အောက်တိုဘာ ၇ရက်၊ ၂၀၁၃ခုနှစ်။
မေး ။ ။ ကရင်ပြည်နယ်မှာ နယ်စပ်တစ်လျှောက်ရော၊ မြို့ပေါ်မှာရော ဆင်ခြေထောက် ရောဂါကာကွယ်ဆေးနဲ့ ပတ်သက်ပြီး တော့ အမျိုးမျိုးတွေ ကြားနေရတော့ ပထမတစ်ချက်အနေနဲ့ ဆင်ခြေထောက်ရောဂါက ဘာကြောင့်ဖြစ်ပွားတတ်သလဲ၊ ဘယ်လို ကူးစက်တတ်သလဲဆိုတာကို ရှင်းပြပေးပါလား။
ဖြေ ။ ။ ဆင်ခြေထောက်ရောဂါလို့ပြောရင် လူတွေနားလည်တာက ခြေထောက်ကြီးတာကို ကြည့်ပြီးတော့ ဆင်ခြေထောက် ရောဂါလို့ သတ်မှတ်ကြတာပေါ့၊ ဒါက နားလည်လွယ်အောင်ပြောတာ။ တကယ်တော့ ကျနော်တို့နိုင်ငံမှာ တော်တော်များများ ပြန့်ပွားနေတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ထိုင်းနိုင်ငံမှာဆို ဆေးတွေတိုက်ကျွေးတဲ့ အစီအစဉ်တွေ ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့လို့ ဒီရောဂါကို အမြစ်ပြတ် သုတ်သင်နိုင်တဲ့အထိ လုပ်နိုင်ခဲ့တယ်။ ဆင်ခြေထောက်ရောဂါဆိုတာက ကူးစက်တဲ့ရောဂါ တစ်ခုပါပဲ။ ကျု့လက်(Culex)လို့ခေါ်တဲ့ခြင် ကိုက်တာကနေတစ်ဆင့် ဒီရောဂါပိုးကူးစက်တာပါ။ အဲဒီခြင်က အရွယ်အစား အလွန် သေးငယ်တဲ့ သံကောင်လို ပိုးတစ်မျိုးကို သယ်ဆောင်ပြီး လူကိုကိုက်လိုက်တဲ့အခါ လူရဲ့ ပြန်ရည်ကြောကနေတစ်ဆင့် လူ့ခန္ဓာ ကိုယ်မှာရှိတဲ့ အကျိတ်တွေမှာ အဲဒီသံကောင်လိုရောဂါပိုးတွေက သွားရောက်ခိုအောင်းတာပါ။ နှစ်ကြာလာတဲ့အခါမှာ ပိုးတွေက ပိတ်ဆို့လိုက်တော့ ပြန်ရည်ကြောကနေ အရည်တွေ မထုတ်လွှတ်နိုင်ဘဲ ခြေထောက်တွေ ကြီးလာရတာပါ။ ဒီအဆင့်ထိဆိုရင် ခြေထောက်က နဂိုအတိုင်း ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူးပေါ့နော်။
မေး ။ ။ ဒီဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို တိုက်ကျွေးပုံနည်းစနစ်က ဘယ်လိုပုံစံမျိုးလဲ ရှင်းပြပေးပါလား။
ဖြေ ။ ။ ဒီဆင်ခြေထောက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်က ရောဂါကင်းစင်အောင် ကြိုးစားတဲ့အခြေအနေလို့ ကျနော်တို့ နားလည်တာကိုး။ ဒီဆေးရဲ့ထုံးစံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO လမ်းညွှန်ထားတာက လူအများကို ၅နှစ်စီမံကိန်းနဲ့ တိုက်ကျွေး ရမယ့်ဆေးဖြစ်တယ်။ တစ်နှစ်ကိုတစ်ကြိမ် လူတိုင်းသောက်ရမယ်။ လူတိုင်းဆိုရာမှာ ဥပမာအားဖြင့် ၂နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ အသက်အရွယ်ကြီးရင့်သူ၊ နှလုံးသွေးကြောကျဉ်းနဲ့ ဆီးချို၊ သွေးချိုရှိတဲ့သူတွေကို မတိုက်သင့်ဘူးဆိုတဲ့ လမ်းညွန်ချက်တော့ ရှိတယ်။ ဒီကာကွယ်ဆေးရဲ့ သဘောသဘာဝက ပိုးကိုတနှစ်ထဲနဲ့ ကုန်အောင် မရှင်း နိုင်ဘူး။ တကယ်တမ်း