စာတစ်ပုဒ်ကောင်း သမိုင်းကြောင်းတစ်ခု
ခေတ်ရေစီးကြောင်းသည် နှောင်းခေတ်သမိုင်းများကို ဖြတ်ကျော်၍ စီးဆင်းမြဲပင်ဖြစ်ပေရာ နှောင်းခေတ်သမိုင်း၏ စာမျက်နှာများ မှ သင်ခန်းစာနှင့် အတုယူစရာများကို ခေတ်ရေစီးက သယ်ဆောင်လာနေခြင်းဖြစ်သည်။ ထို့ကြောင့် ခေတ်ရေစီးကြောင်း၏ ပြုပြင်ပြောင်းလဲခြင်း သရုပ်သဏ္ဍာန်များ ပွင့်လင်းမြင်သာမှု အတန်ငယ် ရှိလာရာသည့်အပေါ် ယနေ့ “ဖယ်ဒရယ်”ဟူသော အသံ များကိုလည်း စာမျက်နှာများမှတဆင့် မြင်၊ ကြားနေရပါသည်။ “ဖယ်ဒရယ်”ဟူသော ဝေါဟာရသည် အောင်ဆန်း-အက်တလီစာ ချုပ်မှအစပြု၍ ပင်လုံစာချုပ် ချုပ်ဆိုရန် ဆောင်ရွက်စဉ်ကာလ ရှမ်းပြည်နယ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မူရင်းဒေသသည် အမေရိကန် ပြည်ထောင်စုမှ ဝေါဟာရစကားဖြစ်သည်ကိုလည်း သမိုင်းစာမျက်နှာများတွင် တွေ့နေခဲ့ရသည်။
“ဖယ်ဒရယ်”သည် ပြည်နယ်ခွဲထွက်ရေး (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပင်ဖြစ်ရာ ဗြိတိသျှတို့၏ မြှုပ်ကွက်တစ်ခုဖြစ်သော “အောင်ဆန်း-အက်တလီ”စာချုပ်ပါ အပိုဒ် (၅)အရ “ပြည်နယ်များ ခွဲထွက်ခွင့်ပေးရန်”ဟု ဆိုသည်။ ယင်း“ဖယ်ဒရယ်”အတွက် ပင်လုံ စာချုပ်မပေါ်ပေါက်မီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း အစရှိသော ပြည်မနှင့် တောင်တန်းဒေသ၊ နယ်စပ်ဒေသ ခေါင်းဆောင်ကြီးများသည် တစ်နိုင်ငံလုံး လွတ်လပ်ရေးကြီးရပြီးနောက် ဆယ်နှစ်ကာလလောက်မှ ဆက်လက် ဆွေးနွေးသွားကြ ရန် အပေးအယူ များစွာ ပြုလုပ်ခဲ့ကြရပြီး ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ရက်နေ့၌ သမိုင်းမော်ကွန်းတင်သော ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ကြသည်။
အမျိုးသားများ တန်းတူရည်တူအားဖြင့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားရန်အတွက် တိုင်းရင်းသားပြည်သူ့ဆန္ဒနှင့်အညီ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းနယ်စပ်ဒေသ ခေါင်းဆောင်များ အပေးအယူ၊ အလျော့အတင်း ပြုလုပ်ထားသည့် ပင်လုံစာ ချုပ်၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ နယ်စပ်ဒေသများသည် မြန်မာပြည်မနှင့် ပူးပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို စောလျင်စွာရမည် ဟု ယုံကြည်ကြခြင်း၊ ကြားဖြတ်အစိုးရ အာဏာရှိထားသည့် ဘုရင်ခံအလုပ်အမှုဆောင်အဖွဲ့တွင် နယ်စပ်ဒေသကိုယ်စားလှယ် များ ပါဝင်ခြင်း၊ နယ်စပ်ဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိရမည် ဆိုသောအချက်များသည် ပင်လုံစာချုပ်၏ အဓိကအချက်အလက်များပင် ဖြစ်ပေသည်။
ပင်လုံစာချုပ်အပေါ်တွင် တွေ့ရှိရသည့် သဘောတူညီချက်များအပြင် ပင်လုံစာချုပ်၏ နောက်ကွယ်တွင် ယာယီပူးပေါင်းမှုမှာ ခွဲထွက်ရေးကို မထိခိုက်စေရန်၊ ပူးပေါင်းကြရာမှ ခွဲထွက်လိုသော် ခွဲထွက်ခွင့်ရှိရန်၊ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်၍ ပူးပေါင်းလို သည့်အခါ လမ်းဖွင့်ပေးထားရန်၊ ပူးပေါင်းလျှင် တန်းတူရည်တူ၊ အခွင့်အလမ်းတူ ဒီမိုကရေစီကျကျ ပူးပေါင်းရန် စသည်များ အပါအဝင် သဘောတူ ညီချက် ၆ချက် ထားရှိခဲ့သည်။
ယခုဆိုလျှင် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ ပြည်ထောင်စုနေ့မှာ ၆၇နှစ်တိုင်ခဲ့ပေပြီ။ သို့သော်လည်း ဗမာပြည်သည် ထိုဖြတ်သန်း မှုကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသည့် စစ်အာဏာရှင်စနစ်ဖြင့် ၃၅နှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုဖြင့် ၃၁နှစ်သက် တမ်း အုပ်ချုပ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများတည်ဆောက်လိုသော တိုင်းရင်းသားစည်းလုံးညီညွှတ် ရေး ပြိုကွဲနေ၍ ပြည်တွင်းစစ်မီး ဆက်တိုက်တောက်လောင်ကာ တိုင်းပြည်ကဆင်းရဲ၊ လူထုကမွဲပြီး အတိဒုက္ခမျိုးစုံ ကြုံတွေ့ရဆဲ ပင် ရှိနေသေးသည်။
သမိုင်းကြောင်းတစ်ခုကို လျှောက်လှမ်းလျှက်ရှိရာတွင် သက်ဆိုင်ရာ နိုင်ငံတစ်ခု၏ အုပ်ချုပ်မှုမှာ အုပ်ချုပ်ခံ ပြည်သူများ၏ လို လားချက်အတိုင်း တန်းတူမှု၊ ညီညွှတ်မှု၊ လွတ်လပ်မှုများကို အခြေခံ၍ ဒီမိုကရေစီလမ်းစဉ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုဆီ သို့ ရှေ့ဆက် လျှောက်လှမ်းနိုင်ရေးကို ဦးတည်လျက် သမိုင်းကောင်းတစ်ခု တည်ဆောက်နိုင်ရေး စာကောင်းတစ်ပုဒ်အဖြစ် တိုက်တွန်းညွှန်းဆိုလိုက်ရပေတော့သည်။