စောတကော်အွာ
ကရင့်ရိုးရာ လက်ချည်ပွဲတော်ဓလေ့အကြောင်းကို ဖေါ်ပြရလျှင် ကရင်လူမျိုးများ၏ နောက်ခံသမိုင်းကြောင်းကို ဦးစွာ လေ့လာ တင်ပြရမည်ဖြစ်၍ အထောက်အထား အချက်အလက်များ ရရှိရန် ခက်ခဲခြင်း၊ ရှားပါးခြင်းတို့ကြောင့် ယခု တင်ပြချက်မှာ ပြည့်စုံ လုံလောက်မှု မရှိနိုင်ပါ။ ထို့ကြောင့် ယခင်က လေ့လာမှတ်သားထားခဲ့သော အချက်အလက်များကို အတတ်နိုင်ဆုံး စုဆောင်း၍ ကောက်နှုတ် ရေးသားတင်ပြအပ်ပါသည်။
ကရင်လူမျိုးများသည် (ဘီစီ-၇၃၉)မှ အစပြု၍ တိဗက်ကုန်းမြေမြင့်မှ ဆင်းသက်လာပြီး (ဖူးထိုမဲပါ) အမည်ရှိသော ကရင်ခေါင်း ဆောင်ကြီးက တရုတ်ပြည်ရှိ (ယန်စီကျန်)မြစ်ဖျားအတိုင်း အုပ်စုလိုက် လိုက်ပါလာ၍ မြောက်အရပ်မှ တောင်အရပ်သို့ ရေကြည် ရာ မြက်နုရာ ဆင်းသက်လာကြသည်ဟု သုတေသန ပညာရှင်များက လက်ခံယုံကြည်ကြပါသည်။
လက်ချည်ပွဲ ဖြစ်ပေါ်လာပုံ
ကရင်လူမျိုးများသည် ခေါင်းဆောင်ကြီး (ဖူးထိုမဲပါ)နှင့်အတူ လိုက်ပါလာစဉ် ဝါခေါင်လအတွင်း မိုးများပြင်းထန်စွာ ရွာသွန်းခြင်း၊ သဲချောင်းများ ပြင်းထန်စွာ စီးဆင်းခြင်း၊ တောင်ပြိုကျခြင်း အစရှိသည့် သဘာဝ ရာသီဥတုဘေးဒဏ်များကို ပြင်းထန်စွာ ကြုံတွေ့ ရ၍ ဖျားနာခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့ခဲ့ကြရပါသည်။ ထို့အပြင် အခြားအုပ်စုများ၏ လာရောက်တိုက်ခိုက်ခြင်းများကိုလည်း ကြုံတွေ့ခဲ့ကြရပါသည်။ ခေါင်းဆောင်ကြီး (ဖူးထိုမဲပါ)သည် ကိုယ်ကာယဗလနှင့် ပြည့်စုံပြီး သတ္တိရှိခြင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံ ခြင်း၊ တည်ကြည်ဖြောင့်မတ်၍ သစ္စာရှိသော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်၍ နောက်လိုက်ငယ်သားများက သူ့ကို ယုံကြည် အားကိုးကြပါသည်။
ထို့ကြောင့် (ဖူးထိုမဲပါ)သည် ၇ရက်နေ့ သားသမီးများကို အကြောင်းပြု၍ (၇)ရက် (၇)နံ့ (၇)မျိုးပါသော ပစ္စည်းများဖြင့် အဓိဌာန် ပြုခဲ့ပါသည်။ မိမိ၏နောက်လိုက်ငယ်သားများ သဘာဝဘေးဒဏ်မှ ကင်းဝေးရန်နှင့် တဦးနှင့်တဦး လွယ်ကူစွာ မှတ်မိစေနိုင်ရန်အ တွက် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့ထုံးခြင်းကို ဝါခေါင်လတွင် အစပြုခဲ့ရာမှ ဝါခေါင်လ ကရင်လက်ချည်ပွဲတော် စတင် ပေါ်ပေါက်လာခဲ့ပါသည်။
လက်ချည်ပွဲတွင် ပါဝင်သော ပစ္စည်း(၇)မျိုးနှင့် ယုံကြည်ခြင်း အဓိပ္ပါယ် ပစ္စည်း(၇)မျိုးမှာ
၁။ ချည်ဖြူ
၂။ ရေ
၃။ ထမင်းဆုပ်
၄။ ကြံ
၅။ ငှက်ပျောသီး
၆။ ပန်း
၇။ ကောက်ညှင်းထုပ် ဖြစ်ပါသည်။
