Home သတင်း ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးဖမ်းဆီးရမိမှုနှုန်း ဆက်တိုက် မြှင့်တက်

ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးဖမ်းဆီးရမိမှုနှုန်း ဆက်တိုက် မြှင့်တက်

2212

ဧပြီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်‌နေသည့် ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရရှိမှုနှုန်းမှာ တနှစ်ထက် တနှစ် ဆက်တိုက် မြှင့်တက်လာ‌နေ‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းများအရ သိရှိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊ ‌ကော့ကရိတ်၊ မြဝတီခရိုင် ‌လေးခုတွင် မူးယစ်‌ဆေး ဖမ်းဆီးရမှုမှာ ၂၀၁ဝခုနှစ်တွင် ၅၉ မှု၊ ၂၀၁၁ခုနှစ်တွင် ၆ဝမှု၊ ၂၀၁၂ခုနှစ်တွင် ၈ဝမှုနှင့် ၂၀၁၃ခုနှစ်တွင် ၁၂၄မှုအထိ ဆက်တိုက်များပြားလာ‌နေပြီး ၂၀၁၄ခုနှစ်တွင် မတ်လကုန်အထိ ၄၆မှု ရှိ‌နေပြီဖြစ်သည်ဟု အဆိုပါစာရင်းများအရ သိရသည်။

ဖားအံမြို့မရဲစခန်းမှ ရဲအုပ်စန္ဒာ‌ထွေးက “မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးကို ခါတိုင်းထက်ကို တိုးမြှင့်လုပ်‌ဆောင်‌နေပါတယ်။ ပ‌ပျောက်‌အောင်‌တော့ မလုပ်နိုင်‌သေးပါဘူး။ ဖမ်းဆီးရမှု‌တွေထဲမှာ‌တော့ စားဝတ်‌နေ‌ရေးအရ ပါဝင်ပတ်သက်‌နေရသလို၊ တချို့ကျ‌တော့လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ အမည်ခံပြီး ကျူးလွန်‌နေတာ‌တွေ ရှိ‌နေတာ‌ကြောင့် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်‌ဆောင်ရတဲ့ အပိုင်း‌လေး‌တွေ‌တော့ ရှိပါတယ်”ဟု ‌ပြောသည်။

ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါးသုံးစွဲမှု များပြားလာသည့်အပြင် ‌ကျောင်းသားလူငယ်များအကြားတွင်ပါ သုံးစွဲမှု ပြန့်နှံ့လျှက်ရှိ ခြင်း‌ကြောင့် ‌ဒေသခံနှင့် လူမှုအဖွဲ့အစည်းများက စိုးရိမ်ပူပန်လျှက်ရှိပြီး အားကစားတွင် ထူးချွန်‌သော လူငယ်အချို့မှာလည်း မူးယစ်‌ဆေးဝါး သုံးစွဲမှု‌ကြောင့် ပျက်စီးသွားသည်များလည်းရှိ‌ကြောင်း သိရသည်။

ဖားအံမြို့ခံတစ်ဦးက “ဒီမြို့မှာ အရင်‌လေးငါးနှစ်ကထက်စာရင် မူးယစ်‌ဆေးသုံးသူ‌တွေ ပိုပိုများလာတယ်။ လူကြီး‌ရော၊ လူငယ် ‌တွေ‌ရော သုံးစွဲ‌နေကြတယ်။ အခုဆို တချို့အလယ်တန်း ‌ကျောင်းသား‌လေး‌တွေအထိ‌တောင် သုံးစွဲ‌နေတာ‌တွေ ‌တွေ့‌နေရတယ်။ ပြီး‌တော့ ဒီထက်ပိုမဖြစ်‌အောင် အာဏာပိုင်‌တွေ တိုင်းရင်းသား လက်နက်ကိုင်‌တွေနဲ့ ထိထိ‌ရောက်‌ရောက် လုပ်‌ဆောင်ဖို့ လိုအပ် ပါတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါး‌ကြောင့် ဖမ်းဆီးရမိမှုများထဲတွင် WY စာတန်းပါစိတ်ကြွ‌ဆေးပြားများ၊ ‌ဆေး‌ခြောက်အပြင် လက်နက်ခဲယမ်းများကိုပါ ဖမ်းဆီးရမိခဲ့မှုများရှိပြီး ယခုနှစ်တွင်မူ SU စာတန်းပါ အမည်အသစ် လိ‌မ္မော်‌ရောင် ‌ဆေးပြားတမျိုးကို လည်း ဖမ်းဆီးရမိလာ‌ကြောင်း ပြည်နယ်ရဲတာဝန်ရှိသူများက ဆိုသည်။

မူးယစ်‌ဆေးဝါးနှင့်ပတ်သက်ပြီး အ‌ရေးယူရာတွင် ပုဒ်မ-၁၅ သုံးစွဲမှုအတွက် အနိမ့်ဆုံး ‌ထောင်ဒဏ် ၃နှစ်မှ ၅နှစ်အထိ၊ ပြစ်ဒဏ် နှင့် လက်ဝယ်‌တွေ့ရှိမှု ပုဒ်မ-၁၆ (ဂ)အရ ‌ထောင်ဒဏ် ၅နှစ်မှ ၁ဝနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်‌ကြောင်း သိရသည်။

ယခုလို မူးယစ်‌ဆေးဝါး ဖမ်းဆီးရမှုများ၌ ပမာဏအများဆုံး ဖမ်းဆီးမှုအဖြစ် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့၊ မြဝတီ မြို့တွင် WY စာတန်းပါ စိတ်ကြွ‌ဆေးပြား‌ပေါင်း ၁၄၈,၈၀ဝပြား ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း‌ပေါင်း ၅‌ထောင်နှင့် ၁၂ သိန်းဖိုးရှိသည်ဟု ကရင်ပြည်နယ် ရဲတာဝန်ရှိသူများက ‌ပြောဆိုထားသည်။