မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်)
ကာချုပ်က ၂၀၀၈ အခြေခံဥပဒေကို “အသက်”လို့ပြောတာ ကြားရ၊ ဖတ်ရသည်။ သို့ဖြင့် “အခြေခံဥပဒေနဲ့ အသက်” ဆိုသည့် အကြောင်းအတွေးပွားပြီး စဉ်းစားမိသည်။ တွေးတောစဉ်းစားမိသမျှကို ယခု တင်ပြလိုက်ပါသည်။
လွတ်လပ်ပါသည်ဆိုသော မြန်မာနိုင်ငံ၌ အခြေခံဥပဒေ သုံးခု ရှိခဲ့ဖူးသည်။ ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ ဟူ၍ဖြစ်သည်။ ယင်းသုံးခုအနက် နှစ်ခုမှာ (၁၉၇၄နှင့် ၂၀၀၈ အခြေခံဥပဒေ) စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့ကြသည့် အခြေခံဥပဒေများဖြစ်သည်။
၁၉၄၇ အခြေခံဥပဒေသည် (၁၉၄၈မှ ၁၉၆၂ မတ်လ ၂ရက်နေ့အထိ) ၁၄နှစ်မျှသက်တမ်းရှိခဲ့ပြီး ၁၉၇၄ အခြေခံဥပဒေသည် လည်း ၁၉၄၇ အခြေခံဥပဒေကဲ့သို့ပင် (၁၉၇၄ မှ ၁၉၈၈ အထိ) ၁၄နှစ်ခန့်မျှသာ သက်တမ်းရှိခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေက တော့ မည်မျှသက်တမ်းကြာမည်မသိ။ ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ရေတွက်မည်ဆိုလျှင် ၃နှစ်ကျော် သက်တမ်းရှိလာနေခဲ့ပြီဖြစ် သည်။
၁၉၆၂မှ ယနေ့အထိ ၅၂နှစ်တာကာလအတွင်း အုပ်စိုးခဲ့သည့် စစ်အုပ်စုအဆက်ဆက်သည် အခြေခံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့သ လို အခြေခံဥပဒေများကိုလည်း စိတ်ကြိုက်ရေးဆွဲနိုင်ခဲ့သည်ကို တွေ့ရမည်။
– ဤသို့ပြုလုပ်နိုင်ခြင်းမှာ စစ်အုပ်စုသည် စစ်တပ်တစ်ခုလုံးကို ချုပ်ကိုင်လွှမ်းမိုးထားနိုင်ခြင်းကြောင့်ဖြစ်သည်။ ၁၉၄၇ အခြေခံဥပ ဒေကို သေနတ်ဖြင့် ဖျက်သိမ်းပစ်ခဲ့ပြီး ၁၉၇၄အခြေခံဥပဒေနှင့် ၂၀၀၈အခြေခံဥပဒေကိုလည်း စစ်အုပ်စုက သေနတ်ဖြင့်ရေးဆွဲ ပြီး သေနတ်ဖြင့်သာ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
– ကာချုပ်က “နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စများ လက်နက်ကိုင်ပြီး ဝင်ရောက်စွက်ဖက်၍မရဘဲ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း” ပြောနေသည်မှာ ရယ်ဖွယ်ကောင်းလှသည်။
– “၁၉၆၂ အာဏာသိမ်းခြင်း”သည် နိုင်ငံတော်၏ အုပ်ချပ်ရေးနှင့် နိုင်ငံရေးကိစ္စများတွင် စစ်တပ်က လက်နက်ကိုင်ပြီး စွက်ဖက် ခြင်း မဟုတ်ပါသလော။
– ၁၉၈၈ စစ်တပ်မှ အာဏာသိမ်းခြင်းနှင့် ၁၉၈၈မှ ၂၀၁၁ထိ ၂၃နှစ်တာကာလအတွင်း (နဝတ-နအဖ) စစ်အုပ်စု၏ လုပ်ဆောင် ချက်များသည့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးတွင် လက်နက်နဲ့ ဗြောင်ပါဝင်ကျူးကျော်စွက်ဖက်ခဲ့ခြင်းပင် မဟုတ်ပါသလော။ “အမျိုး သားနိုင်ငံရေးတွင် စစ်တပ်က ပါဝင်ရေး” ဆိုသည်မှာလည်း စစ်တပ်က အုပ်ချုပ်ရေး၊နိုင်ငံရေးတွင် ထာဝစဉ်ဗိုလ်ကျ လွှမ်းမိုးချယ် လှယ်ရန်အတွက်ပင် မဟုတ်ပါလော။
