Home သတင်း မဲ‌ဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ‌ရွှေ့‌ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ

မဲ‌ဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ‌ရွှေ့‌ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ

2117

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ ဧရိယာအတွင်း မယ်ကုတိုက်နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟန်ထိုင်းအထည်ချုပ် စက်ရုံ(Wonderful Co,ltd) အလုပ်ရှင်က ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၁၇ဦးကို အထည်ထုတ်လုပ်မှု ရာခိုင်နှုန်းကျသည်ဟု အ‌ကြောင်းပြကာ နိုဝင်ဘာ ၂၃ရက်‌နေ့၌ အလုပ်ထုတ်လိုက်သည်။

‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၃၅ဝခန့်ရှိသည့် ၎င်းအထည်ချုပ်စက်ရုံ၌ နိုဝင်ဘာ ၁၇ရက်‌နေ့က ထိုင်းအစိုးရ၏ တရားဝင် အလုပ်ပိတ်ရက် လွိုင်းကရထုန်း(မီး‌ဖောင်‌မျောပွဲ‌တော်‌နေ့)တွင် အလုပ်မဆင်းဘဲ ‌နေခဲ့ပြီး‌နောက် အလုပ်ရှင်က အလုပ်သမား အချို့ကို ယင်းသို့သို့အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်‌ကြောင်း အလုပ်ထုတ်ခံရသူ ကိုဦးက ‌ပြောသည်။

“ကျ‌နော်တို့ ချုပ်တဲ့အထည်‌တွေ စံချိန်စံနှုန်း ၂၅ရာခိုင်နှုန်း မပြည့်ဘူးဆိုပြီး အလုပ်ထုတ်ရတာလို့ (အလုပ်အ‌ထွေ‌ထွေမန်‌နေဂျာ) က ‌ပြောတယ်။ တကယ်ဆို ရာခိုင်နှုန်း မပြည့်တဲ့သူ‌တွေ အများစုပဲ။ ဒါ‌ပေမယ့် ကျ‌နော်တို့ ၁၇‌ယောက်ကိုပဲ ချက်ချင်းလက်ငင်းကို ထုတ်လိုက်တာဖြစ်တယ်”ဟု ကိုဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအလုပ်သမားများ အလုပ်ထုတ်ခံရသဖြင့် ၎င်းအထည်စက်ရုံရှိ အလုပ်သမားအားလုံးက ကန့်ကွက်သည့်အ‌နေဖြင့် နိုဝင်ဘာ ၂၃ရက်‌နေ့မှာပင် အလုပ်မဆင်းဘဲ ‌နေခဲ့ကြသည့်အပြင် ကျိုး‌ကြောင်းဆီ‌လျော်မှု အပြည့်အဝမရှိဘဲ အလုပ်ထုတ်ခံရမှုကို ထိုင်း ဥပ‌ဒေနှင့်အညီ ‌ဖြေရှင်း‌ဆောင်ရွက်သွားလို‌ကြောင်း သူက ဆက်‌ပြောသည်။

ဟန်ထိုင်းစက်ရုံမှ အလုပ်ထုတ်ခံရသူ အလုပ်သမားများမှာ အမျိုးသမီး ၁ဝဦးနှင့် အမျိုးသား ၇ဦးတို့ဖြစ်ကြပြီး ၎င်းတို့ အလုပ် ထုတ်ခံရမှုကို ထိုင်းဥပ‌ဒေနှင့်အညီ ‌ဆောင်ရွက်ရန် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA)မှတဆင့် ထိုင်းအ လုပ်သမားဝန်ကြီးဌာန၊ မဲ‌ဆောက်မြို့ရှိ အလုပ်သမားကြီးကြပ်ကာကွယ်‌ရေးရုံး(ဆဝါဒီကန်)သို့ ယ‌နေ့ သွား‌ရောက်တိုင်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

JACBA ၏ ဥက္ကဌ ဦးမိုးကြိုးက “လွိုင်းကရထုန်း‌နေ့တုန်းက အလုပ်သမား‌တွေက အလုပ်ပိတ်‌ပေးဖို့ ‌ပြောတာကို အလုပ်ရှင်က မပိတ်ခဲ့လို့ တင်းမာမှု စဖြစ်ရာက‌နေ အခုအလုပ်ထုတ်ခံရမှု ဖြစ်ပွားတဲ့အထိ‌ပေါ့။ ‌နောက် အထုတ်ခံရသူ‌တွေဟာ အဲဒီစက်ရုံမှာ လုပ်သက် ၄လက‌နေ ၂နှစ်အထိရှိတဲ့သူ‌တွေပါ။ ထိုင်းဥပ‌ဒေအရ သူတို့ကို အလုပ်ထုတ်မယ်ဆိုရင် အနည်းဆုံး ခုနှစ်ရက်က‌နေ တစ်လ ကြိုအ‌ကြောင်းကြားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပြဿနာကို ‌ဖြေရှင်းရန် မဲ‌ဆောက်မြို့တွင် လတ်တ‌လော တာဝန်ရှိ‌နေသည့်ဆဝါဒီကန် ဦးစီးအရာရှိ နိုင်ဆွန်ဘွန်းက အလုပ်ရှင်နှင့် အလုပ်သမားဘက်က တင်ပြလာမှုများကို စစ်‌ဆေးပြီး ‌ဆောင်ရွက်သွားမည်ဟု တုန့်ပြန်‌ပြောဆို‌ကြောင်း JACBA က ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးမှ ဆက်သွယ်‌မေးမြန်းလာမှုများရှိရာ အလုပ်ထုတ်ခံရသူ အလုပ်သမားများအ‌နေဖြင့် နစ်နာ‌ကြေးရရှိဖွယ်ရှိ‌ကြောင်း JACBA က ‌ပြောဆိုသည်။

ဟန်ထိုင်းအထည်ချုပ်စက်ရုံတွင် လက်ရှိ အလုပ်သမားတစ်ဦး၏ တစ်ရက် လုပ်အားခမှာ ထိုင်း‌ငွေ ၁၆၃ဘတ်နှင့် အချိန်ပို လုပ် အားခမှာ တစ်နာရီလျှင် ၂၅ဘတ်ဖြစ်ပြီး ယခင်က အဆိုပါ စက်ရုံတွင် အလုပ်သမားများအား လုပ်အားခ အပြည့်မ‌ပေးခြင်းနှင့် လုပ်အားခ ဖြတ်‌တောက်ခြင်းများ ရှိခဲ့ဖူး‌ကြောင်း သိရသည်။