စောရန်နိုင်မင်း ၂၄ နှစ်
ဝါသနာ လူမှုရေးလုပ်ငန်း
ပညာအရည်အချင်း ဘွဲ့ရ(ပထဝီ)
ကျနော်ရဲ့ ဇာတိကတော့ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာက ဖြစ်ပါတယ်။ ကျနော်မှာ မောင်နှမ သုံးယောက်ရှိပါတယ်။ ကျနော်က အငယ်ဆုံးပါ။ ကျနော်ရဲ့မိဘတွေကတော့ ရွာမှာပဲ နေတယ်။ အဖေကတော့ လက်သမားအလုပ်လုပ်တယ်။ အမေကတော့ ကျဘမ်းပဲ လုပ်ပါတယ်။ ကျနော် ငယ်ငယ်လေးကတည်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ဖားအံမြို့ အထက (၃) ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ကျနော် ၁ဝ တန်းကို ၂၀၀၈ ခုနှစ်မှာ အောင်မြင်ခဲ့တယ်။ တက္ကသိုလ်ကိုတော့ ဖားအံတက္ကသိုလ်မှာပဲ တက်ခဲ့ပြီးတော့ ပထဝီမေဂျာ(ဘာသာရပ်)နဲ့ ၂၀၁၁ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။
ကျနော်က ငယ်ငယ်ကတည်းက လူတွေကို ကူညီချင်တဲ့စိတ်ရှိတယ်၊ သနားတတ်တယ်။ ဒါက ကျနော်ရဲ့ နဂိုမွေးရပါ ဗီဇပဲ။ လူမှုရေးအလုပ်ကို ဝါသနာပါတာပေါ့။ ဝါသနာပါလို့ ငယ်ငယ်က ကျောင်းတက်တုန်းက ဆိုရင် ကျောင်းဆရာ၊ ဆရာမတွေက ဒီလူမှုရေးနဲ့ပတ်သက်ပြီးတော့ ကျနော်ကို အားကိုးတယ်။ ဒါကြောင့် ကျောင်းပြီးသွားတော့ အပြင်လောကရောက်တဲ့အခါ ကိုယ့်ပြည်နယ်မှာရှိနေတဲ့ ကိုယ့်ကရင်ပြည်သူ တွေဟာ ဒုက္ခရောက်နေတာကိုကြည့်ပြီး ကျနော်အနေနဲ့ ကူညီချင်တယ်။
အခုလက်ရှိမှာတော့ ဖားအံမြို့မှာ အခြေစိုက်တဲ့ ငြိမ်းဖောင်ဒေးရှင်းမှာလုပ်နေပါတယ်။ ဒီအဖွဲ့ထဲမှာတော့ ၂၀၁၃ခုနှစ်မှာ ဝင်လုပ်တယ်။ အခုဆိုရင် တစ်နှစ်နီးပါးရှိပြီ။ လက်ရှိမှာတော့ ငြိမ်းဖောင်ဒေးရှင်းရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းအိုင်ကဒ်ဘာသာပေါင်းစုံ ဒု-တာဝန်ခံတစ်ဦးအနေနဲ့ ကျနော်တာဝန်ယူ လုပ် ဆောင်နေပါတယ်။ ဒီကဏ္ဍမှာ ဘာသာပေါင်းစုံက လူငယ်တွေ ညီညွှတ်မှုရှိအောင် ကျနော်တို့ ပညာပေး ဆွေးနွေးမှုတွေ လိုက်လုပ်ခွင့်ရတဲ့အတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကလည်း လူမှုရေး အလုပ်တစ်ခု ပါပဲ။ လောလောဆယ်တော့ ကျနော်ဒီအလုပ်ပဲ ဆက်လုပ်သွားမယ်။
နောက်တစ်ခုက လက်ရှိအခြေအနေအရ ကရင်ပြည်နယ်ထဲမှာ လယ်မြေတွေအသိမ်းခံရတဲ့ ကိစ္စဖြစ်ပေါ်နေ ပါတယ်။ ဒီလယ်ယာမြေ အသိမ်းခံရတဲ့သူတွေဟာ ကိုယ့်ဒေသခံတွေ ဖြစ်တယ်။ ပြီးတော့ သူတို့တွေဟာ ဒီလယ်မြေတွေကိုပဲ အားကိုးပြီးတော့ အသက်မွေးဝမ်းကြောင်းနေရတာပါ။ ဒီအချိန်မှာ သူတို့ လယ်ယာမြေ တွေ အသိမ်းခံရတော့ သူတို့မှာ အလုပ်လက်မဲ့ဖြစ်တယ်။ စားစရာမရှိတော့သလို စားဝတ်နေရေးအတွက် တော်တော်ဒုက္ခရောက်ကြရတယ်။ အဲဒါကို စိတ်မကောင်းဖြစ်မိပြီး ကူညီချင်စိတ်တွေ တအားပြင်းထန် တယ်။ ဒါကြောင့် လူမှုရေးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ဒေသမှာ လယ်ယာမြေသိမ်းမှုကိစ္စကြောင့် နစ်နာသွားတဲ့ ဒေသခံရွာသားအတွက် တတ်နိုင်သလောက် ကူညီနိုင်တဲ့အပိုင်းရှိရင် ကူညီသွားဖို့ ဆန္ဒရှိမယ်။
နောက်ဆုံးအနေနဲ့ ကရင်လူငယ်တွေကို ကျနော်ပြောချင်တာကတော့ ကိုယ့်ကရင်လူမျိုးကို ကူညီ စောင့်ရှောက်ပါ။ ကိုယ်တတ်ထားတဲ့ ပညာလေးနဲ့ အတတ်နိုင်ဆုံးဖေမကြပါ။ အဖိနှိပ်ခံဘဝကနေ ရုန်းထွက်နို်င်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။