစ်သည် အရေးကြီးသော သမိုင်းမှတ်တိုင်များကို စိုက်ထူလာစေမည်ကို ကုန်လွန်ခဲ့သောနှစ်အတွင်း အလုံးစုံသော အခင်း အကျင်းတို့ကို သုံးသပ်ကြည့်မည်ဆိုပါက သိနိုင်ပေလိမ့်မည်။ နှစ်ဟောင်းတွင် မတိတ်ဆိတ်သေးသော တိုက်ပွဲသံများ၊ အသက် အန္တရာယ်ကြားက မီဒီယာသမားများ၊ ဘဝ မငြိမ်းချမ်းသေးသော ဒုက္ခသည်များ၊ စားပွဲပေါ် ဆွေးနွေး၍ အဖြေမရသေးသော အပစ်ရပ်မှုများ၊ အသီးသီးသော လွှတ်တော်များ၏ အဆိုပြု ပယ်ချ ဆုံးဖြတ်မှုများကို အလျှိုလျှို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။
အဆိုပါနိုင်ငံ့အရေး ပုစ္ဆာများကို သယ်ဆောင်လာရင်း နှစ်သစ်အတွင်း ပြုလုပ်သွားမည်ဆိုသည့် အထွေထွေရွေးကောက်ပွဲနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ကြိုးပမ်းမှုများကိုလည်း ဆက်လက် စောင့်ကြည့်ရင်ဆိုင်ကြရအုံးမည် ဖြစ် သည်။ လာမည့် ရွေးကောက်ပွဲမှာ လူထုလူတန်းစား အလွှာအသီးသီးအတွက် အဆင်ပြေ ချောမွေ့မည်ဆိုက နှစ်ခြောက်ဆယ် ကျော် စစ်အာဏာရှင် တစ်လက်ကိုင်ထားမှုကို တချို့တစ်ဝက် ဖဲ့ထုတ်လာနိုင်မည့် အခြေအနေရှိနေသလို ယင်းကို မလိုလား သည့် အင်အားစုများ ကြီးစိုးသွားပါက မြန်မာ့နိုင်ငံရေးမှာ မတွေးဝံ့စရာဖြစ်သွားနိုင်သည်။ တဖန် ၃နှစ်ခန့်ကြာမြင့်သော တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ကြံ့ဖွံ့အစိုးရအကြား ဆွေးနွေးမှုများကလည်း ရှေ့မတိုးနိုင်ဘဲ ဖွဲ့စည်းပုံပြင်ရေးမှာ လည်း ထူးမခြားနားဆိုပါက ရင်လေးစရာများနှင့် ဆက်လက် ကြုံတွေ့ရဦးမည်ဖြစ်၍ “စစ်မရောက်ခင် မျှားပြင်”ဆိုသလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ကြံ့ခိုင်နိုင်ရန်မှာလည်း လွန်စွာ အရေးကြီးပေသည်။
မြန်မာ့နိုင်ငံရေး၏ လက်ရှိပြဿနာမှာ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်သည်ကို နိုင်ငံ သူ နိုင်ငံသားတိုင်း ရိုးရှင်းစွာ သိရှိထားပြီးဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် အာဏာကိုင်ထားသူများကသာ စိတ်ရင်းစေတနာအ မှန်ဖြင့် ဦးဆောင်ဖြေလျှော့ရန်မှာလည်း တစ်ခုတည်းသော ပြဿနာပြေလည်မည့် နည်းလမ်းပင်ဖြစ်သည်။ အာဏာသည် လူကို ရူးသွပ်ယစ်မူးစေပြီး ယင်းအာဏာဆုပ်ကိုင်ထားလိုသူများကို ပြန်ကြည့်လျှင် သန်း ၅၀ကျော်သော ပြည်သူများအနက် လူနည်းစု သာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတိုင်း အနာဂတ်ဘဝ သာယာဝပြောရေးသည် နိုင်ငံသားများ၏ လက်ထဲတွင်သာရှိနေပေရာ ကျွန်ုပ်တို့အားလုံး၏ လိုလားချက်များကို အပြန်အလှန် စာနာနားလည်မှုဖြင့် စည်းလုံးညီညာစွာ ဖေးမကူညီ လျှောက်လှမ်းကြ မည်ဆိုပါက ပဋိပက္ခများနှင့် အဆုံးသတ်ခဲ့သော နှစ်ဟောင်း၏ ပရိဝေဒမီးများ လျော့ပါးကာ နှစ်သစ်ကာလမှာ ငြိမ်းချမ်းသာယာ စွာ ချီတက်သွားလိုပါကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပေသည်။