မောင်ကျော်စွာ
(စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပသော တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့မှာ တဆက်တည်းဖြစ်၍ ခွဲခြားမရပါ ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်သည်”ဟူသော “ကြေညာချက်” ထုတ်ပြန်ခဲ့ပါသည်။
ကျနော့်အမြင်နှင့် အယူအဆမှာ “၂၀၀၈ အခြေခံဥပဒေ”ကို အသစ်ပြန်လည်ရေးဆွဲရေးဖြစ်သည်။ အနီးအဝေး သမိုင်းကာလများတွင် တိုင်းရင်းသားများပြည်သူများသည် အုပ်စိုးသူအဆက်ဆက်၏ ဖိနှိပ်မှုနှင့် လှည့်စားမှု မျိုးစုံကို ခံခဲ့ကြရသည်။
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က “ပင်လုံစာချုပ်”ကို တန်းတူရည်တူဆွေးနွေးချုပ်ဆိုနိုင်ခဲ့သည်။ တန်းတူသော ပြည်ထောင်စုသို့ရည်မှန်းသည့် အခြေခံမူများသဘောတူချမှတ်နိုင်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးလမ်းခွတ်လပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက်တွင် ယခင်ကသဘောတူ ချမှတ်ခဲ့ ကြသော “ပင်လုံမူများ”မှာ သဲထဲရေသွန်သလို ဖြစ်ခဲ့ရသည်။
ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးအခွင့်အရေးများကို တိုင်းရင်းသား ပြည်သူများ မရရှိမခံစားခဲ့ကြရသည်မှာ ယနေ့ထိဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့သည့်နောက် တိုင်းရင်းသားတို့၏ အခွင့်အရေးဆိုသည်မှာ စာရွက်ပေါ်မှ အခွင့်အရေးများသာဖြစ်ခဲ့ပြီး နောက်ဆုံး၌ ထိုစာရွက် ပေါ်မှ အခွင့်အရေးများပင် ပျက်သုဉ်းပျောက်ကွယ်သွားခဲ့ရတော့သည်။
တိုင်းရင်းသားများသည် ၁၉၄၇ အခြေခံဥပဒေဘောင်ထဲတွင် ထိုအခြေခံဥပဒေနှင့်အညီ တန်းတူရည်တူရှိသော ပြည်ထောင်စုကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အဆုံးထိမရောက်ခဲ့သော ၁၉၆၂ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းမှုဖြင့် တစ်စခန်းရပ်ခဲ့ရသည်။
တဖန် (နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် “ကျိုက္ကဆံ-ညောင်နှစ်ပင်အမျိုးသားညီလာခံ”သို့ တိုင်းရင်းသား အင်အားစုများ တက်ရောက်ခွင့်ရခဲ့ပြန်သည်။ ဤတစ်ကြိမ်၌လည်း မိမိရပ်တည်တိုက်ပွဲဝင်ရ တိုင်းရင်းသားလူမျိုး ၏ အခွင့်အရေးအတွက် ကိုယ်စားပြု ပြီးတက်ရောက်ခွင့်ရခဲ့ခြင်းမဟုတ်။ (နဝတ-နအဖ)စစ်အစိုးရက ဟန်ပြ သက်သက်/ဓါးစားခံသက်သက် “နိုင်ငံရေးပေါ်တာ”အဖြစ် တက်ရောက်ခဲ့ကြရခြင်းသာဖြစ်သည်။ “အခြားဖတ် ကြားသင့်သူများ”ခေါင်းစဉ်ဖြင့် တက်ရောက်ခဲ့ကြရသည်။ ဆွေးနွေးတင်ပြသမျှလည်း “မှတ်တမ်းတင်ထားမည်” ဟူသော စကားလုံးဖြင့် ပယ်ချခံခဲ့ကြရသည်။
ထိုညီလာခံမှ ယနေ့တည်ဆဲဥပဒေဖြစ်နေသော “၂၀၀၈အခြေခံဥပဒေ” (မူကြမ်း)ကို (နဝတ-နအဖ) စစ်အစိုးရ က စိတ်ကြိုက် ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို “၂၀၀၈ အခြေခံဥပဒေ”ကို အတင်းအဓမ္မအတည်ပြုခဲ့သော် လည်း တိုင်းရင်းသားအင်အားစုများသည် ထိုအခြေခံဥပဒေဘောင်ထဲသို့ ယနေ့အထိဝင်ရောက်ခြင်းမရှိခဲ့။ တိုင်းရင်းသားပြည်သူများ၏ ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေး အခွင့်အရေးများကို အာမခံနိုင်ခြင်းမရှိသည့် “၂၀၀၈အခြေခံဥပဒေ” ဘောင်သို့ထဲ မဝင်ရောက်ခြင်းမှာ မှန်ကန်ပေသည်။
