(မောင်ကျော်စွာ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်
တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး (Nation Wide Ceasefire) ဆိုသည်မှာ သမ္မတဦးသိန်းစိန်အစိုးရဘက်မှ ကနဦးကြေညာ ဆောင်ရွက်ပေးရမည့် လုပ်ငန်းတစ်ခုသာဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ၊ (NWC) ကို နိုင်ငံရေးဆွေးနွေးပွဲကြံ့ကြာနှောင့်နှေးစေရန် တမင် အချိန်ဆွဲဈေးဆစ်နေသည့်ဟန်ပြလုပ်ငန်းတစ်ခုအဖြစ်လုပ်မနေသင့်ပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့်ပြည်နယ်အဆင့်လက်မှတ်ထိုးပြီးဖြစ်သဖြင့်၊“နိုင်ငံရေးဆွေးနွေးပွဲ”သို့ တက် လှမ်းသွားရတော့မည်သာဖြစ်သည်။
မီဒီယာများသို့ ဦးအောင်မင်းပြောကြားချက်အရဆိုလျှင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး (Nation Wide Ceasefire) သဘောတူညီချက်လက်မှတ်ရေးထိုးမည့်ကိစ္စ လောလောဆယ်ဖြစ်နိုင်လိမ့်ဦးမည်မဟုတ်ချေ။
(NWC)တွင် ပါဝင်လက်မှတ်ထိုးရန်လေး၊ငါးဖွဲ့လောက်နှင့်သာသဘောတူညီချက်ရထားသည်ဟုဆိုသည်။အဓိပ္ပာယ်က နောက် ထပ် နှူးရနှပ်ရဦးမည်၊ ချော့ရမော့ရဦးမည်၊ မြှူရဆွယ်ရဦးမည်၊ ပေးရကမ်းရဦးမည်ဆိုသည့်သဘော။ စစ်တပ်က (UWSP/UWSA) ကို ဝိုင်းပတ်ခြိမ်းချောက်တာလက်လွန်သွားသဖြင့် “ဖြစ်လေ့ဖြစ်ထရှိတာတွေပါ/အောက်ခြေကဖြစ်ရပ်တွေပါ” ဆိုပြီး လျောချသွားရသည်။
တကယ်တော့“စည်းကမ်းပြည့်ဝသောတပ်မတော်ကြီး”တွင် အောက်ခြေတပ်ဗိုလ်တပ်သားသည် ဤမျှသတ္တိမကောင်းပါ။ အထက်မှ အမိန့်ပေး ၍လုပ်ကြရခြင်းဖြစ်ပြီး၊ သေစရာရှိသေကြရသည်။ ဘုမသိဘမသိ ဓါးစားခံလည်းဖြစ်ကြရသည်။
ယခုလည်း စစ်တပ်က ထိုးစစ်/ခံစစ်သဘောပါဝင်နေသည့် (အမြောက်စခန်းတွေဖွင့်/ခံကတုတ်တွေ အားဖြည့်တည်ဆောက်/ စစ်လေယာဉ်တွေပျံသန်းစသဖြင့်)စစ်ပြင်ဆင်မှုများကို အပစ်ရပ်ထားသည့် ဒေသများတွင် လုပ်မြဲတိုင်းလုပ်နေသည်။ ဤသည်ကပင်ရရှိ ထားသည့် အပြန်အလှန်သဘောတူညီမှုကို ချိုးဖျက်သည့်သဘော၊ ဂရုမစိုက်သည့်သဘောဖြစ်သည်။ စစ်တပ်ကို သမ္မတဦးသိန်းစိန် အမိန့်မပေးနိုင်၊ မထိန်းချုပ်နိုင်သည်မှာ ထင်ရှားသည်။ ဘီဘီစီမြန်မာဌာနမှူးနှင့်ဗျူးရာတွင် ဝန်ခံသွားရှာသည်။ စစ်တပ်လုပ်နေတာတွေ အားလုံးသူမသိပါတဲ့။
“(NWC) လက်မှတ်မထိုးမီ သမ္မတနှင့်ကာချုပ် သဘောတူညီချက်လက်မှတ်ရေးထိုးဖို့လိုသည်” ဟု ထောက်ပြတာဖတ်လိုက်ရ သည်။ သူတို့ထောက်ပြတာမှန်သည်။ ဦးအောင်မင်းလက်နဲ့ရေးခဲ့သမျှစစ်တပ်ကခြေနဲ့ဖျက်သလိုဖြစ်နေသည်။ ဦးအောင်မင်းက “မွေးရင်း” စစ်တပ်က“စားရင်း” ဖြစ်နေသည်။
သမ္မတဦးသိန်းစိန်အတွက် လိုအပ်နေသည်မှာ သမ္မတအမိန့်ညွန်ကြားချက်ကို စစ်တပ်က လေးစားလိုက်နာဖို့သာဖြစ်သည်။
တကယ်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (၁၁) ဦးတွင် ကာချုပ်ကိုယ်တိုင်အဖွဲ့ဝင်ဖြစ်ပါဝင်နေ သည်မဟုတ်သလော။ “မွေးသူ” နှင့် “စားသူ” သူအတိုင်အဖောက်ညီစွာလုပ်ဆောင်နေကြခြင်းသာဖြစ်သည်။
(NWC)တွင်လက်မှတ်ထိုး/မထိုးကိစ္စသည်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွင်း တူညီသည့်ဘုံသဘော ထားမရှိသေး။ သူတစ်မျိုးငါတစ်ဖုံပြောနေလျက်ပင်။
အချို့(NWC) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုနိုင်ဟု တင်းတင်းမာမာ ပြောသည့်အဖွဲ့ကပြောနေသည်။ အချို့ကလည်း အစိုးရထံက ရှင်းလင်းချက်တောင်းခံနေသည်။ အချို့က လက်ခံသလိုလိုပြောနေသည်။ မည်သည့်ပြောဆိုချက်ကိုမျှ အတည်ယူ၍မရ။ “အလွတ်သဘော” ဆိုသည့်စကားလုံးဖြင့် ဘွာတေးလုပ်လိုက်လျှင် အတည်မှတ်ယူလိုက်မိသူသာကိစ္စချောပေလိမ့်မည်။