ရောဂါရှိတယ်ဆိုရင် တစ်ယောက်ချင်းစီက ဆေးကို နှစ်ပတ်လောက် သောက်ရပါမယ်။ နောက်ပြီး ဒီပိုးက ညနေဘက်မှ သွေးပြန်ကြောတွေထဲမှာ ပိုမိုလှုပ်ရှားတဲ့အတွက်ကြောင့် အဲဒီအချိန်မှာ ဆေးတိုက်လိုက်ရင် ပိုးကို တိုက်ရိုက်ထိပြီး တော့ သေစေနိုင်ပါတယ်။ အနည်းဆုံး တိုက်ရမယ့်သူရဲ့ ၉၅ရာခိုင်နှုန်းလောက်တိုက်မှပဲ ဒေသတစ်ခုမှာ ဆင်ခြေထောက်ရောဂါ ကင်းစင်အောင် လုပ်တယ်လို့ သူတို့ သတ်မှတ်ထားပါတယ်။
မေး ။ ။ ဆင်ခြေထောက်ရောဂါ လက္ခဏာက ဘယ်လိုပါလဲ။ ဆေးသောက်ပြီးနောက်ပိုင်း ဆိုးကျိုးခံစားမှုတွေ တစုံတရာဖြစ် ရင် ဘယ်လိုလုပ်ဆောင်သွားရမလဲ။
ဖြေ ။ ။ ဆင်ခြေထောက်ရောဂါဖြစ်နေတယ်ပြောရင် အခြားငှက်ဖျားရောဂါလိုလို၊ ကိုယ်လက်ကိုက်ခဲတဲ့ရောဂါလိုလို အဲဒီလို ရောဂါလက္ခဏာနဲ့ မှားတတ်ကြတယ်။ လူနာတွေတောင် မကဘူး။ တစ်ခါတစ်လေ ဆေးမှူးတွေတောင်မှ လူနာရဲ့ရောဂါလက္ခ ဏာကို ကြည့်ပြီးတော့ ခွဲရခက်တာတွေ ဖြစ်တယ်။ အထူးသဖြင့် ဆင်ခြေထောက်ရောဂါလက္ခဏာက အရေပြားယားယံတာ၊ ခြေလက်ကိုက်ခဲနာကျင်တာ၊ တစ်ခုခုနဲ့ ဓာတ်မတည့်ဖြစ်ပြီးတော့ ကိုယ်ခန္ဓာ အရမ်းယားယံတတ်တယ်။ ဒီရောဂါအဖြစ်များတဲ့ ဒေသက ယောက်ျားလေးတွေမှာဖြစ်တာ အလွယ်ကူဆုံးပြောရရင် ဂွေးကျတယ်၊ အရပ်ခေါ်အရ ရေမုတ်တဖြစ်တယ်ပေါ့။
ဒီဆေးကိုတိုက်ရင် ဆိုးကျိုးကတော့ ဖြစ်လာမှာပဲ။ ပိုးရှိတဲ့လူဆို ပိုဖြစ်တယ်။ တအားမူးမောအော့အန်တာ၊ ဗိုက်နာတာ၊ ခြေလက် ကိုက်ခဲတာ၊ ကိုယ်အရမ်းပူတာတွေ ဖြစ်တတ်တယ်။ အဲလိုလက္ခဏာတွေရှိလို့ ကျနော်တို့ ဆေးတိုက်ပြီဆိုတာနဲ့ ရွာတစ်ရွာမှာ ကျန်းမာရေးမှူးတွေ နှစ်ယောက်လောက် အနည်းဆုံး ၃ရက်ကနေ ၄ရက် ပုံမှန်နေပေးပြီး ဖြစ်လာတဲ့အခြေအနေကို စောင့်ကြည့် ရတယ်။ ဘာကြောင့်လဲဆိုရင် ဒီဆေးမှာပါတဲ့ အဓိက ဆေးနှစ်မျိုးမှာ တစ်မျိုးက သန်ချဆေး၊ နောက်တစ်မျိုးက DEC လို့ခေါ်တဲ့ ဆေး။ အဲဒီဆေးနှစ်မျိုးက အဓိကပိုးတွေကို သေအောင်သတ်ပေးတာ။ ပိုးတွေသေပြီဆိုရင် တုံ့ပြန်မှုအနေနဲ့ အဲဒီတန်ပြန်ခံစားမှု တွေ ပြန်ပေါ်လာတယ်လေ။ လူထုကို သေချာနားလည်အောင်လုပ်ပေးပြီး လိုအပ်မယ့်ဆေးတွေ ဥပမာ ပါရာစီတမောတို့၊ ဘာမီ တွန်တို့လို ဓာတ်မတည့်လို့ ဖြစ်လာမယ့်ဆေးမျိုးတွေ ထားပေးပြီး ဆေးဆရာဆရာမတွေကလည်း အနီးကပ် စောင့်ကြည့်လိုက် ရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ ငယ်ငယ်ကစပြီး ရောဂါကူးစက်ခံရရင် အသက်ကြီးလာတဲ့အထိ ခုနကပြောတဲ့ ရောဂါလက္ခဏာ တွေ ခံစားရတာကလွဲရင် လူကို ချက်ချင်းသေစေနိုင်တဲ့ရောဂါမျိုး မဟုတ်ပါဘူး။
