မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂ဝရက်)
မကြာမီ ၂၀၁၄ ခုနှစ် ကုန်ဆုံး၍ ၂၀၁၅ သို့ ကူးပြောင်းသွားတော့မည်ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးသည် ထူးထူးခြားခြား ပြောင်းလဲသွားမည့် အရိပ်အရောင်ကိုပင် မမြင်ရသေးပါ။ မြန်မာ့နိုင်ငံရေး မည်သု့ိပြောင်းလဲရမည်နည်း။
စစ်အုပ်စုက ၁၉၆၂ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ ပုံသဏ္ဍာန်မျိုးစုံဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသည့်နယ် ပယ်ပေါင်းစုံတွင် ဗိုလ်ကျ၊ လွှမ်းမိုး၊ ချုပ်ကိုင်၊ ချယ်လှယ်နေခဲ့သော မြန်မာ့နိုင်ငံရေးအား စစ်အုပ်စု၏ စွက်ဖက်ချယ်လှယ်မှု လုံးဝကင်းစင်သော နိုင်ငံရေးသို့ ပြောင်းလဲလွတ်မြောက်သွားစေရန်ပင် ဖြစ်ပါသည်။
ဤအပြောင်းအလဲအား လက်နက်ကိုင်တော်လှန်ရေးနည်းလမ်း၊ လူထုအုံကြွမှုအရေးတော်ပုံနည်းလမ်း၊ ဥပဒေတွင်းနည်းလမ်း၊ လွှတ်တော် တွင်းနည်းလမ်းများကို တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိဘဲ တသီးတခြားစီ ဆောင်ရွက်ခြင်းဖြင့် မိမိတို့ လိုလားမျှော်လင့်သော ရလဒ်ကို မရရှိနိုင်ခဲ့ ကြောင်း ဖြတ်သန်းခဲ့ပြီးသော အနီးအဝေး သမိုင်းသင်ခန်းစာများက သင်ပြနေပါသည်။
ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ၂၀၀၈ အခြေခံဥပဒေပြပြင်ရေးတို့ကို “၂၀၀၈ အခြေခံဥပဒေ ဘောင်”အတွင်း ဝင်၍ဆောင်ရွက်လျှင် အပြောင်းအလဲ တစုံတရာကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ထင်မြင်ယူဆမှုသည်လည်း ထင်သလို မဖြစ် လာနိုင်ကြောင်း သိရှိနားလည်နေကြပြီလည်းဖြစ်သည်။
လွှတ်တော်တွင်းနည်းလမ်းဆိုသည်မှာ လွှတ်တော်တွင်း ရွေးချယ်ခံအမတ်ဦးရေ စုစုပေါင်းပမာဏတွင် မိမိပါတီလွှတ်တော်အမတ် ဦးရေများက အခြားပါတီအမတ်များထက် အပြတ်အသတ် သာလွန်နေမှသာ အောင်မြင်နိုင်သည့် နည်းလမ်းမျိုးဖြစ်ပါသည်။
လက်တွေ့ကိန်းဂဏန်းအရ ယှဉ်ထိုးပြောရလျှင် အတိုက်အခံပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမတ်ဦးရေ စုစုပေါင်းမှာ (၄၆)ဦးသာရှိပါသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် တည်ရှိနေသော လွှတ်တော် ၂ရပ် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်)ရှိ အမတ်ဦးရေ အချိုးအစားမှာ အောက်ဖော်ပြပါဇယားများအတိုင်း ဖြစ်သည်။
၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်သူ့လွှတ်တော်အတွင်းအမတ်နေရာ အချိုးအစား
(ရွေးချယ်ခံအမတ် ၃၃ဝ + စစ်သားအမတ် ၁၁ဝ = ၄၄၀)
စဉ် ပါတီအမည် အမတ်ဦးရေ
၁။ ကြံ့ခိုင်ရေးပါတီ ၂၁၂ ဦး
၂။ ကာချုပ်၏ စစ်သားအမတ်များ ၁၁ဝ ဦး
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၃၇ ဦး
၄။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ၁၈ ဦး
၅။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ၁၂ ဦး
၆။ အခြားပါတီများ ၁ဝဦးထက် လျော့နည်းသည်
၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် အမျိုးသားလွှတ်တော်အတွင်း အမတ်နေရာ အချိုးအစား
(ရွေးချယ်ခံအမတ် ၁၆၈ + စစ်သားအမတ် ၅၆ = ၂၂၄)
စဉ် ပါတီအမည် အမတ်ဦးရေ မှတ်ချက်
၁။ ကြံ့ခိုင်ရေးပါတီ ၁၂၄ ဦး
၂။ ကာချုပ်၏ စစ်သားအမတ် ၅၆ ဦး
၃။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ၇ ဦး ယခုအခါ “ရခိုင်အမျိုးသားပါတီ”ဟု အမည်ပြောင်း
