Home သတင်း ကရင်လူငယ်အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပန်းတ‌နော်မြို့နယ်၌ ကျင်းပခဲ့

ကရင်လူငယ်အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပန်းတ‌နော်မြို့နယ်၌ ကျင်းပခဲ့

1846
(သံ‌တောင်ကြီးတွင် ပြုလုပ်ခဲ့သည့် လူငယ်‌တွေ့ဆုံပွဲမှ ကရင်လူငယ်များ)

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ချောင်‌ဖော့

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော် ကရင်‌ရေးရာ‌ကော်မတီနှင့် ကရင်အဝိုင်းအဝန်း (Youth Cycle) တို့မှ ဦး‌ဆောင်ပြီး “ကရင်လူငယ်နှင့် အနာဂတ်‌မျှော်လင့်ချက်” ‌ခေါင်းစဉ်ဖြင့် ပထမဦးဆုံးအကြိမ် ကရင်လူငယ် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၈မှ ၂ဝရက်‌နေ့အထိ ပန်းတ‌နော် မြို့နယ်၊ ‌တော‌ကျောင်းရွာတွင် ကျင်းပခဲ့သည်။

‌ဆွေး‌နွေးပွဲတွင် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် Youth Cycle အဖွဲ့မှ ‌စောထွန်းထွန်းက “‌တွေ့ဆုံ‌ဆွေး‌နွေးပွဲက‌နေပြီး‌တော့ မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ ကရင်လူငယ်‌တွေနဲ့ ‌တွေ့ဆုံနိုင်ဖို့၊ ပြီး‌တော့ နိုင်ငံတကာမှာရှိတဲ့ ကရင်လူငယ်‌တွေ ဆုံ‌တွေ့နိုင်ဖို့၊ ‌ရှေ့ဆက် ‌ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ကရင်လူငယ်များက ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ၎င်းတို့ပါဝင်နိုင်မည့် အခန်းကဏ္ဍကို သိရှိရန်၊ လူမှုဖွံ့ဖြိုး‌ရေး နှင့် အမျိုးသား‌ရေး အသိပညာများ လုပ်‌ဆောင်နိုင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၏ သ‌ဘောတရားနှင့် လူ့အခွင့်အ‌ရေးများ ကို ကရင်လူငယ်များ ပိုမိုသိရှိလာ‌စေရန် စသည်တို့ကို ‌ဆွေး‌နွေးခဲ့သည်ဟု သူက ဆက်‌ပြောသည်။

ယင်း‌ဆွေး‌နွေးပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီးရှိ ပန်းတ‌နော်မြို့နယ်၊ ‌ကျောက်ကုန်း၊ ကျုံ‌ပျော်၊ အိမ်မဲ၊ ပုသိမ်၊ ငပု‌တောနှင့် မအူပင် မြို့နယ်များရှိ ကရင်လူငယ်အစည်းအရုံး(KYO)၊ ဖားအံကရင်လူငယ်အဖွဲ့(KAC)၊ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KYDG) တို့မှ ကိုယ်စားလှယ်‌ပေါင်း (၉၇)ဦး ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ KYO ကိုယ်စားလှယ် ‌စောအယ်မွီးက “ဒီ‌ဆွေး‌နွေးပွဲမှာ လူငယ်‌တွေက စိတ်ဝင်းစားမှု ရှိကြတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒီ(မြန်မာပြည်တွင်းဘက်)မှာရှိတဲ့လူငယ်‌တွေက ‌တော်လှန်‌ရေးနယ်‌မြေနဲ့ အလှမ်း‌ဝေးတဲ့အခါကျ‌တော့ မသိတာ‌တွေ အခုမှ သိရတယ်။ (ကရင့်)သမိုင်းအ‌ကြောင်း‌တွေ ‌ပြောတဲ့အခါကျ‌တော့ သူတို့ ‌တော်‌တော်စိတ်ဝင်စားတယ်။”ဟု ‌ပြောသည်။

ကရင်လူငယ်များအ‌နေဖြင့် မျိုးချစ်စိတ်များ ပိုမိုရှင်သန်လာရန်၊ မိမိလူမျိုးအတွက် တတ်နိုင်သည့်ဘက်က ‌ဆောင်ရွက်နိုင်ရန် သင်တန်းများ၊ ‌ဆွေး‌နွေးပွဲများကို အဆက်မပြတ် လုပ်သွား‌ပေးရန် လိုအပ်‌ကြောင်းလည်း ‌စောအယ်မွီးက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်လူငယ်အလုပ်ရုံ‌ဆွေး‌နွေးပွဲ အ‌တောအတွင်း မြန်မာအစိုးရ၏ နယ်‌မြေခံလုံခြုံ‌ရေး(SP)တို့က ၎င်းတို့ကို လာ‌ရောက်စစ်‌ဆေး ‌မေးမြန်းခြင်းများ ပြုလုပ်ခဲ့‌ကြောင်းလည်း ပါဝင်တက်‌ရောက်သူ လူငယ်များက ‌ပြောဆိုသည်။

သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ကရင်လူငယ်များ ‌ဆွေး‌နွေးပွဲပြီး‌နောက်ပိုင်း ဧရာဝတီတိုင်းရှိ ကရင်လူငယ်များ၊ နယ်စပ်‌ဒေ သရှိ ကရင်အဖွဲ့အစည်းများ၊ KNU ‌ခေါင်း‌ဆောင်များ၊ မြန်မာပြည်တွင်းရှိ ကရင်ပါတီများနှင့် ကရင်လူမှုအဖွဲ့အစည်းများက ထပ်မံ ‌တွေ့ဆုံသွားရန် စီစဉ်ထား‌ကြောင်း သိရသည်။

အလားတူ ကရင်လူငယ်‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲများကို ပဲခူးတိုင်း ‌ကျောက်ကြီး၊ မွန်ပြည်နယ် သထုံ၊ ကရင်ပြည်နယ်တွင် ဖားအံ၊ သံ‌တောင်ကြီး၊ ပိုင်ကျုံ(ပိတခါ့)၊ ကြာအင်းဆိပ်ကြီးနှင့် လက်ရှိ ကျုံဒိုးမြို့နယ်များ၌လည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။