– ဗိုလ်နေဝင်းစစ်အုပ်စုသည် ၁၉၆၂မှ ၁၉၇၄အထိ ၁၂နှစ်မျှ အခြေခံဥပဒေမရှိဘဲ အုပ်စိုးခဲ့ပြီး ၁၉၇၄မှ ၁၉၈၈အထိ ၁၄နှစ်မျှ “၁၉၇၄ အခြေခံဥပဒေ”ကို စိတ်ကြိုက်ရေးဆွဲအတည်ပြုကာ (မဆလ) တစ်ပါတီစနစ်ဖြင့် အုပ်စိုးခဲ့သည်။
– ဗိုလ်စောမောင် – ဗိုလ်သန်းရွှေ စစ်အုပ်စုသည် ၁၉၈၈မှ ၂၀၁၁အထိ ၂၃နှစ်မျှ အခြေခံဥပဒေမရှိဘဲ အုပ်စိုးခဲ့ပြီး “၂၀၀၈ အခြေခံ ဥပဒေ” ကို စိတ်ကြိုက်ရေးဆွဲ အတည်ပြုပြီး အုပ်စိုးနေပြန်ပါသည်။
– ခြုံငုံကြည့်လျှင် စစ်အုပ်စုအဆက်ဆက် အာဏာသိမ်းထားသည့် ၅၂နှစ်တာကာလအတွင်းတွင် အခြေခံဥပဒေနှင့် အုပ်စိုးသည် ဆိုသည်မှာ ၁၇နှစ်မျှလောက်သာရှိသည်။ (ထိုအခြေခံဥပဒေ ဆိုသည်မှာလည်း ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားခြင်းဖြစ်သည် ဆို သည့်အချက်ကို သတိမူကြရမည်)
– သို့ပါ၍ ကာချုပ်အနေဖြင့် အခြေခံဥပဒေသည် “အသက်”ဟုပြောနေသည်မှာ ဖြစ်ရပ်နဲ့မကိုက်ညီပါ။ “သေနတ်သည်သာ အသက်”ဟု ပြောမှသာ အပြောနဲ့ လက်တွေ့ တကယ်တမ်း ကိုက်ညီပေလိမ့်မည်။
၁၉၄၇ အခြေခံဥပဒေကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းစစ်အုပ်စုက ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်သည်။ ထိုစဉ်က ၁၉၄၇ အခြေခံဥပဒေအရ၊ ရွေးကောက်ပွဲဖြင့် (ထိုရွေးကောက်ပွဲကို ဗိုလ်နေဝင်း၏ “အိမ်စောင့်အစိုးရ”က ကျင်းပပေးခဲ့ခြင်းဖြစ်သည်) အာဏာရရှိခဲ့သော ဦးနု၏ (ပထစ) အစိုးရအဖွဲ့ဝင်များအားလုံးကို ဖမ်းဆီးခဲ့သည်။ ထိုအာဏာသိမ်းပွဲတွင် သမ္မတဟောင်း စဝ်ရွှေ သိုက်၏သား သေဆုံးခဲ့ရသည်။ လူမျိုးစုလွှတ်တော်အမတ် သီပေါစော်ဘွား စဝ်ကြာဆိုင်အား စစ်ထောက်လှမ်းရေးက ဖမ်းဆီး သတ်ဖြတ်ခဲ့သည်မှာ ကျန်ရစ်သူမိသားစုအဖို့ အလောင်းပင် ပြန်မရခဲ့ချေ။ အလွတ်သတင်းထောက်ကိုပါကြီး၏ ကျန်ရစ်သူမိသား စုပင်လျှင် အလောင်းပြန်ရသေးသည်။
ထိုသို့ စစ်တပ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော (ဗကသ)၊ (တကသ)ကျောင်းသားများကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက် သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင်(တကသ) အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုချပစ်ခဲ့သည်။
ယင်းနောက် အာဏာသိမ်းစစ်အုပ်စုက ၁၉၆၂မှ ၁၉၇၄အထိ “တော်လှန်ရေးကောင်စီ”အမည်ဖြင့် အခြေခံဥပဒေမရှိဘဲ ၁၂နှစ်မျှ အုပ်ချုပ်ခဲ့သည်။ ထိုကာလအတွင်း ကော်ကဆာစောဟန်တာသာမွှေး ခေါင်းဆောင်သော (ကရင်တော်လှန်ရေးကောင်စီ- KRC) သည် ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီထံ လက်နက်ချခဲ့သည်။ “ကော်သူးလေပြည်နယ်” ဆိုသည့်အမည်ကို “စတိ” ကြေညာပေးခဲ့ပြီးနောက်ပိုင်းတွင် ထို “ကော်သူးလေ” ဆိုသည့်အမည်ကို ဖျက်သိမ်းပစ်လိုက်သည်။
