Home သတင်း ပြည်သူ့လွှတ်‌တော်ဥက္ကဌ သူရဦး‌ရွှေမန်း ဖားအံ‌ဒေသခံ လယ်သမားအဖွဲ့များကို လာ‌ရောက်‌တွေ့ဆုံ

ပြည်သူ့လွှတ်‌တော်ဥက္ကဌ သူရဦး‌ရွှေမန်း ဖားအံ‌ဒေသခံ လယ်သမားအဖွဲ့များကို လာ‌ရောက်‌တွေ့ဆုံ

1416

ဧပြီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

လယ်ယာ‌မြေသိမ်းဆည်းခံရမှုကိစ္စနှင့် ပတ်သက်၍ ‌ဆွေး‌နွေးရန် ရည်ရွယ်ပြီး ပြည်သူ့လွှတ်‌တော် ဥက္ကဌ သူရဦး‌ရွှေမန်းက ဧပြီ ၂၆ ရက်‌နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ‌ဒေသခံဖားအံ လယ်သမားအဖွဲ့များကို လာ‌ရောက်‌တွေ့ဆုံခဲ့သည်။

ထိုသို့‌တွေ့ဆုံရာတွင် ‌ဒေသခံများက မိမိတို့၏ လယ်ယာ‌မြေများ သိမ်းဆည်းခံရသည့် ကိစ္စရပ်များကို သူရဦး‌ရွှေမန်းအား တင်ပြ ကြရာတွင် တစ်ဖွဲ့လျှင် တင်ပြချိန် ၅ မိနစ်သာ ရရှိကြသဖြင့် လယ်သမားအဖွဲ့ အချို့က တင်ပြခွင့်မရခဲ့ကြ‌ကြောင်း ယင်း‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သည့် ‌ဒေသခံလယ်သမားများက ‌ပြောသည်။

“အခမ်းအနား စစချင်း‌တော့ ကျ‌နော်တို့ကို လုံခြုံ‌ရေး‌တွေက ‌ပေးမဝင်ဘူး။ ‌ဒေါ်နန်း‌စေးအွာ ‌ရောက်လာမှ ဝင်ခွင့်ရတယ်။ အထဲ မှာ‌ရောက်‌တော့လည်း ‌ဒေသခံလယ်သမားတစ်ဖွဲ့ကို ၅မိနစ်ပဲ ‌ဆွေး‌နွေးခွင့်ရ‌တော့ အချို့အဖွဲ့‌တွေဆို ‌ဆွေး‌နွေးခွင့် မရခဲ့ဘူး”ဟု ‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သူ ‌နောင်ကမြိုင်ရွာ လယ်သမားအဖွဲ့မှ ‌စောရန်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၈နာရီမှ စတင်ခဲ့သည့် ယင်း‌တွေ့ဆုံပွဲမှာ အချိန်တစ်နာရီသာ ကြာမြင့်ခဲ့ပြီး ဖားအံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် ‌ဒေသခံလယ်သမားအဖွဲ့များဖြစ်သည့် ‌နောင်ကမြိုင်၊ နတ်ကုန်း၊ မိကရင်နှင့် ဖားကပ်‌ကျေးရွာအဖွဲ့များ အပါအ ဝင် အဖွဲ့ ၁ဝဖွဲ့မှ စုစု‌ပေါင်း လူ ၆၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။
DSCF7348
ထို‌တွေ့ဆုံပွဲ၌ လယ်သမားများက ၎င်းတို့၏ လယ်ယာ‌မြေသိမ်းဆည်းခံရမှုအ‌ပေါ် တင်ပြရာတွင် အချိန်နည်းပါးသဖြင့် ကျန်ရှိ‌နေ ‌သေးသည့် တင်ပြချက်များကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာထံသို့ ‌ပေးပို့သွားကြရန် ပြည်သူ့လွှတ်‌တော် ဥက္ကဌ သူရဦး‌ရွှေမန်းက ‌ပြောကြားခဲ့သည်။

သူရဦး‌ရွှေမန်းက “အချိန်နည်းတဲ့အတွက် လယ်သမားအားလုံး တင်ပြခွင့်ရမှာမဟုတ်ဘူး။ ဒါ‌ကြောင့် မိမိလယ်‌မြေကိစ္စများကို စာရွက်စာတမ်းနဲ့ ‌ဒေါ်နန်း‌စေအွာထံ သွားတင်ပါ။ ပြီးရင် နန်း‌စေးအွာက လွှတ်‌တော်သို့ ပြန်တင်လိမ့်မယ်။ ကျ‌နော်လည်း သက် ဆိုင်ရာဝန်ကြီးဌာန‌တွေကို ပြန်တင်ပြ‌ပေးသွားမယ်”ဟု ‌ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာက “အချိန်နည်းလို့ ပြည်သူ့လွှတ်‌တော်ဥက္ကဌ(သူရဦး‌ရွှေမန်း)က ဒါ‌တွေကို သိလို့ ကျမဆီ ကို လယ်သမား စာရွက်စာတမ်း‌တွေ လာပို့ခိုင်းတယ်။ ကျမက လွှတ်‌တော်သို့ အ‌ရောက်ပြန်တင်ပြ‌ပေးရမယ်”ဟု ‌ပြောသည်။

‌တွေ့ဆုံပွဲ၌ အခမ်းအနားစစချင်းမှာပင် နန်း‌စေးအွာ ဦး‌ဆောင်လာသည့် လယ်သမားများကို လုံခြုံ‌ရေး‌တွေက ‌ပေးမဝင်သဖြင့် သူမက မိမိမြို့နယ်မဲဆန္ဒရှင်များနှင့် ‌တွေ့ဆုံရန် သူရဦး‌ရွှေမန်းက လာ‌ရောက်ခြင်းဖြစ်သည်ဟု ရှင်းပြမှသာ ‌တွေ့ဆုံပွဲခမ်းမအ တွင်းသို့ ဝင်ခွင့်ရခဲ့သည်ဟု သိရသည်။

ထို့အပြင် ‌တွေ့ဆုံပွဲတွင် ပြည်တွင်းမီဒီယာများဖြစ်သည့် စကိုင်းနက်နှင့် မြန်မာ့ရုပ်မြင်သံကြား တိုင်းရင်းသား ရုပ်သံလိုင်းမှလွဲ၍ အခြားသတင်းဌာနများကို ဝင်ခွင့်မပြုခဲ့ဟု ဖားအံမြို့ခံ Hot News ဂျာနယ်မှ သတင်း‌ထောက် ကိုပွင့်စန်းက ‌ပြောသည်။

ပြည်သူ့လွှတ်‌တော် ဥက္ကဌ သူရဦး‌ရွှေမန်းသည် ဖားအံမြို့နယ်ရှိ လယ်သမားအဖွဲ့များကို လာ‌ရောက်‌တွေ့ဆုံခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။