Home သတင်း ဘန်ကောက်တွင် ဒုတိယအကြိမ် အရှေ့ပိုးကရင်စာသင်တန်း OKRSO ဆက်လက်ဖွင့်လှစ်မည်

ဘန်ကောက်တွင် ဒုတိယအကြိမ် အရှေ့ပိုးကရင်စာသင်တန်း OKRSO ဆက်လက်ဖွင့်လှစ်မည်

246

ဇွန် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် ကရင်ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနှင့် အင်္ဂလိပ်စာအပြင် အရှေ့ပိုး ကရင်စာ ပေသင်ကြားသည့် ရက်တိုသင်တန်းကို ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO)က ဘန် ကောက်မြို့တွင် ဇူလိုင်လအတွင်း ဒုတိယအကြိမ် ဆက်လက် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဟု သိရသည်။

ဘန်ကောက်မြို့ရှိ OKRSO Every Sunday School (Scared Heart Convent School) ခေါင်တိန်ခရစ်ယာန်ဘုရားရှိခိုးကျောင်း တွင် အပတ်စဉ် တနင်္ဂနွေနေ့၌ အရှေ့ပိုးကရင်စာပေအပြင် အင်္ဂလိပ်နှင့် ထိုင်းဘာသာရပ်တို့ကို သင်ကြားပေးနေခြင်းဖြစ်ပြီး ယခု ၂၀၁၄ခုနှစ်အတွင်း သင်တန်းဖွင့်လှစ်ရန် ဇွန်လ ၂၉ရက်မှ ဇူလိုင်လ ၂၀ရက်နေ့အထိ သင်တန်းတက်ရောက်လို ကရင်အလုပ်သ မားများ၏ အမည်စာရင်းကို ဆက်လက်လက်ခံသွားမည်ဟု OKRSO စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ နော်မူးနိုင်က ကေအိုင်စီသို့ ပြောသည်။

“သင်တန်းစမှာက အမည်စာရင်းကောက်ခံတဲ့ နောက်ဆုံးရက် ဇူလိုင်လ ၂၀ရက်နေ့ပါ။ မနက်ပိုင်း ၉နာရီကနေ ညနေ ၄နာရီအ ထိ ပို့ချသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ လေးလပေါ့။ ဒီသင်တန်းဖွင့်ရတာက အထူးသဖြင့် မိမိကရင်စာပေကို မပျောက်အောင် ဖော်ထုတ်ချင်တာရယ်၊ အနာဂတ် မျိုးဆက်သစ်လူငယ်တွေ ကိုယ့်စာပေကို ပြန်လည်ထိန်းသိမ်းဖော်ထုတ်ပြီး လက်ဆင့်ကမ်း သင်ကြားနိုင်အောင်ပါ”ဟု နော်မူးနိုင်က ပြောဆိုသည်။

အဆိုပါလေးလတာ သင်တန်းအတွက် National Catholic Commission on Migration – NCCM က တစ်လလျှင် ထိုင်းဘတ် ငွေ ငါးထောင်စီ ကူညီပေးသော်လည်း သင်ကြားပေးမည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့မှုများ လုံလောက်မှုရှိရန် သင် တန်းတက်ရောက်သူများအနေဖြင့် တစ်ဦးလျှင် လေးလစာ သင်တန်းကြေး ဘတ် ၅၀၀ကောက်ခံသည်ဟု နော်မူးနိုင်က ဆက် လက် ပြောဆိုသည်။

OKRSO မှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည့် ယခုသင်တန်းသည် ကရင်အရှေ့ပိုးကရင်စာပေ၏ အခြေခံအဆင့်သာ သင်ကြား နေခြင်းဖြစ်ပြီး တက်ရောက်လိုသည့် သင်တန်းသူ၊ သင်တန်းသားဦးရေ အကန့်အသတ်မရှိ လက်ခံပေးလျှက်ရှိကာ သင်တန်း ဆရာ၊ ဆရာမ ၉ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာပေသင်တန်းတက်ရောက်ဖူးသူ ကရင်အလုပ်သမ နန်းမြမြကြည်က “ကျမကတော့ မြန်မာပြည်မှာနေတုန်းက ပညာမသင်ခဲ့ရ ဘူး။ အခုဘန်ကောက်မှာ အလုပ်လုပ်လာပြီးတော့ ဒီ OKRSO က ဖွင့်တဲ့သင်တန်းမှာ ပညာသင်ခွင့်ရတယ်။ ကိုယ့်ကရင်စာ လည်း ဖတ်တတ်လာတယ်။ ထိုင်းစာတွေလည်း ဖတ်တတ်လာတဲ့အပေါ်မှာ အများကြီးဝမ်းသာတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က OKRSO သည် အရှေ့ပိုးကရင်စာပေ တတ်ထားသူများကို သီးသန့်အနေဖြင့် နှစ်လကြာ ဆရာဖြစ်သင် တန်း ပို့ချပေးခဲ့ပြီးနောက် အင်္ဂလိပ်နှင့် ထိုင်းဘာသာရပ် သင်တန်းပြုလုပ်လာသည့်အခါ အရှေ့ပိုးကရင်စာပေပါ ထည့်သွင်းသင် ကြားပေးလာခြင်းဖြစ်ပြီး OKRSO ၏ ယခုကဲ့သို့ ရက်တိုသင်တန်းသည် တနှစ်လျှင် သုံးကြိမ် ဖွင့်လှစ်ပေးလျှက်ရှိသည်။

OKRSO သည် ၂၀၀၆ ခုနှစ်မှစတင်၍ အင်္ဂလိပ်နှင့် ထိုင်းဘာသာရပ်ကို လေးလတစ်ကြိမ် ရက်တို သင်တန်းဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်တွင်မူ အဆိုပါသင်တန်းကို အရှေ့ပိုးကရင် ဘာသာရပ်ပါ ထည့်သွင်းသင်ကြားပေးကာ အသက်အရွယ်၊ ပညာအရည် အချင်း မကန့်သတ်ဘဲ တက်ရောက်ခွင့်ပေးထားခြင်းဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံအခြေစိုက် OKRSO ကို ၁၉၉၂ခုနှစ်၌ ဘန်ကောက်မြို့တွင် ကရင်လူမျိုးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင် လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားများ ဖော်ထုတ်ခြင်း၊ သင်ကြားပေးခြင်းများ ပြုလုပ်သည့်အပြင် ပညာရေးဆိုင်ရာ အသိပညာပေးသင်တန်းများ၊ စွမ်းရည်မြှင့်တင်ရေးသင်တန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိသည်။