ထို့နောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် (မဆလ)ဥက္ကဋ္ဌကြီး၊ နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းထံ အာ ဏာလွှဲပြောင်းပေးခဲ့သည်။ ယနေ့တွင် (နဝတ-နအဖ)စစ်ဗိုလ်ချုပ်ကြီးများကမူ ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းခဲ့သော “ကြံ့ဖွံ့အသင်း” အား “ကြံ့ဖွံ့ပါတီ”အဖြစ်ပြောင်းပြီး ဗိုလ်ချုပ်ကြီးသိန်းစိန်မှ သမ္မတကြီးဦးသိန်းစိန်ထံ အာဏာလွှဲပြောင်းပေးခဲ့သည်။
“ဗိုလ်ချုပ်ကြီးနေဝင်း”မှ “သမ္မတကြီး ဦးနေဝင်း”ထံ အာဏာလွှဲပြောင်းသည်မှာ ညင်သာလှ၏။ ထိုနည်းတူပင် “ဗိုလ်ချုပ်ကြီး သိန်းစိန်”မှ “သမ္မတကြီးဦးသိန်းစိန်”ထံ အာဏာလွှဲပြောင်းပေးသည်မှာလည်း ဘာမျှ ထစ်ငေ့ါနေစရာမရှိပါ။ ထူးခြားဆန်းကျယ် သည့်ကိစ္စလည်း မဟုတ်ပါ။ မိမိဝဲဘက်လက်ထဲမှ “ငှက်ပျောသီး”ကို ယာဘက်လက်ထဲသို့ လွှဲပြောင်းပေးခြင်းမျိုးပင် မဟုတ်ပါ လား။
ဤသို့သောလုပ်ရပ်ကို လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းက ကြံဖန်ဂုဏ်ယူနေသေးသည်လည်း ရယ်စရာကောင်းလှသည်။
၁၉၇၄မှ ၁၉၈၈အထိ ၁၉၄၇ အခြေခံဥပဒေဖြင့် အုပ်စိုးခဲ့ပြီး (မဆလ)တစ်ပါတီစနစ် ကျင့်သုံးခဲ့သည်။ ထိုစဉ်က စစ်တပ်တစ်တပ် လုံး (မဆလ)ပါတီထဲဝင်ပြီး တစ်ပါတီနိုင်ငံရေး လုပ်ခဲ့ကြသည်။ ထိုစဉ်က အမျိုးသားနိုင်ငံရေးပဲ လုပ်ရမည်၊ ပါတီနိုင်ငံရေး မလုပ် ရ၊ အမျိုးသားနိုင်ငံရေးက မြင့်မြတ်ပြီး ပါတီနိုင်ငံရေးနိမ့်ကျသည်။ စစ်တပ်သည် “အကြိုက်ဆောင်နိုင်ငံရေးနှင့် ဝေးဝေးနေခဲ့ကြ သည်”ဟု ဘယ်စစ်ဗိုလ်စစ်သားကမျှ မပြောခဲ့၊ မရေးခဲ့ကြချေ။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားလာသောအခါ ၁၉၇၄ အခြေခံဥပဒေသည် ပျက်ပြားရပ်ဆိုင်းသွားခဲ့ပြီး (မဆလ)ပါတီ ကြီးသည်လည်း မိုက်ဇာတ်သိမ်း နိဂုံးချုပ်သွားတော့သည်။ (မဆလ) တစ်ပါတီအစိုးရ၏ နောက်ဆုံးသမ္မတ ဒေါက်တာမောင် မောင်က စစ်တပ်တစ်တပ်လုံးကို (မဆလ) ပါတီထဲက နှုတ်ထွက်ခွင့်ပေးပြီး အာဏာသိမ်းခိုင်းလိုက်သည်။ ထိုအခါမှစတင်၍ အာ ဏာသိမ်း(နဝတ)စစ်အုပ်စုသည် စစ်တပ်က တစ်ပါတီနိုင်ငံရေးလုပ်ခဲ့သည်ကို ဟန်ဆောင်ပန်ဆောင်မေ့ပစ်ပြီး ပါတီနိုင်ငံရေး သည် မကောင်း/ အမျိုးသားနိုင်ငံရေးသည် ကောင်းသည်ဆိုသော ဆိုင်းဘုတ်ကို အရှက်ကင်းမဲ့စွာ ထောင်လာခဲ့တော့သည်။
စစ်အုပ်စု တကယ်တမ်း လုပ်နေသည်မှာ စစ်တပ်ကို လွှမ်းမိုးချုပ်ကိုင်ပြီး နိုင်ငံရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးစတဲ့ နယ်ပယ်ပေါင်းစုံမှာ ဗိုလ်ကျလွှမ်းမိုး ချယ်လှယ်နေခြင်းသာဖြစ်သည်။ သို့ပါ၍ ယနေ့မြန်မာ့နိုင်ငံရေး၏ အဓိက ဦးတည်ချက်နှင့် ဖျက်သိမ်းပစ်ရမည့် အဓိကလုပ်ငန်းတာဝန်မှာ စစ်အုပ်စုက စစ်တပ်ကို လွှမ်းမိုးချုပ်ကိုင်ပြီး ချယ်လှယ်နေသည့် အချက်ပင် ဖြစ်သည်။
ညွန်း
– ကာချုပ်နှင့် VOA အင်တာဗျူး (၂၂-၁၁-၂၀၁၄)
– ကာချုပ်ပြောကြားချက် – ၁ ဒီဇင်ဘာ၊ တီကျစ်တပ်နယ်ခန်းမ၊ မြဝတီသတင်းစာ၊၂-၁၂-၂၀၁၄