(မောင်ကျော်စွာ)
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်)
ဗိုလ်ချုပ်အောင်ဆန်းက “ဘားမားချဲလင်းချ်” ဆိုသည့်အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသွားခဲ့ဖူးသည်။ ဗိုလ်ချုပ်၏ ချစ်သမီး ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်ခရီးစဉ်တွင် “ကျမ စိန်ခေါ်ရဲပါတယ်”လို့ ထည့်သွင်းပြောသွားသည်။ သို့ပါ၍ “ဘားအံ ချဲလင်းချ်” ရေးလျှင်ရမည် ယူဆပါသည်။
၂၀၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်ခံ (ကြံ့ဖွံ့ပါတီအမတ်များကို ရည်ရွယ်ပုံရပါသည်) လွှတ်တော်အမတ်များ အားလုံး “အခြေခံ ဥပဒေ မပြင်ချင်လျှင် ဘာကြောင့် မပြင်ချင်သလဲဆိုတာ ပြည်သူလူထုကို ပြောရဲမလား” လို့ စိန်ခေါ်သွားပါသည်။
ထို့အပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ရှိရင် တချို့တွေက ကျမကို မေးပါတယ်။ တပ်မတော်က မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျမ လူထုအင်အားနဲ့ ပြင်မယ်။ ကျမ လူထုအား ကို အားကိုးပါတယ်”ဟု ရဲရဲတောက် ပြောသွားပါသည်။
“လူထုအင်အားနဲ့ ပြင်မယ်၊ လူထု အားကိုးသည်”ဟု ဆိုသဖြင့် ကြားနာရသူ လူမျိုးစုံပြည်သူအပေါင်းမှာ ခွန်အားပီတိဖြစ်ကြရပါသည်။ “ဒီမိုကရေစီ” ဆိုသည့် စကားလုံးကပင် “ပြည်သူ့အာဏာ”ဟု ဆိုလိုခြင်း ဖြစ်သည် မဟုတ်ပါလား။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် လွှတ်တော်တွင်း နည်းလမ်းတစ်ခုတည်းဖြင့်သာ ပြင်ဆင်နိုင်သည် မဟုတ်ပါ။ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်တွင်း နည်းလမ်းရေးဆွဲခဲ့ကြခြင်းလည်း မဟုတ်ပါ။ (နအဖ) စစ်အစိုးရချမှတ်ခဲ့သည့် လမ်းပြမြေပုံ ၇ ချက်၏ အထွက်ရလဒ်မျှသာဖြစ်သည်။ (နဖအ) စစ်အစိုးရ စိတ်ကြိုက်အချိန်ယူရေးဆွဲခဲ့ပြီး အဓမ္မအတည်ပြုခဲ့သည့် အခြေခံဥပ ဒေလည်းဖြစ်သည်။
ထိုသို့ ရေးဆွဲချမှတ်ရာတွင် လက်ရှိသမ္မတကြီးဦးသိန်းစိန်သည် အဓိကတာဝန်ရှိသောနေရာမှာ ပါဝင်အသုံး တော်ခံခဲ့သူလည်း ဖြစ်သည်။ ယခုတော့ သမ္မတကြီးသည် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သူ့၌ တာဝန်မရှိလေဟန် ဂိုက်ဖမ်းနေသည်။ ချော့သလိုလိုနှင့် ချောက်လုံးလှန့်လုံးတွေသုံးပြီး စကားပြောလာ နေသည်။
တကယ်တော့ သမ္မတဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်စေ၊ ကာချုပ်ဖြစ်စေ အားလုံးသည် (နအဖ) စစ်အစိုးရ၏ အာဏာအမွေစား အမွေခံများသာဖြစ်သည်။ သူတို့၏ မိဘဆရာဖြစ်သော ဗိုလ်ချုပ် မှူးကြီးဟောင်းသန်းရွှေအပေါ် သစ္စာစောင့်သိ ရိုသေကြမည်မှာ မလွဲဧကန်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် “၂၀၀၈ အခြေခံဥပဒေ”နှင့်အညီ သူတို့အား အာဏာအမွေကို “ငြိမ်းချမ်းချောမွေ့စွာ” ခွဲဝေပေးခဲ့သူ မဟုတ်ပါလား။ သို့ပါ၍ သူတို့သည် “ဗိုလ်ချုပ်မှူးကြီးနှင့် ၂၀၀၈အခြေခံဥပဒေ”ကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြပေလိမ့်မည်။
အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိကအားဖြင့် ကြံ့ဖွံပါတီအမတ်များနှင့် စစ်တပ်လက်ထဲတွင် ရှိသည့်အရာ ဖြစ်သည်။ သူတို့ လက်ခံသလောက်သာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။ လွှတ်တော်တွင်းပြင်ဆင်ရေး၌ အဆုံး အဖြတ်ပေးမည့် မဲအရေအတွက်မှာ ကြံ့ဖွံ့ပါတီအမတ်များနှင့် ကာချုပ်၏ စစ်သားအမတ်များသာဖြစ်သည်။ ထိုအမတ်မင်းများသည် ကြံ့ဖွံ့ပါတီနှင့် ကာချုပ်၏ အဆုံးအ ဖြတ်နှင့် အမိန့်ကိုသာ နာခံကြမည်။ ညောင်နှစ်ပင်ညီလာခံတွင် သူတို့ အတွေ့အကြုံ ရှိထားခဲ့ပြီးဖြစ်သည်။ “လေ့လာသုံးသပ်ရေး ကော်မတီ”တွင် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်တွင်လည်းကောင်း သူတို့အမတ်များက အုပ်စီးထားပြီးဖြစ်သည်။ မည်သို့မျှ ပူပင်စရာမရှိပါ။ လွှတ်တော် တွင်းနည်းလမ်းသည်သူတို့ လက်ခုပ်ထဲက ရေဖြစ်သည်။ သွန်လိုသွန်၊ မှောက်လိုမှောက် စိတ်ကြိုက်လုပ်နိုင်သည်။
အနှစ်ချုပ်၍ဆိုရလျှင် ၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ရန် “လွှတ်တော်တွင်းနည်းလမ်း” ဆိုသည်မှာ သူတို့ (အစိုးရ၊ လွှတ်တော်၊ စစ်တပ်) ပြင်ဆင်ပေးသလောက်သာ လက်ခံရမည့်သဘောပင် ဖြစ်သည်။ ဤသို့ဖြင့် “ဒီလမ်းပိတ်ထားလျှင်၊ ဟိုလမ်းကသွားမည်”၊ “လူထုအင်အားနဲ့ပြင်မယ်၊ လူထု အားကိုးသည်” ဆိုသည့် စကားတွေ ထုတ်ပြောလာရခြင်းဖြစ်မည်ဟု ယူဆပါသည်။
“လူထုအင်အား”ကို လိုအပ်မှယူမည်ဆိုလျှင် အဘက်ဘက်က အသာစီးရထားသည့် အုပ်စိုးသူအား ရင်ဆိုင်ရာတွင် တစ်ပန်းရှုံး နေလိမ့်မည်။ လက်ဦးမှုမဲ့နေပေလိမ့်မည်။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။
“ဒီလမ်းပိတ်ထားလျှင်၊ ဟိုလမ်းက သွားမည်”၊ “လူထုအင်အားနဲ့ ပြင်မယ်၊ လူထု အားကိုးသည်”ဆိုသည့် စကားများကို လူထုခေါင်းဆောင်က “သဘောတရားအရ ပြောခြင်း” ဖြစ်သည်။ “အိုင်ဒီယာသဘော ပြောခြင်း” ဖြစ်သည် စသဖြင့် အဖျားရှူးမသွားဖို့လည်း အထူးလိုအပ်ပါသည်။
သို့ပါ၍ “ဘားအံချဲလင်းချ်”သည် ဒုတိယလွတ်လပ်ရေးတိုက်ပွဲအတွက် လူမျိုးစုံပြည်သူများ၏ တကယ့် အင်အားကို ပြသနိုင်သော၊ စစ်မှန်သော ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတို့ကို အမှန်တကယ် ဆောင်ကြဉ်းလာနိုင်မည့် စိန်ခေါ်သံအမှန် ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ရပေသည်။