(၁) ချည်ဖြူ။ ။ အဖြူရောင်ချည်သည် ဖြူစင်သန့်ရှင်းခြင်း၊ မိမိလက်ကောက်ဝတ်တွင်လည်းကောင်း ချည်ဖြူရှိနေခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိခြင်း၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ၊ ရန်သူကို ခွဲခြားစွာ သိနိုင်ခြင်း အဓိပ္ပါယ်ဆောင် သည်။
(၂) ရေ ။ ။ ရေသည် အေးမြကြည်လင်ခြင်း၊ သက်ရှိသက်မဲ့များအားလုံး မှီဝဲနိုင်ခြင်း၊ သောက်သုံးနိုင်ခြင်း၊ ရှင်သန်ခြင်း၊ စိမ်း လန်းစိုပြေခြင်း အဓိပ္ပါယ်ဆောင်သည်။
(၃) ပန်း ။ ။ လှပတင့်တယ်ခြင်းနှင့် မွှေးကြိုင်လန်းဆန်းစေခြင်း အဓိပ္ပါယ်ကို ဆောင်ပါသည်။
(၄) ကြံ ။ ။ ကြံပင်၏ အဆစ်အမြစ်တိုင်းတွင် အတက်အလက်များ ပေါက်ဖွားရှင်သန်ခြင်းကြောင့် မိမိ၏အမျိုးအနွယ် အစဉ်အ ဆက်များ ဆက်လက်ရှင်သန်ခြင်းကို ဆိုလိုသည်။
(၅) ငှက်ပျောသီး ။ ။ ငှက်ပျော်သီးသည် ပင်ကိုယ် အနံ့အရသာနှင့် ပြည့်စုံခြင်း၊ အဖူးတစ်ခုတည်းမှ အသီးအပွင့်များ အစုလိုက် အပြုံလိုက် ပေါက်ဖွားလာခြင်း၊ အစုလိုက် အခိုင်လိုက် ပေါင်းစည်းထွက်ပေါ်လာခြင်း အဓိပ္ပါယ်ကို ဆောင်ပါသည်။
(၆) ထမင်းဆုပ် ။ ။ ထမင်းဆုပ်ကဲ့သို့ စုစည်း၊ စည်းလုံးညီညာမှုရှိခြင်း၊ အာဟာရ၊ အသက်ရှင်သန်စေခြင်း အဓိပ္ပါယ်ကို ဆောင် ပါသည်။
(၇) ကောက်ညှင်းထုပ် ။ ။ ကောက်ညှင်းကို ဝါးရွက်ဖြင့် သုံးဒေါင့်ချိုး၍ ထုပ်ရသောကြောင့် ဖြောင့်မတ်သော အချိုးအစားရှိ ခြင်း၊ ကောက်ညှင်း၏ စေးကပ်သော အဓိပ္ပါယ်ဖြင့် တပေါင်းတစည်း စုစည်း၍ မကွဲမကွာ၊ အတူတကွရှိခြင်း အဓိပ္ပါယ်ဆောင်ပါ သည်။
လက်ချည်ပွဲ ကျင်းပပုံအမျိုးမျိုး
မျက်မှောက်ခေတ်တွင် ကျင်းပပုံအမျိုးမျိုးမှာ မိသားစုအလိုက်၊ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ အသင်းအဖွဲ့အလိုက် ဝါခေါင် လပြည့်နေ့တွင် ပြုလုပ်ကျင်းပကြပါသည်။ ထို့အပြင် မိသားစုအတွင်း ဖျားနာခြင်း သေဆုံးခြင်းနှင့် မဂင်္လာဆောင်ခြင်းတွင်လည်း အထူးပြုလုပ်ကြပါသည်။
ယုံကြည်မှု
ရှေးထုံးတမ်းစဉ်လာအရ လက်ချည်ပေးမည့် ပုဂ္ဂိုလ်သည် သီလသမာဓိရှိခြင်း၊ ရိုးသားတည်ကြည်ခြင်း၊ တရားမျှတခြင်းနှင့် ပြည့်စုံ သောသူ ဖြစ်ရသည်။ အထူးသဖြင့် သက်ကြီးရွယ်အို အဖိုးအဖွားနှင့် ကျေးရွာ၊ ရပ်ကွက် အကြီးအကဲ လူကြီးများက ဦးဆောင် ချည်ငင်ပေးကြသည်။