၄။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ၅ ဦး
၅။ အခြားပါတီများ ၅ဦးထက် လျော့နည်းသည်
ထို့အပြင် လွှတ်တော်အသီးသီးတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အမတ်ဦးရေမှာ ၇၅% သာရှိပြီး ကျန် ၂၅% မှာ ကာချုပ်က စေလွှတ်သည့် မိုးကျရွှေကိုယ် စစ်သားအမတ်ဆိုသူများသာ ဖြစ်ပါသည်။ ထိုစစ်သားအမတ် ၂၅%ကို အချိန်မရွေး ဖယ်ရှားနိုင်သလို/ အစား ထိုးနိုင်ခွင့် ကာချုပ်တွင် အပြည့်အဝရှိသည်။
အထက်ပါဇယားများတွင် ဖော်ပြထားသည့် အမတ်ဦးရေ အချိုးအစားအပေါ် မူတည်၍ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”ကို စဉ်းစားကြည့် လျှင် ကြံ့ဖွံ့ပါတီနှင့် စစ်သားအမတ်များ၏ အဆုံးအဖြတ်ပေါ်တွင် တည်နေကြောင်း အလွယ်တကူ တွေ့မြင်နိုင်သလို ဒီချုပ်ပါတီနှင့်အခြားသော အတိုက်အခံပါတီများ လိုလားသည့် အပြောင်းအလဲမှာ ဖြစ်ပေါ်လာနိုင်စရာမရှိကြောင်းကို သိမြင်သဘောပေါက်နိုင်ပါသည်။ လွှတ်တော်တွင်း နိုင်ငံရေးဆိုသည်မှာ လွှတ်တော်တွင်းအမတ်များစု ရရှိထားသူသာ အနိုင်ရစတမ်း မဟုတ်ပါလား။
ထို့အပြင် အများမျှော်လင့်ထင်မြင်နေကြသလို ၂၀၁၅တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမတ်များက ၁၉၉ဝ ပြည့် ရွေးကောက်ပွဲကဲ့သို့ “အပြတ်အသတ်အနိုင်ရခဲ့လျှင်” ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းတကျ ပြင်ဆင်ပြောင်းလဲသွားနိုင်လိမ့်မည်ဟု မျှော်လင့်နေကြ သည်မှာလည်း ထင်မှတ်မှားနေသည့် ကိစ္စတစ်ခုဖြစ်နေပြန်ပါသည်။
ရွေးကောက်ပွဲက အမတ်ဦးရေစုစုပေါင်း ၇၅% ကိုသာ ရွေးချယ်ပေးနိုင်တာဖြစ်ပြီး ယင်း ၇၅% အပြည့်အဝကို ဒီချုပ်ပါတီက အနိုင်ရလျှင်ပင် (၂၀၁၅ ရွေးကောက်ပွဲတွင် ၇၅ % အပြည့်အဝ အနိုင်ရနိုင်စရာလည်းအကြောင်းမရှိပါ) ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရန် မလွယ်ကူသေးပါ။ ကာချုပ်၏စစ်သားအမတ်များ ပါဝင်ခြင်းမရှိလျှင် အခြေခံဥပဒေပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆တွင် ပြဋ္ဌာန်း ထားချက်များဖတ်ကြည့်လျှင် ရှင်းနေပါသည်။ ကာချုပ်အမိန့်မရလျှင် “မိတ်ဆုံထမင်းစားပွဲ တက်ဝံ့ကြခြင်း မရှိသော စစ်သားအမတ်များသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ထောက်ခံမဲပေးမည်ဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်ဖွယ်ရာမရှိပါ၊
“၂၀၀၈ အခြေခံဥပဒေ”၏ အနှစ်သာရဆိုသည်မှာ စစ်အုပ်စု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်ပေါင်းစုံ တွင် ဗိုလ်ကျလွှမ်းမိုး၊ ချုပ်ကိုင်၊ ချယ်လှယ်မှုမှန်သမျှကို အကာအကွယ်ပေးထားခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် စစ်အုပ်စုက စစ်တပ်ကို လွှမ်းမိုးချုပ်ကိုင်ထားပြီး နိုင်ငံရေးလုပ်နေသည့်အချက်ပင်ဖြစ်သည်။ ယင်းအချက်ကို အခြေခံဥပဒေထဲမှ ဖယ်ရှားပစ်ရေးသည် ပြင်ဆင်ရေး၏ ဦးတည်ချက်ပင်ဖြစ်ရမည်။
သို့ပါ၍ စစ်မှန်သော ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်လိုကြသော နိုင်ငံရေးအင်အားစု အသီးသီးသည် နယ် ပယ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံသုံး၍ စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်အား တညီတညွတ်တည်း တိုက်ဖျက်ဖြိုခွင်းပစ်ကြရပေလိမ့်မည်။