ထို့အပြင် “မိမိတို့၏ အမျိုးသားရေးကိုမိမိတို့ကိုယ်တိုင်သာအစိုးရနှင့်တရားဝင်ဆွေးနွေးပိုင်ခွင့်ရှိသည်” ဟုဆိုပြီး။
“နိုင်ငံရေးတွေ့ ဆုံဆွေးနွေးခြင်းဖြစ်စဉ်တွင်မူ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင် ဆန်းစုကြည် အပါအဝင်အခြားအထင်ကရ နိုင်ငံ့ခေါင်းဆောင်များပါဝင်ရမည်ဖြစ်သည်” ဟု ဆိုပြန်သည်။
တဖန် “မြန်မာနိုင်ငံ၏ တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဉ်မှာ အစုအဖွဲ့ပေါင်းမြောက်များစွာမှ တစ်ပြိုင်တည်း ပါဝင်ညှိနှိုင်းရသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အလွန်ပင်ရှုပ်ထွေးပါသည်၊ ဤကဲ့သို့သောရှုပ်ထွေးမှုကြောင့် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး ဦး မှ ကြားဝင်ဖြန်ဖြေရန် သင့်တော်လျော်ကန်ခြင်းမရှိချေ”။ အလွန်ပင်ရှုပ်ထွေးစွာရေးသားဖေါ်ပြထားပြန်ပါသည်။
“အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး မှ ကြားဝင်ဖြန်ဖြေရန်သင့်တော်လျော်ကန်ခြင်းမရှိ”ဟု ရည်ညွန်းနေခြင်းမှာ ကုလသမဂ္ဂနှင့်အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကိုလော၊ သို့တည်းမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ကိုပင် ဦးတည်လေသလောဟု အမေးပုစ္ဆာပေါ်ပါသည်။
ဦးအောင်မင်းတို့ကြံ့ဖွံ့အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင်ဖြန်ဖြေသူတစ်ဦး/နိုင်ငံရေးပါတီဥက္ကဋ္ဌတစ်ဦး အဆင့် နေရာမျိုးဖြင့်မဟုတ်ဘဲ။ လွှတ်တော်မှ ဖွဲ့စည်းပေးထားသော ကော်မတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ်သာ ပါဝင်ရမည်ဟုဆိုသည်။ သူတို့ သတ် မှတ်ပေး သည့်နေရာ၊ သူတို့ဖိတ်သည့်နေရာက ပါဝင်ရမည်ဟုဆိုခြင်းပင်ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်း(ကာ/လုံ)အစည်းအဝေးတွင် ထုတ်ဖေါ်မပြောသော“စိတ်ထဲကနေရာမျိုးမဟုတ်”။ လွှတ်တော် ဥက္ကဋ္ဌကြီးမှာလည်း စိတ်ထဲကတစ်မျိုး၊ လုပ်တော့တစ်မျိုးပင်။ လွှတ်တော်ဥက္ကဋ္ဌကြီးစိတ်ဓာတ်ကို ရှင်းလင်းစွာသိလိုက်ရသည်။
သို့ဖြင့်(NWC)လက်မှတ်ရေးထိုးရေးကိစ္စအပေါ်မူတည်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လက်မှတ်ရေး ထိုးမည့်သူနှင့် လက်မှတ်မထိုးလိုသူဟူ၍ ကွဲကြတာသာအဖတ်တင်လိမ့်မည်။
“၂၀၀၈ အခြေခံဥပဒေ” ကို ဘယ်အတိုင်းအတာအထိပြုပြင်မှာလဲဆိုသည့်ရလဒ်ကို စောင့်ကြည့်အကဲခတ်သင့်သည်။
ယခုရှိနေသည် ၂၀၀၈အခြေခံဥပဒေသည် ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို လည်းကောင်း၊ ယခုအစိုးရကိုသော်လည်းကောင်း ယုံကြည်မှုမရှိနိုင်ခြင်းကြောင့် တိုင်းရင်းသားအားလုံး ယုံကြည်လက်ခံသည့် အခြေခံဥပဒေတစ်ခု ပေါ် ထွက်လာစေရန် အမျိုးသားညီလာခံကဲ့သို့သော ညီလာခံတစ်ခုလိုအပ်ကြောင်းနှင့်လက်နက်ကိုင်တိုင်းရင်းသားများအားလုံး အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုလားကြပြီး၊ ပြင်ဆင်သည်ဟု ဆိုရာတွင် အနည်းငယ် ပြင်ဆင်ခြင်း မဟုတ်ဘဲ ပြင် သင့်သမျှ၊ ဖျက်သင့်သမျှ အားလုံးကို ပြင်ဆင်၊ ပယ်ဖျက် ပေးမှသာလျှင် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မည်ဖြစ်ကြောင်း၊ စစ်မှန်သော အမျိုးသား ပြန်လည်ညီညွတ်ရေး ဖြစ်ပေါ်ပေါက်မည် ဖြစ်ကြောင်း ပြောသံဆိုသံဝေဖန်သံများကို ကြားသိနေရပါသည်။