ကရင်လူမျိုးသည် ရှေးထုံးတမ်းစဉ်လာ ရိုးရာမပျက် လက်ချည်ပွဲကို ယုံကြည်စွာဖြင့် မိမိတို့ရိုးရာကို ထိန်းသိမ်းစောင့်ရှောက်လျှက် ရှိပါသည်။ လက်ချည်ပွဲကို ပိုးကရင်စကားဖြင့် (ခိုင်စူးပလူးလာ)ဟု ခေါ်တွင်ကြသည်။ မြန်မာစကားဖြင့် (လက်ချည်လိပ်ပြာခေါ် ခြင်း)ဟု အဓိပ္ပါယ်ရပါသည်။ ဤသို့ လက်ချည်ခြင်းအားဖြင့် ကိုယ်ကာယသန်မာထွားကြိုင်းစေ၍ ကျန်းမာစေခြင်း၊ လူချစ်လူခင် မိတ်သဟာယ ပေါများခြင်း၊ ဉာဏ်ပညာထူးချွန်ခြင်း၊ ပစ္စည်းဥစ္စာ ပေါများခြင်း၊ ဘေးအန္တရာယ် ကင်းဝေးစေသည်ဟု ရှေးဓလေ့အ တိုင်း ယုံကြည်ကြပါသည်။
မျက်မှောက်ကာလ
ယခုမျက်မှောက်ကာလတွင် စစ်မှန်သော အမျိုးသားရေး စိတ်ဓါတ်ရှိသော ကရင်ခေါင်းဆောင်များနှင့် ရိုးရာယဉ်ကျေးမှု အမွေအ နှစ်များကို မြတ်နိုး၍ လေးစားစွာ ထိန်းသိမ်းတတ်သော ကရင်လူမျိုးများက ညီညွှတ်ရေးနှင့် အမျိုးသားရေးကို အခြေခံပြီး ကရင် လူမျိုးများ နေထိုင်ရာ ဒေသအနှံ့အပြားတွင် နှစ်စဉ် ဝါခေါင်လတွင် လက်ချည်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။
မြန်မာနိုင်ငံအတွင်းတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း(မြစ်ဝကျွန်းပေါ်) စသော ကရင်လူမျိုးအများစု နေထိုင်ရာ ဒေသတွင် ကျင်းပလေ့ရှိကြပါသည်။ ရန်ကုန်မြို့တော်တွင် ဟံသာဝတီအဝိုင်းအနီး၊ ကရင်ဘိုကလေးကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပကြပါသည်။
ထို့အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ (OKRSO)အဖွဲ့မှ ဦးဆောင်၍ ဘန်ကောက်မြို့တော်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံရှိ ကရင် လူမျိုးအများစုနေထိုင်သော (ကန်ချနဘူရီ)ခရိုင်တွင်လည်းကောင်း၊ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ရိုးရာမပျက် ကျင်းပကြောင်း သိရှိရသည်။
ကရင်လူမျိုးများသည် နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှုစသည် အတွေးအခေါ်အယူအဆများ မည်သို့ပင်ကွဲစေ ကာမူ အားလုံးသော ကရင်အမျိုးသားအရေးသည် ကရင်လူမျိုးအတွက်သာ အဓိက အစစ်အမှန်ဖြစ်ပြီး ကရင်စကားသည် ဒို့စကား၊ ကရင်စာပေသည် ဒို့စာပေ၊ ကရင်သုခုမအနုပညာသည် ဒို့ပညာ၊ ကရင်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းသည် ဒို့ရိုးရာ ဓလေ့ထုံးတမ်းဆိုသော ဂုဏ်အဂင်္ါနှင့်အညီ၊ သံဓိဌာန်ပြုကြရင်း လက်ချည်ပွဲတော် အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသား မိတ်ဆွေသားချင်းများကို ချစ်ကြည်ရင်းနှီးစွာ ဖိတ်ခေါ်လျှက် သာယာလှပသော အနာဂတ်ခရီးပန်းတိုင်သို့ ညီညွှတ်စွာ လက်တွဲလျှောက်ကြပါစို့။