မေး ။ ။ မြန်မာပြည်မှာ တိုက်ကျွေးခဲ့တဲ့ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး အစီအစဉ်အပေါ်မှာ အကောင်းအဆိုးကို ဘယ်လိုသုံးသပ်ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ အခုလတ်တလော အစိုးရတိုက်တဲ့ ဆင်ခြေထောက်ရောဂါ ကင်းစင်ရေးအစီအစဉ်မှာ ကျနော်နားလည်တာ ကရင် ပြည်နယ်တစ်ခုတည်း မဟုတ်ဘူးပေါ့။ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံးကို တိုက်ကျွေးတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော် တို့ဒေသမှာ တော်တော်များများ ဖြစ်နေတယ်လို့ပြောရမယ်။ ဒေသတစ်ခုမှာ ဆင်ခြေထောက်ရောဂါ ခံစားနေရတဲ့သူတစ်ဦးတွေ့ ရင်တောင် ဒေသတစ်ခုလုံး ပြန့်နှံ့ဖြစ်နေတယ်၊ အနည်းဆုံးတစ်ယောက်ဖြစ်ရင် တစ်ရွာလုံးဖြစ်နေတယ်လို့တောင် ယူဆလို့ရတာ မို့ အဲဒီလိုတွေ့ပြီဆိုတာနဲ့ အမြစ်ပြတ်အောင် ဆေးကို ကြိုးစားတိုက်ကြမှာပဲ။ လူထုနဲ့ သေချာမတိုင်ပင်ဘဲ ကျောင်းဆရာမတွေ၊ ရွာသူကြီးတွေကို တိုက်ခိုင်းတော့ တကယ်ခံစားရတဲ့ လူထုဖက်က အပြုသဘောမဆောင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်လာတယ်။ ဒီဆေး မှမဟုတ်ပါဘူး။ တခြားဆေးတွေမှာလည်း ကောင်းကျိုးဆိုးကျိုးတွေ ရှိပါတယ်။ ဒီဆေးဟာ လူထုကို တိုက်ဖို့လိုတယ်၊ တိုက်သင့် တယ်လို့ ကျနော့်အနေနဲ့ ထောက်ခံပြီး ပြောချင်တယ်။ အဲဒီတော့ ဆေးမတိုက်ခင်မှာ လူထုကိုနားလည်အောင် ဘယ်လိုပညာ ပေးမှုတွေ ပြင်ဆင်လုပ်ဆောင်ရမယ်ဆိုတာက အရေးကြီးတယ်လို့ပဲ ကျနော်မြင်ပါတယ်။
မေး ။ ။ ဆရာ့ရဲ့ နယ်စပ်ကျန်းမာရေးလုပ်ငန်းက သိရှိနားလည်လာတဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပြောပြပါလား။
ဖြေ ။ ။ ကျနော်တာဝန်ယူနေရတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ကလည်း လူထုကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းပါပဲ။ ၂၀၀၈လောက်က ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ ကျနော်တို့ ကောက်ယူထားတဲ့ စစ်တမ်းအရ လူဦးရေ ရဲ့ ၇ဝရာခိုင်နှုန်းကျော်မှာ ပြန့်နှံ့ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် ဘီးလင်းချောင်းဒေသတွေ၊ ယွန်းစလင်းချောင်း ဒေသဘက်မှာဆိုရင် လူဦးရေ ၃၅ရာခိုင်နှုန်းကျော် ပြန့်နှံ့ဖြစ်နေတယ်။ အဲဒီစစ်တမ်းအပေါ်မှာ ကျနော်တို့ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးတဲ့အစီအစဉ် လုပ်ခဲ့သေးတယ်။ လူထုကိုု အများကြီး ပညာပေးခဲ့တာတောင်မှ အခု ၅နှစ်ပြည့်တဲ့အ ချိန် ကျနော်တို့ တကယ်တိုက်ဖျက်နိုင်တာ ၆၃ရာခိုင်နှုန်းကျော်လောက်ပဲ ရှိသေးတယ်။ ဒီလုပ်ငန်းဟာ အောင်မြင်မှုရှိလား၊ မရှိ လား ကျနော်တို့ချိန်ဆနေတဲ့ ကာလအတောအတွင်းမှာ ရှိနေပါတယ်။
