အလွဲအပြောင်းလမ်းပေါ်ဝယ်
ဇွန်လ ၂ဝရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ ဖြစ်သည့်အားလျော်စွာ ဒုက္ခသည်များ တည်ရှိနေသော နေရာများ ၌ အခမ်းအနားများ ကျင်းပခဲ့ကြရာတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လူဦးရေ တစ်သိန်းသုံးသောင်းကျော်သော မြန်မာဒုက္ခသည်စခန်း များလည်း ပါဝင်ပေသည်။ ယခုနှစ်တွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် “You are the way forward” ဆိုသည့် ဆောင်ပုဒ် လေးတစ်ခုကို မြင်တွေ့မိလိုက်သည့်အပေါ် အနက်အဓိပ္ပါယ်တစ်ခုကို အတွေးနယ်ချဲ့မိခဲ့ရသည်။
လူသားချင်းအတူတူ “ဒုက္ခသည်”ဟူသော ခေါ်ဝေါ်သတ်မှတ်မှုဖြင့် ဒုက္ခသည်စခန်းများအတွင်းက မြန်မာတိုင်းရင်းသားများမှာ သိမ်ငယ်နေကြရသလို ဖြစ်ရှိနေရသည့်ဘဝတွင် သက်ရှင်နေထိုင်နေကြသည်။ ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာ နေရသူ ဌာနေမဲ့ ပြည်တွင်းဒုက္ခသည်များ၊ နေရပ်ပြန်သင့်သည့် ဒုက္ခသည်များ စုစုပေါင်း ၁.၂သန်းရှိကြောင်း ယခုနှစ် အပြည် ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့တွင် ထုတ်ပြန်လိုက်သည်။ ထိုင်း-မြန်မာနယ်စပ်တွင် ကရင်ဒုက္ခသည်စခန်း ၇ခုနှင့် ကရင်နီဒုက္ခ သည်စခန်း ၂ခုသာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အသိအမှတ်ပြုမှုခံရသော်လည်း ပြည်တွင်း တွင် နေရပ်စွန့်ခွါ၍ ထွက်ပြေးပုန်းရှောင်နေထိုင်နေရသူ ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ကချင် အစရှိသော ဌာနေမဲ့ ဒုက္ခသည်များ လည်း ဒုနှင့်ဒေး ရှိနေဆဲပင်ဖြစ်သေးသည်။
လက်ရှိ မြန်မာကြံ့ဖွံ့အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခဲ့သည်မှာ ၂နှစ်ခွဲနီးပါးရှိပြီးဖြစ်သည်။ ထိုကာလအတောအတွင်း ဒုက္ခသည်များသည် ဒေသန္တရအစိုးရက ၎င်းတို့အား နေရပ်ပြန်လည်ပို့ဆောင်မည်ဟူသော ကောလ ဟလများအပြင် ထိုင်းနိုင်ငံအတွင်းရှိ မက်ဖလောင်ဖောင်ဒေးရှင်း၏ သဘောထားစစ်တမ်း ကောက်ယူမှုများကြောင့် မရေရာ သော အနာဂတ်အတွက် လမ်းစမဲ့နေခဲ့ရသည်။ အလားတူ ထိုင်းနိုင်ငံအတွင်း စစ်တပ်က မေလ ၂၂ရက်နေ့တွင် အာဏာသိမ်း ယူခဲ့ရာ ဒုက္ခသည်များမှာ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုအပေါ် ၎င်းတို့အား နေရပ်ပြန်ပို့ရေးအတွက် ဆင့်ကဲစိုးရိမ်နေကြသည်။
ထိုင်းစစ်တပ်များသည် ဇွန်လလယ်က မဲဆောက်မြို့တွင် UNHCR နှင့် NGO များကို တွေ့ဆုံရာတွင် ၎င်းတို့၏ မျက်မှောက် အုပ် ချုပ်နေရမှု မူဝါဒအခြေအနေကို ရှင်းပြရင်း ဒုက္ခသည်များအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။ အလားတူ ဇွန် ၂၇ရက်က လည်း UNHCR ၏ သုတေသနတာဝန်ခံနှင့်အဖွဲ့ နယ်စပ်ရှိ ကရင်လူထုအခြေပြုအဖွဲ့များ၊ ဒုက္ခသည်စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်များအပေါ် ဒုက္ခသည်များ၏ သဘောထားအမှန်ကို သိရှိရန်အ လို့ငှာ ဆွေးနွေးမေးမြန်းခဲ့သည်။
လူတိုင်းသည် မိမိမွေးရပ်မြေ၊ မိမိဌာနေကို မလွမ်းဆွတ် မတမ်းတသူ၊ မပြန်လိုသူဟူ၍ မရှိ။ သို့သော် မိမိဇာတိနေရာတွင် လက် နက်ကိုင်အဖွဲ့များ အသီးသီး ထောင်ထားခဲ့သည့် မိုင်းများကို အစိုးရ၊ လက်နက်ကိုင်အဖွဲ့များ၊ မိုင်းပညာရှင်များနှင့် လူမှုအဖွဲ့အ စည်းများ အားလုံး ပူးပေါင်းပါဝင်မှုဖြင့် သိသာထင်ရှားစွာ ရှင်းလင်းခြင်းမရှိသေးသလို မငြိမ်းသေးသော ပြည်တွင်းစစ်မီးကလည်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ခက်ခဲလျှက်ပင်ရှိနေသေးသည်။
အဆိုပါဒုက္ခသည်များကို တောက်လျှောက်ပံ့ပိုးပေးနေသည့် နယ်စပ်အကူအညီပေးရေး ညွှန့်ပေါင်းအဖွဲ့-TBC က ကရင်၊ ကရင် နီ၊ မွန်နှင့် ရှမ်းလူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၃ခုနှစ်အတွက် ထုတ်ဝေခဲ့သော အစီရင်ခံစာတွင် မြန်မာနိုင်ငံအ ရှေ့တောင်ပိုင်းရှိ ပြည်သူများ၏ ဆင်းရဲမွဲတေမှု၊ အိုးအိမ်အခြေပျက် ပြောင်းရွှေ့ရမှုနှင့် ဒေသန္တရ အစိုးရစနစ်ကို ဖော်ပြခဲ့သည်။ ဤ အခြေအနေသည် နှစ်နိုင်ငံနယ်စပ်တွင် နှစ်ပေါင်း ၃ဝနီးပါးကြာ နေထိုင်လာခဲ့ရသည့် ဒုက္ခသည်များအဖို့ နေရပ်ပြန်ရေး ခက်ခဲ သေးသလို အခါအားလျော်စွာ နှစ်ဖက်နိုင်ငံ၏ နိုင်ငံရေး အလှည့်အပြောင်းကြားက အလွဲအပြောင်းလမ်းများပေါ်ဝယ် ရုပ်ပိုင်းဆိုင် ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများ လွယ်ပိုးရင်း ဇကောအတွင်း လူးလိမ့်နေရသည့် ဇီးဖြူသီးလေးများပမာ ဖြစ်နေရရှာပေတော့သည်။