Home အယ်ဒီတာ့အာဘော် ‌မြေ‌အောင်းနတ်ဆိုး‌ကြောင့် အိမ်ပြန်လမ်းများ မ‌ဖြောင့်ဖြူးနိုင်

‌မြေ‌အောင်းနတ်ဆိုး‌ကြောင့် အိမ်ပြန်လမ်းများ မ‌ဖြောင့်ဖြူးနိုင်

1610

အယ်ဒီတာ့အာ‌ဘော်

စစ်မက်‌ကြောင့် အိုးအိမ်စွန့်ရသည့် ခံစားချက်ကို မကြုံဆုံဖူး၊ မမြင်‌တွေ့ဖူးသူများက ကြားဖူးနားဝ‌လောက်ဖြင့် မယုံစားနိုင်ကြ‌ပေ။ သို့‌သော် မြန်မာပြည်တွင် မ‌အေးချမ်းခဲ့သည့် စစ်‌ရေးပဋိပက္ခများ‌ကြောင့် မိမိအိုးအိမ်ကို စွန့်ခွာ၍ နယ်စပ်ရှိ မြစ်‌ချောင်း‌တော ‌တောင်ချိုင့်ဝှမ်း‌နေရာများတွင်လည်း‌ကောင်း၊ နှစ်‌ပေါင်း ၃ဝနီးပါး ‌နေရပ်စွန့်ပစ်၍ ထိုင်းနိုင်ငံဘက်သို့လည်း‌ကောင်း တိမ်း‌ရှောင် ထွက်‌ပြေးခိုလှုံခဲ့ကြရသည့် စစ်‌ပြေးဒုက္ခသည်များမှာ ယ‌နေ့ထက်တိုင် ‌နေရပ်မပြန်နိုင်ဘဲ ရှိ‌နေကြသည်။

ပစ္စက္ခတ်ကာလတွင် ဖြစ်‌ပေါ်‌ပြောင်းလဲ‌နေသည့် မြန်မာ့နိုင်ငံ‌ရေး အခင်းအကျင်း၌ ဒုက္ခသည်များကိစ္စ ‌ဖြေရှင်းနိုင်‌ရေးသည် စနစ် တကျ အ‌သေအချာ လုပ်‌ဆောင်သွားရမည့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်သည်ဟု မြင်မိသည်။ အစိုးရ အပါအဝင် လက်နက်ကိုင် ‌ဆောင်‌သော အဖွဲ့အားလုံး၏ အပြန်အလှန် တိုက်ခိုက်မှုကြားတွင် ‌မြေစာပင်များ ဖြစ်ခဲ့ရသည်။ ၎င်းနှင့်တစ်ဆက်တည်း တိုက်ပွဲ ဖြစ်သည့်‌ဒေသများ၌လည်း လက်နက်ကိုင် အဖွဲ့အသီးသီး ‌ထောင်ထား‌သော လက်လုပ်မိုင်း၊ စွန့်ပစ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်း စသည့် အမျိုးအစား မတူညီ‌သော ‌မြေမြှုပ်မိုင်းများကို အပြီးသတ် မရှင်းနိုင်‌သေးသ‌ရွှေ့ စစ်‌ပြေးဒုက္ခသည်များ ‌နေရပ်နှင့်‌ဝေး‌နေရ ‌ပေဦးမည်။

အဆိုပါ ‌မြေမြှုပ်မိုင်း ရှင်းလင်း‌ရေးသည် လက်ရှိ လုပ်‌ဆောင်‌နေသည့် အပစ်အခတ် ရပ်စဲ‌ရေးအ‌ပေါ် မူတည်‌ကြောင်း၊ ခိုင်မာ‌သော အပစ်အခတ် ရပ်စဲ‌ရေး မရရှိသ၍ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း၌ ‌မြေမြုပ်မိုင်းရှင်းလင်းရန် အစီအစဉ် မရှိ‌သေး‌ကြောင်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူဝင်းက ဇူလိုင်လ ၁၆ရက်က ‌ပြောဆိုခဲ့သည်။ ထို့အတူပင် ဌာ‌နေမဲ့ ပြည် တွင်းဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းများအတွင်းရှိ ဒုက္ခသည်များမှာ အိမ်ပြန်ချင်လျက် အပြန်ခက်‌နေကြသည်။

ကရင်ပြည်နယ်တွင် အစိုးရစစ်တပ် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိ‌နေသည်။ ‌ကေအဲန်ယူ၊ ဒီ‌ကေဘီ‌အေ၊ ငြိမ်း ချမ်း‌ရေး‌ကောင်စီ၊ နယ်ခြား‌စောင့်တပ်နှင့် ဘုရားကုန်းကရင်ငြိမ်းချမ်း‌ရေးအဖွဲ့များဖြင့် ‌မေလ (၂၈)ရက်က စတင် ဖွဲ့စည်းခဲ့သည့် ကရင်လက်နက်ကိုင်များ ညီညွှတ်‌ရေး‌ကော်မတီက ၎င်းတို့အ‌နေဖြင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူး‌ဒေသတွင် မိုင်းရှင်းလင်း ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်မှုမှာ ၈ဝရာခိုင်နှုန်းခန့် ပြီးစီး‌နေပြီဟု နယ်ခြား‌စောင့်တပ် ကိုယ်စားလှယ်တစ်ဦးက ဆိုပြန်သည်။

သတိချပ်သင့်သည်မှာ စစ်မက်ဖြစ်ပွားရာ ‌ဒေသများသည် ကရင်ပြည်နယ်အတွင်း၌သာ မဟုတ်။ ပဲခူးတိုင်း ‌တောင်ငူ၊ ‌ရွှေကျင်၊ ‌ကျောက်ကြီး၊ တနသင်္ာရီတိုင်း ထားဝယ်‌ဒေသ၊ မွန်ပြည်နယ် ဘီးလင်း‌ဒေသ စသည်တို့လည်း ပါဝင်သည်ဖြစ်ရာ ရက် လ နှစ်ရှည် ကြာ စစ်‌ဘေး‌ရှောင်သူများအဖို့ အိမ်ပြန်လမ်း ‌ဖြောင့်ဖြူးနိုင်‌ရေးအတွက် ‌မြေတွင်း‌အောင်း‌နေသည့် နတ်ဆိုးမိုင်းများကို နည်းစနစ် ကျစွာ အချိန်ယူ၍ ရှင်းလင်းသွားရန်မှာ သက်ဆိုင်ရာ လက်နက်ကိုင်‌ဆောင်သူများ၏ သမိုင်း‌ပေးတာဝန်ပင် ဖြစ်‌ပေ‌တော့သည်။