အယ်ဒီတာ့အာဘော်
တိုင်းပြည်တစ်ခု တိုးတက်ရေးမှာ တိုင်းသူပြည်သားများနှင့် အုပ်ချုပ်သူ အစိုးရ၏ ကြီးမားသော ဝတ္တရားပင်ဖြစ်သည်။ အလားတူ ပြည်နယ်နှင့် တိုင်းများဖြင့် ဖွဲ့တည်ထားသော ဗမာပြည်တွင်လည်း ပြည်နယ်၊ တိုင်းတစ်ခုချင်းစီ တိုးတက်မှသာ တတိုင်းပြည်လုံး တိုးတက်သာယာပေမည်။ ထိုသို့ ပြည်နယ်တစ်ခု တိုးတက်ရန်မှာလည်း ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်သူ များ၏လက်ဝယ်တွင် တာဝန်အပြည့် ရှိပေသည်။
ပြည်သူများဟု ဆိုရာဝယ် ပြည်သူတွင်းမှ ပေါက်ဖွားလာသည့် သက်ဆိုင်ရာ အစိုးရအဖွဲ့လည်း အကျုံးဝင်ပြီးဖြစ်သည်။ ကရင် ပြည်နယ်တွင် လယ်မြေ၊ ခြံမြေများ သိမ်းဆည်းခံရမှုမှာ ကြီးမားသည့် ပြဿနာကြီးတစ်ခုဖြစ်သလို ဒေသကိုလှပစေသည့် များစွာ သော ထုံးကျောက်တောင်များမှာလည်း ငွေရှင်ကြေးရှင် ဓနရှင်များအတွက် ဘိလပ်မြေထုတ်လုပ်ရန် တွန်းအားတစ်ခုလို ဖြစ်နေ သည်။
၎င်းအပြင် သယံဇာတများဖြစ်သည့် ရွှေ၊ ခနောက်စိမ်းကဲ့သို့သော တွင်းထွက်ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းများ၊ ဆည်တည် ဆောက်ရေးလုပ်ငန်းများသည်လည်း ဒေသခံများ၏ ရေရှည်အကျိုးစီးပွားကို မည်မျှအထောက်အကူဖြစ်မည်ကို ဆန်းစစ်ရန် လို သည်။ လူထုအခြေပြုအဖွဲ့တချို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြားစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ခွင့်ပေးခြင်းထက် ဒေသခံများလက်ထဲသို့သာ အပ်နှံလုပ်ဆောင်ခွင့် ပေးသင့်ကြောင်း ပြောဆိုနေကြသည်။
သို့သော် ဒေသခံများထဲတွင်လည်း အသေးစား လုပ်ငန်းရှင်များရှိသကဲ့သို့ အစိုးရ အပါအဝင် ပြည်နယ်အတွင်းရှိ အပစ်ရပ်အဖွဲ့ များနှင့် ဆက်စပ်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေကြသူများလည်း ရှိသည်။ မျက်မှောက်ကာလသည် အစိုးရနှင့် ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ)တို့ အပစ်အခတ် ရပ်စဲထားသည့် အချိန်ကာလဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲကို အပစ်အ ခတ်ရပ်စဲရေးမှ အခြေပြုဆောင်ရွက်နေသလို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများကိုလည်း တဆင့်ချင်း လုပ် ဆောင်ရာတွင် လူထုနစ်နာမှုနှင့် သဘာဝအရင်းအမြစ်ကို ထိခိုက်မှုမရှိရန် လိုသည်။
သို့ဖြစ်၍ ပြုန်းတီးသွားသော သစ်တောများကို အစားထိုး ပြန်လည်စိုက်ပျိုးခြင်း၊ သယံဇာတများကို ဒေသဖွံ့ဖြိုးရေးအတွက် လို အပ်သလောက်သာ ထုတ်ယူသုံးစွဲခြင်း၊ လယ်ယာလုပ်ငန်းအတွက် လယ်သမားများက နည်းစနစ်ကျစွာ လုပ်ဆောင်ခြင်းမျိုးသာ ဖြစ်သင့်ပေရာ ပြည်နယ်အေးချမ်းသာယာရေးအတွက် ဒေသန္တရအစိုးရအဖွဲ့၊ လူထုအခြေပြုအဖွဲ့၊ လက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ ပြည်သူလူထုတို့က ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရင်း တာဝန်ကျေကျေ လုပ် ဆောင်သွားသင့်ပေသည်။