ယခုအခါ ငြိမ်းချမ်းရေးပြဿနာနှင့်အခြေခံဥပဒေပြဿနာတို့သည် တစ်ဆက်တည်းဖြစ်၍ ခွဲခြား၍မရကြောင်း ဆုံးဖြတ်ခဲ့ကြပြီ။ အဆိုပါပြဿနာ ၂ ရပ်စလုံးသည် နိုင်ငံရေးပြဿနာများဖြစ်သည်။ နိုင်ငံရေးပြဿနာကို သဘောထားမှန်ကန်စွာဖြင့် တန်းတူရည်တူဖြေရှင်းနိုင်ဖို့လိုသည်။ ထိုသို့တန်းတူရည်တူ ဖြေရှင်းနိုင်မှသာ “ကမ္ဘာပေါ်တွင်အရှည်ကြာဆုံးလက်နက်ကိုင်ပဋိပက္ခ”ကို အပြီးတိုင်အဆုံးသတ်နိုင်ပေလိမ့်မည်။
သို့ပါ၍ “၂၀၀၈ အခြေခံဥပဒေ” ကို အပေါ်ယံပြင်ဆင်ရုံမျှဖြင့် ပြဿနာကို အပြီးတိုင်ဖြေရှင်းနိုင်လိမ့်မည် မဟုတ် ပါ။ အခြေခံ ဥပဒေအသစ်ပြန်လည်ရေးဆွဲမှသာဖြစ်နိုင်ပါလိမ့်မည်။
ထိုသို့အသစ်ပြန်လည်ရေးဆွဲနိုင်ရန် အင်အားစုအားလုံးပါဝင်သောအမျိုးသား ညီလာခံကြီး တစ်ခုလိုအပ်ပါ သည်။ ထိုညီလာခံ ကြီးသည် “ကျိုက္ကဆံ- ညောင်နှစ်ပင်ညီလာခံတို့နှင့် အသွင်သဏ္ဍာန်နှင့်အနှစ်သာရအရပါ ပြတ်ပြတ်သားသားကွဲပြားခြားနားဖို့လိုသည်။ တန်းတူရည်တူဒီမိုကရေစီနည်းကျဆွေးနွေးနိုင်ရမည်၊ နိုင်ငံရေး အင်အားစုအားလုံး၊ တိုင်းရင်းသားအင်အားစုအားလုံး ပါဝင်တက်ရောက် ဆွေးနွေးနိုင်ရမည်။
သို့အတွက် အခြေခံအားဖြင့် တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲထားရမည်။ မတရားသင်းဥပဒေ၊ ၁၇ (၁)၊ (၂) အစရှိ သော မတရားသည့်ဥပဒေပုဒ်မများကို ဖျက်သိမ်းပစ်ရမည်။ တန်းတူရည်တူဒီမိုကရေစီနည်းကျ အားလုံးပါဝင်ဆွေးနွေးနိုင်မည့်နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးရမည်။ ယင်းသို့ ဖန်တီးပေးရန် လက်ရှိ ကြံ့ဖွံ့အစိုးရတွင် အဓိကတာဝန်ရှိပါသည်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်လက်မှတ်ရေးထိုးမှသာ မတရားသင်းအဖြစ်(ယာယီ)ကင်းလွတ် ခွင့်ပြုမည်၊ စစ်တပ်မှ တဖက်သတ်အပေါ်စီးယူ၍ သတ်မှတ်ထားသည့် “ မူသစ် ၆ ရပ်”ကို လိုက်နာလက်ခံရမည် စသည့် တဖက်သတ်ကြိုတင် သတ်မှတ်ချက်များ၊ နှောင်ကြိုးများဖြင့် တကယ့်ငြိမ်းချမ်းရေး၊ အရှည်တည် တံ့ခိုင် မြဲမည့်ငြိမ်းချမ်းရေးတည်ဆောက်နိုင်လိမ့်မည်မဟုတ်ပါ။
ဖဆပလအစိုးရမှသည် (နဝတ-နအဖ) စစ်အစိုးရအဆုံး မည်သည့်အစိုးရမျှ သွေးရိုးသားရိုးတန်းတူရည်တူ ဒီမို ကရေစီနည်းကျ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့်ဖြေရှင်းခဲ့ခြင်းမရှိချေ။
လက်ရှိ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၌လည်း သွေးရိုးသားရိုးတန်းတူရည်တူ ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေး သည့် နည်းလမ်းဖြင့် ဖြေရှင်းမည့် အလားအလာလည်း ခိုင်ခိုင်မာမာ မတွေ့ရသေးပါ။
အပြုတ်တိုက်ချေမှုန်းရေးနည်းလမ်း၊ ချော့မြှူဖြိုခွဲဝါးမျိုသည့်နည်းလမ်းများဖြင့် တကယ့်ငြိမ်းချမ်းရေး၊ အရှည် တည်တံ့ခိုင်မြဲ မည့်ငြိမ်းချမ်းရေးတည်ဆောက်၍ မရနိုင်ခဲ့ကြောင်း သမိုင်းဖြစ်ရပ်များက ထင်ထင်ရှားရှား သက်သေပြနေခဲ့ပြီးလည်း ဖြစ်ပါသည်။
“၂၀၀၈အခြေခံဥပဒေ” မဖျက်သိမ်းနိုင်သမျှ၊ “၂၀၀၈အခြေခံဥပဒေ” တည်မြဲနေသမျှ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေးများဆိတ်သုန်းနေမည်သာဖြစ်သည်။ ပြည်တွင်းစစ်သည်လည်း ဆက်လက်ဖြစ်ပွားမြဲ ဖြစ်ပွားနေလိမ့်မည်သာဖြစ်သည်။
သို့ပါ၍ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစံချိန်စံနှုန်းများပါရှိပြီး တိုင်းရင်းသား တန်းတူရေး နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖော်ဆောင်နိုင်မည့် အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူအပေါင်းက တစ် စိတ်တည်းတစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်လာကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။