Home သတင်း ဇွန်လအတွင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲ‌ပေါင်း (၁၆)ကြိမ်ဖြစ်ပွားဟု TNLA ‌ပြောဆို

ဇွန်လအတွင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲ‌ပေါင်း (၁၆)ကြိမ်ဖြစ်ပွားဟု TNLA ‌ပြောဆို

1953

ဇွန် ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ တအာင်း(ပ‌လောင်)ပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး(PSLF)လက်‌အောက်ခံ တအာင်းအမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)နှင့် မြန်မာအစိုးရ စစ်တပ်အကြား ယခုဇွန်လ ၂၃ရက်‌နေ့အထိ တိုက်ပွဲ‌ပေါင်း ၁၆ကြိမ် ဖြစ် ပွားခဲ့‌ကြောင်း TNLA သတင်းနှင့် ပြန်ကြား‌ရေးဌာန၏ တိုက်ပွဲမှတ်တမ်းအရ သိရသည်။

လက်ရှိ တအာင်း‌ဒေသအတွင်း လှုပ်ရှား‌နေသည့် အစိုးရစစ်တပ် စကခ(၁၆)၊ တပ်မ(၇၇)နှင့် တပ်မ(၈၈) စသည်တို့၏ လက် ‌အောက်ခံတပ်ရင်းများနှင့် TNLA တို့ ဖြစ်ပွား‌နေသည့်တိုက်ပွဲ‌ကြောင့် ယခုထိ ဇွန်လအတွင်း TNLA ဘက်မှ ၄ဦးကျဆုံးပြီး အစိုးရ စစ်တပ်ဘက်မှ ၂၄ဦးကျဆုံးကာ ၁၈ဦး ဒဏ်ရာရရှိ‌ကြောင်း TNLA သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မိုင်းအိုက်‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့နဲ့ အစိုးရ တိုက်ပွဲဖြစ်တာက‌တော့ ဒီလ ၁၁ရက်‌နေ့ကစလို့ ‌နေ့စဉ် ရက်ဆက်သလိုပါပဲ။ တိုက်ပွဲက အကြီး မဟုတ်‌ပေ မယ့် ထိုးစစ်ဆင်တိုက်ပွဲပဲ။ ဒီလက ပြီးခဲ့တဲ့ ၅(‌မေ)လပိုင်းထက် တိုက်ပွဲများနိုင်မယ့် အ‌နေအထားရှိတယ်။ ဒီလို တိုက်ပွဲ‌တွေ ဆက်တိုက် ဖြစ်တာကလည်း အစိုးရစစ်တပ် ထိုးစစ်ဆင်မှု များလာလို့ ဖြစ်ပါတယ်”ဟု ဗိုလ်မိုင်းအိုက်‌ကျော်က ‌ပြောဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် ရှမ်းပြည်နယ်ရှိ TNLA အ‌ခြေစိုက်ရာ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ ‌ကျောက်မဲ၊ နမ့်ဆန် စသည့် မြို့နယ်တို့တွင် ဖြစ်ပွားလျှက်ရှိပြီး ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲအဖြစ်များဆုံး ဖြစ်‌ကြောင်း TNLA က ဆိုသည်။

TNLA နှင့် အစိုးရစစ်တပ်အကြား ယခင် ‌မေလအတွင်း တိုက်ပွဲ‌ပေါင်း (၁၇)ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြား ‌ရေးဌာန၏ တိုက်ပွဲမှတ်တမ်းတွင် ‌ဖော်ပြထားသည်။

အဆိုပါအ‌ခြေအ‌နေနှင့် ပတ်သက်၍ UNFC ဒုတိယ ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “အခုဟာ ဗမာပြည်‌တောင်ပိုင်းမှာ‌တော့ အပစ်ရပ်ထားတဲ့အတွက် အစိုးရတပ်‌တွေက ‌မြောက်ပိုင်း‌ဒေသဖြစ်တဲ့ ရှမ်း၊ ကချင်‌တွေဘက်ကို တပ်အင်အား‌တွေ သွားပို့တာ ‌ကြောင့် အဲဒီဘက်မှာ တိုက်ပွဲ‌တွေက အဖြစ်များ‌နေတာ‌ပေါ့။ အဲဒီ‌ဒေသမှာ ပ‌လောင်တင်မကဘူး။ ကိုးကန့်အဖွဲ့-MNDAA နဲ့လည်း တိုက်ပွွဲဖြစ်တာရှိတယ်”ဟု ‌ပြောဆိုသည်။

တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)သည် ၁၉၉၂ခုနှစ်က ကရင်ပြည်နယ်၊ မာနယ်ပ‌လော၌ ဖွဲ့စည်းခဲ့သည့် ပ‌လောင်ပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး(PSLF)၏ နိုင်ငံ‌ရေးဦး‌ဆောင်မှုဖြင့် ၂၀၀၉ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ် ဖွဲ့ဖြစ်ပြီး လက်ရှိ အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု မရရှိ‌သေးသည့်အဖွဲ့ ဖြစ်သည်။