Home ဆောင်းပါး ဖက်ဒရယ် ဆိုတိုင်း ဖက်ဒရယ် မဟုတ်

ဖက်ဒရယ် ဆိုတိုင်း ဖက်ဒရယ် မဟုတ်

1928

(‌မောင်‌ကျော်စွာ)

၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၈ရက်။

ယခုအခါ “ဖက်ဒရယ်” ဟူ‌သောစကားလုံးသည် တ‌ကျော့ပြန် ဖက်ရှင်ဖြစ်လာခဲ့ပြီ။
တစ်ချိန်က “ဖက်ဒရယ်”ဟုဆိုလျှင် “ခွဲထွက်‌ရေး/ ပြည်‌ထောင်စုဖြိုခွဲ‌ရေး”အဖြစ် အုပ်စိုးသူများက သရုပ်‌ဖော်ခဲ့ကြသည်။ သရုပ်ဖျက်ခဲ့ကြသည်။ ယခုအခါ၌မူ “ဖက်ဒရယ်”အား ‌ခေတ်စနစ်နှင့်‌လျော်ညီစွာ လိမ်ညာလှည့်ဖြားရန်အတွက် အုပ်စိုးသူများက ဝါဒဖြန့်‌နေကြပြီဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများ သတိကြီးစွာထားရှိကြဖို့ လိုပါသည်။

အထူးသဖြင့် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှ‌နေ၍ ဖက်ဒရယ်ပြည်‌ထောင်စုအဖြစ် တစတစ တည်‌ဆောက်သွားနိုင် သည်” ဟူ‌သော လိမ်ညာလှည့်ဖြားမှုကို နားမ‌ယောင်ကြဖို့နှင့် မျက်‌စေ့မလည်ကြဖို့ဖြစ်သည်။ “ဝါဝါမြင်တိုင်း ‌ရွှေမဟုတ်” ဆိုသည့် စကားအတိုင်းပင်။ “ဖက်ဒရယ် ဆိုတိုင်း ဖက်ဒရယ် မဟုတ်”ဟု ဆိုချင်ပါသည်။

တစ်ချိန်က (‌တော်လှန်‌ရေး‌ကောင်စီ)၊ (မဆလ)၊ (နဝတ/နအဖ) စစ်အာဏာရှင်အုပ်စိုးသူများသည် “ဖက်ဒရယ်”ဆို သည့် ‌ဝေါဟာရကို “ခွဲထွက်‌ရေး/ ပြည်‌ထောင်စုဖြိုခွဲ‌ရေး” စကားလုံးအဖြစ် သရုပ်‌ဖော်ခဲ့ကြသည်။ သရုပ်ဖျက်ခဲ့ကြသည်။

ယခုအခါ “ဖက်ဒရယ်”ဟူ‌သော စကားလုံးကို အများသူငါ ‌ပြောဆိုလာကြပြီ။
ထိုသို့ ‌ပြောဆိုလာကြသူများထဲတွင် ယခင်အဆက်ဆက်‌သော စစ်အာဏာရှင်အုပ်စိုးသူများ၏ အာဏာအ‌မွေခံ ကြံ့ဖွံ့ပါ တီ/ကြံ့ဖွံ့အစိုးရကလည်း “ဖက်ဒရယ်”စကားလုံးကို မြိန်မြိန်ကြီး ပါဝင်‌ပြောဆိုလာခြင်းဖြစ်သည်။ “ဖက်ဒရယ်”ဆိုသည့်စကားလုံး ကို သူတို့‌ပြောဆိုလာကြခြင်းမှာ သ‌ဘောရိုးမဟုတ်၊ ‌သွေးရိုးသားရိုးမဟုတ်၊ လိမ်ညာလှည့်ဖြားဖို့ဖြစ်သည်။ သူတို့‌ပြောသည့် ဖက် ဒရယ်သည် သူတို့စိတ်ကြိုက်‌ရေးဆွဲပြီး၊ အဓမ္မအတည်ပြုထားသည့် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”‌ဘောင်ထဲတွင် စည်းကမ်းချက်များ ဖြင့် ‌ပေးသနားမည့် “စည်းကမ်းပြည့်ဝ‌သော ဖက်ဒရယ်” (သို့မဟုတ်) “အတုအ‌ယောင် ဖက်ဒရယ်”ပင် ဖြစ်သည်။

ထို“စည်းကမ်းပြည့်ဝ‌သော ဖက်ဒရယ်” (သို့မဟုတ်) “အတုအ‌ယောင် ဖက်ဒရယ်”ကိုပင် တိုင်းရင်းသား‌ခေါင်း‌ဆောင်ဆို သူအချို့၊ တိုင်းရင်းသားပါတီအချို့မှ လွှတ်‌တော်အမတ်ဆိုသူများက သံ‌ယောင်လိုက်ပြီး အားတက်သ‌ရော ‌ထောက်ခံ‌ပြောဆို‌နေ ကြသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ‌ကောင်းလှပါသည်။

