ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်စာပေယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ဦးစီးပြီး ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ဩဂုတ်လ ၉ရက်နေ့ တွင် ကျင်းပသည့် (၃၇)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲအခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်ဆင်နွဲခဲ့သည်။
ထိုအခမ်းအနားတွင် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ပဒိုစောလှ ထွန်းတို့ ဦးဆောင်သည့်အဖွဲ့က ကရင်ရိုးရာလက်ချည်ပွဲကို မြို့ခံလူထုနှင့်အတူ ဆင်နွှဲလိုသည့်အတွက် ယခုလို အခမ်းအနားသို့ တက်ရောက်ရခြင်းဖြစ်သည်ဟု ၎င်းကေအဲန်ယူအဖွဲ့က ပြောဆိုသည်။
“ကျနော်တို့ တက်ရောက်ဖြစ်တဲ့ အကြောင်းရင်းကတော့ ဒီကနေ့မှာ ကေအဲန်ယူအနေနဲ့ ကိုယ့်ဟာကိုယ် သီးသန့်မနေဘဲ ကိုယ့် ကရင်လူထုတွေနဲ့ ပေါင်းပြီးတော့ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို အကုန်လုံး ပူးပေါင်းဆောင်ရွက်ဖို့အတွက် တက် ရောက်တာဖြစ်တယ်”ဟု ပဒိုစောသမိန်ထွန်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့ အပါအဝင် အစိုးရ ဌာနဆိုင်ရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖားအံမြို့နယ်ရှိ ဒေသခံများ စုစုပေါင်း တစ်ထောင်ခန့် အဆိုပါလက်ချည် ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ကရင်ရိုးရာလက်ချည်ပွဲ ဖြစ်မြောက်ရေးကော်မတီတစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာက “KNU တက်ရောက်တာတော့ သူတို့လည်း လမ်းကြုံသွားတာပေါ့နော်။ ကျမတို့ဘက်ကလည်း အခမ်းအနားကို တက်ရောက်ဖို့ ဖိတ် ကြားတာဖြစ်တယ်။ နောက်ပြီးတော့ အခုလိုမျိုး သူတို့ တက်ရောက်အားပေးတာ ကျမတို့အနေနဲ့ ပိုပြီးဝမ်းသာတယ်”ဟု ကေ အိုင်စီသို့ ပြောသည်။
လက်ချည်ပွဲအခမ်းအနားတွင် ကရင်လူငယ်များမှ ကရင်ရိုးရာလက်ချည်ပွဲ ဖြစ်ပေါ်လာပုံအကြောင်းကို ပိုးကရင်ဘာသာ၊ စကော ကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပြောကြားပြီးနောက် လက်ချည်ပွဲ အစီအစဉ်စတင်ကာ တစ်ဆက်တည်းမှာပင် လူငယ် များက ရိုးရာဒုံးယိမ်းအကများ၊ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ခမ်းမတွင် ကရင့်ရိုးရာလက်ချည်မဂင်္လာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည်မှာ ယခု ဆိုလျှင် ၃၇ကြိမ်မြောက်ဖြစ်ပြီး ယမန်နှစ်ကလည်း KNU ထိပ်ပိုင်းခေါင်းဆောင်များ အလားတူ တက်ရောက်ခဲ့ကြောင်းသိရသည်။