ကျနော်တို့ဒေသမှာ အာဟာရချို့တဲ့ကြတော့ ဒီဆေးသောက်ခြင်းအားဖြင့် ဘာအကျိုးရှိလဲဆိုရင် အနည်းဆုံး သန်ကောင်တွေ အားလုံး ရှင်းသွားမှာပဲ။ သန်ကောင်ကာကွယ်ပေးတဲ့အတွက် အာဟာရတွေ ဖြစ်လာမယ်။ ကျန်းမာရေးကောင်းလာမယ်။ အလုပ် ပိုလုပ်နိုင်မယ်။ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး ထိုးထားပြီးပြီဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ရောဂါစစ် ဆေးရာမှာ အခြားရောဂါလက္ခဏာတွေကိုပဲ အာရုံစိုက်ကုသပေးမှုတွေ လုပ်နိုင်လာမယ်။ အဲဒါကြောင့် ပိုးရှိတဲ့သူတွေရော၊ မရှိတဲ့ သူတွေရော သောက်သင့်တဲ့သူ အကုန်လုံးကို သောက်စေချင်ပါတယ်။
မေး ။ ။ လူထုကိုရော ဆရာ့အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဘယ်လို အကြံပြုမှုမျိုးတွေ ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ လူထုကို ကျနော် အကြံပေးချင်တာက ဆေးဆိုတာ မုန့်ပဲသွားရေစာလို မဟုတ်တော့ အကျိုးဆက်တွေ ရှိပါမယ်။ အဲဒီအခါကျရင် ဒီဆေးကို ဘာဖြစ်လို့တိုက်လဲ၊ ဘာကြောင့်ဒီဆေးကို သောက်သင့်လဲ၊ ဒီဆေးကို ဘယ်လိုရည်ရွယ်ချက်နဲ့ လာ တိုက်လဲ၊ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ သောက်ရင်အဆင်ပြေပါ့မလား ဆိုတဲ့ဟာမျိုးကိုလည်း အသေအချာ မေးရပါမယ်။ ကိုယ့်မှာရောဂါအခံ တစ်ခုခုရှိထားရင် သက်ဆိုင်ရာ ဆေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဖို့လိုတယ်။ ဆင်ခြေထောက်ရောဂါ ကာကွယ် ဆေးအပြင် အခြားကာကွယ်ဆေးတွေရော၊ ဘယ်ဆေးမဆို သေချာတိုင်ပင်ဆွေးနွေးပြီးမှ သောက်သင့်တယ်လို့ပဲ ကျနော် ပြော ချင်ပါတယ်။ ဆေးတိုက်တာနဲ့ပတ်သက်ပြီး လူတွေကို အထင်မှားစေတတ်တဲ့ ကိစ္စလေးတော့ရှိတာပေါ့နော်။ ဒီဆေးနဲ့ပတ်သက် ပြီး လူအတော်များများရဲ့ တုံ့ပြန်လာမှုကြောင့် ဆေးတိုက်ကျွေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း စိတ်ဓာတ်ကျတာတွေဖြစ်ရ တယ်။ ဒီတော့ ဒီလုပ်ငန်းအောင်မြင်ဖို့ လူထုအနေနဲ့ ကြိုးစားဆေးသောက်ပေးဖို့ လိုသလို အစိုးရကျန်းမာရေး အဖွဲ့အစည်းတွေ အနေနဲ့ ဒေသတွင်းရှိနေတဲ့ လူမှုအဖွဲ့အစည်း (CBO), NGO တွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လူထုကို သေချာနားလည် အောင် ရှင်းပြပေးဖို့ လိုပါတယ်။
စောဝင်းကျော်သည် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသတစ်လျှောက်တွင် လူထုကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ကိုင် ဆောင်ရွက်နေသည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)၏ လက်ရှိ တာဝန်ခံဖြစ်သည်။