အ‌မေရိကန်နိုင်ငံသား၊ ချင်းလူမျိုးဥပ‌ဒေပါရဂူတစ်‌ယောက်ကဆိုလျှင် (ယူလာသည့်ဘွဲ့ကိုပင် အားမနာနိုင်ဘဲ) “၂၀၀၈ အ‌ခြေခံဥပ‌ဒေဟာ ဖက်ဒရယ်စနစ် ဒါမှမဟုတ် ဖက်ဒရယ်မူကို အ‌ခြေခံထားတဲ့ ဥပ‌ဒေဖြစ်ပါတယ်” ဆိုပြီး ရုပ်မြင်သံကြားဒီဘိတ် (ဥပ‌ဒေ‌ရေးရာ စကားဝိုင်း)တစ်ခုက‌နေ ‌ပြောဆိုသွားခဲ့ဖူးပါသည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲမှ ဇယား ၁၊ ၂၊ နဲ့ ၅ တို့ကို လိုတိုး၊ ပို‌လျှော့လုပ်လိုက်လျှင်ပဲ တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် ‌တောင်းဆို တိုက်ပွဲဝင်ခဲ့ကြရ‌သော /တိုက်ပွဲဝင်‌နေရဆဲဖြစ်‌သော “ဖက်ဒရယ်ပြည်‌ထောင်စု”သည် ချက်ချင်းလက်ငင်း ‌ပေါ်‌ပေါက်လာ‌တော့မ‌ယောင် ‌ပြောဆိုခဲ့ကြပါသည်။

“ဖက်ဒရယ်အစ – ပင်လုံစာချုပ်က”ဟု ‌ပြောရမည်ဖြစ်သည်။
ပြည်မနှင့်‌တောင်တန်း တညီတညွတ်တည်း ‌သွေးစည်းကာ အဂင်္လိပ်နယ်ချဲ့သမားကို ‌မောင်းထုတ်ပြီး တန်းတူရည်တူ လွတ်လပ်‌ရေးကို ယူကြမည်ဟူသည့် စိတ်တူ သ‌ဘောတူ ဆုံးဖြတ်ချက်ဖြင့် ဖက်ဒရယ်ပြည်‌ထောင်စု၏ အ‌ခြေခံအုတ်မြစ်ကို ဗိုလ် ချုပ်‌အောင်ဆန်းနှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များက ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်‌အောင်ဆန်းကွယ်လွန်ပြီး‌နောက် လွတ်လပ်‌ရေးရရှိလာ‌သောအခါ အာဏာရ ဖဆပလအစိုးရသည် ပြည်နယ် များအ‌ပေါ် တန်းတူရည်တူ မဆက်ဆံခဲ့‌ချေ။ ယင်းသို့ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး စသဖြင့် အဖက်ဖက်က တန်း တူရည်တူ မရှိမှု/နစ်နာဆုံးရှုံး‌နေမှုများကို တိုင်းရင်းသားများသည် ထိုစဉ်က တည်ဆဲဖွဲ့စည်းပုုံအ‌ခြေခံဥပ‌ဒေ (၁၉၄၇) ‌ဘောင်ထဲမှ “ပြည်‌ထောင်စုစစ်စစ်” ‌ပေါ်‌ပေါက်လာ‌ရေး တရားသဖြင့် ‌တောင်းဆိုညှိနှိုင်း ‌ဆွေး‌နွေး‌နေစဉ် ဗိုလ်‌နေဝင်းဦးစီး‌သော စစ်တပ်မှ အာ ဏာသိမ်းခဲ့ကြခြင်းဖြစ်သည်။ ထိုသို့အာဏာသိမ်းရာမှ “ဖက်ဒရယ်”အား “ခွဲထွက်‌ရေး / ပြည်‌ထောင်စုဖြိုခွဲ‌ရေး”အဖြစ် စတင်၍ သရုပ်‌ဖော်ခဲ့/သရုပ်ဖျက်ခဲ့ကြ‌တော့သည်။

“ဖက်ဒရယ်”နဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၁၈ရက်‌နေ့တွင် ဒီချုပ်ပါတီဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က “ဒီနိုင်ငံအတွင်း ဘယ်တရားဝင်အဖွဲ့အစည်းကမှ ဖက်ဒရယ်ဆိုတဲ့ စကားကို‌တောင် မသုံးရဲတဲ့အချိန်မှာ ကျွန်မတို့က ဖက်ဒရယ်ဘက်က‌နေပြီး ‌တော့ မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်က စစ်မှန်တဲ့ပြည်‌ထောင်စုပါပဲ”လို့ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ‌အောင်သံလွင် အားကစားကွင်း၌ ပြည်သူများနှင့် ‌တွေ့ဆုံရာတွင် ထည့်သွင်း‌ပြောကြားခဲ့ပါသည်။

ထို့အပြင် (၆၆)နှစ်‌မြောက် လွတ်လပ်‌ရေး‌နေ့ အခမ်းအနားမိန့်ခွန်းတွင်လည်း ၂၀၀၈အ‌ခြေခံဥပ‌ဒေနှင့်ပတ်သက်ပြီး ‌ဒေါ် ‌အောင်ဆန်းစုကြည်က “တရားမျှတမှုမရှိဘူး။ ဒီမိုက‌ရေစီ စံနှုန်းစံထား‌တွေနဲ့ မကိုက်ညီဘူး။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ‌ကောင်းတဲ့ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ မဟုတ်ဘူးဆိုတာ ကျွန်မတို့ဟာ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားနဲ့ လက်ခံရမှာ ဖြစ်ပါ တယ်” ဟူ၍ ထည့်သွင်း‌ပြောဆိုခဲ့ပါသည်။

သို့ပါ၍ အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကိစ္စပင်ဖြစ်‌စေ၊ ဖက်ဒရယ်ပြည်‌ထောင်စုစစ်စစ် တည်‌ဆောက် ‌ရေးကိစ္စပင်ဖြစ်‌စေ၊ ဒီမိုက‌ရေစီ စံနှုန်းစံထား‌တွေ ပြည့်ဝ‌ရေးကိစ္စပင်ဖြစ်‌စေ ကိစ္စအားလုံး၏ ပင်မဆုံချက်သည် “၂၀၀၈ အ‌ခြေခံဥပ ‌ဒေ”အ‌ပေါ် မည်သို့သ‌ဘောထား၊ ကြည့်မြင်ကြသလဲ ဆိုသည့်အချက်‌ပေါ်တွင် အဓိက တည်မှီ‌နေပါသည်။

ယခုအခါ ၂၀၀၈အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးသည် “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌လေ့လာသုံးသပ်‌ရေး ပူး‌ပေါင်း‌ကော်မတီ (၁၀၉)ဦး ‌ကော်မတီ”မှ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ပြည်‌ထောင်စုလွှတ်‌တော်သို့ အစီရင်ခံစာတင်သွင်းခဲ့ပြီး ‌ဖေ‌ဖေါ်ဝါရီ ၃ရက်‌နေ့ တွင် “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်နိုင်‌ရေး အ‌ကောင်အထည်‌ဖော်မှု ‌ကော်မတီ (၃၁)ဦး‌ကော်မတီ” ဆိုသည်ကို ဖွဲ့စည်း‌ပေးခဲ့ပြီ ဖြစ်ပါသည်။

(၁၀၉)ဦး ‌ကော်မတီတွင်လည်း အများစုမှာ ကြံ့ဖွံ့ပါတီနှင့်စစ်တပ်မှ ကိုယ်စားလှယ်များက အများစုဖြစ်မြဲဖြစ်သည်။ ထပ် မံဖွဲ့စည်း‌ပေးသည့် (၃၁)ဦး‌ကော်မတီတွင်လည်း အများစုမှာ ကြံ့ဖွံ့ပါတီနှင့် စစ်တပ်မှ ကိုယ်စားလှယ်များကသာ အများစုဖြစ်မြဲ ဖြစ်‌နေသည်။ ပြည်‌ထောင်စုလွှတ်‌တော်ထဲတွင်လည်း ကြံ့ဖွံ့ပါတီနှင့် စစ်တပ်မှ ကိုယ်စားလှယ်များကသာ ဖြစ်မြဲဖြစ်‌နေပါသည်။ သို့ပါ၍ လွှတ်‌တော်တွင်းနည်းလမ်းဖြင့် ‌ဆောင်ရွက်မှုမှန်သမျှသည် အများစုဖြစ်‌သော ကြံ့ဖွံ့ပါတီနှင့် စစ်တပ်တို့၏ စိတ်ကြိုက် ရလဒ်သာ ဖြစ်မြဲဖြစ်‌နေ‌ပေလိမ့်မည်။

လူမျိုး‌ပေါင်းစုံပြည်သူများ လိုလား‌တောင့်တ‌နေသည့် ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီစံနှုန်းစံထား‌တွေ ပြည့်ဝ‌ရေး၊ ဖက်ဒရယ် ပြည်‌ထောင်စုစစ်စစ် တည်‌ဆောက်‌ရေးတို့သည် အ‌ခြေခံဥပ‌ဒေသစ် ‌ရေးဆွဲနိုင်မှသာ ဖြစ်‌ပေါ်လာနိုင်‌ပေလိမ့်မည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ‌ဘောင်ထဲမှဆိုလျှင် ကြံ့ဖွံ့ပါတီနှင့် စစ်တပ်မှ စွန့်ကြဲသ‌လောက်ဖြင့်သာ ‌ကျေနပ်နှစ်သိမ့်‌နေကြရလိမ့်မည် ဖြစ်သည်။