(ကဗျာ)
အို့ အသင်မူလေးချက်ရှင်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်ဆိုလို့
ဖိုးခွါးတို့ အမြဲကိုင်ဆောင်ထားလျှက်ပါ
ဒါပေမယ့် ့
တောင်ဝှေးအဖြစ်နဲ့သာ ကိုင်ရတာပါ အဘရယ်
တစ်ချို့ကြတော့ မောင်းဖြုတ်ပြီး
တိုက်ချွတ်သူမဲ့ နံရံမှာ ချိတ်လျှက်
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။
အို ့ အသင်မူလေးချက်ရှင်
လက်နက်ချစကား အလျဉ်းမပြောရဆိုလို့
ဖိုးခွါးတို့ လုံးဝမပြောပါဘူး အဘရယ်
ဒါပေမယ့်
အထက်နဲ့အလယ်သာ အောက်လူနဲ့ပြည်သူ မပါတဲ့
သာမတူ ညီမမျှ အကျိုးတူခံစားရန်အတွက်
ကြီးစဉ်ငယ်လိုက်ခွဲဝေရယူရေးကို
အာဏာရှင်လုပ်ငန်းရှင်တွေနဲ့
အခြေအတင်စကားတော့ ပြောဆိုကြရပါရဲ့
နားလည်ပေးပါ အဘရယ်
သူတို့ ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။
အို ့ အသင် မူလေးချက်ရှင်
ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုလို့
ဖိုးခွါးတို့ အမြဲကြိုးစားနေဆဲပါ အဘရယ်
အမြဲတမ်းလိမ်နေကြ ‘ဒင်း’ တို့ ပါးစပ်က
ဖမ်းတော်လား လွတ်တော်လား ဥက္ကဌဆိုသူတောင်
‘ဖယ်ဒရယ်လား’ ရယ်ရွှင်ဖွယ်လား
တစ်ခွန်းတစ်စလေးတော့ ပြောနေပြီး အဘရဲ့
ဒါပေမယ့်
အိမ်ရှင်က ဧည့်သည်ဆီ နေခွင့်ပြန်တောင်းရတဲ့ အဖြစ်က
အခန့်မသင့်ရင် မောင်းထုတ်ပစ်ခံရဦးမှာမို့
ဆက်ဆံရေးရုံးမှာ မှိုရတဲ့မျက်နှာလို ပြုံးကာ
သူကြည်ဖြူပေးလာမဲ့အဖြေကိုသာ မျှော်ကိုးနေရတာက
တိုင်တိုလေးနဲ့သာ လွင့်ထူခွင့်ရနေသေးတဲ့
အားနာစရာကောင်းတဲ့ ကိုယ့်အမျိုးသားအလံနဲ့
အဘရဲ့ မျက်နှာလေးကို မြင်ယောင်ကာ
‘မင်းလားဟဲ့ တော်လှန်ရေးသမား’လို့
ဖိုးခွါးကို စိမ်းစိမ်းကြည့်ပြီး မေးနေသလို ရှက်နေမိပါရဲ့
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။
အို ့ အသင်မူလေးချက်ရှင်
ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင်ဖန်တီးရမယ်ဆိုလို့
အဘရဲ့ ခန္ဓာကြွေရာ ဇာနည်မြေမှာ
အောင်စည်အောင်မောင်းတီးပြီး အောင်မြေနင်းကာ
နဖူးတွေတိုက် ဒူးတွေတိုက်အောင် ဆွေးနွေးရင်း
ဖိုးခွါးတို့ သွေးချင်းတွေ မစီးစေရေးအတွက်
သွေးရင်းတွေစည်းပြီး နှုတ်စကားတွေ ဆိုနိုင်ခဲ့ကြပါရဲ့
ဒါပေမယ့်
ဒို့ရွှေပြည် မျှော်လေတိုင်းဝေးဦးမဲ့
ညာပလီတို့ရဲ့ ငြိမ်းချမ်းရေး ဇနပုဒ်ဇာတ်မျှောထဲမှာ
အဘယ်လောက်ကြာ သွေးစည်းနိုင်မှာပါ့
အသိမ်းခံရတဲ့ လယ်မြေခြံယာရှင်တွေနဲ့
အိုးအိမ်ပစ်ခွါ စွန့်ပြေးနေရသူတွေအတွက်
အနာဂါတ်မျော်လင့်ချက်ရဲ့ မှေးစက်စက်မှာ
ရေးတေးတေး အိပ်မက်လှလှလေးတွေ မက်နိုင်ခွင့်ရဖို့
ဘိုးဘွားပိုင်နက်သန်မြေ မပျောက်ရေးအတွက်
ဟတ်ကြီးရေကာတာရန်က ကင်းဝေးတဲ့
ဒါတို့ပြေ (ပြည်) ဒါတို့်မြေ ဖြစ်ဖို့ဆိုတာ
သံစဉ်ကြိုးအလျှော့အတင်း မညီညာတဲ့
အဖွဲ့စုံတဲ့ သံစုံတီးဝိုင်းကြားမှာ
ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ဖန်တီးကာ
မီးစင်ကြည့်ပြီး ‘က’ နေရတာမို့
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရ ငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။
စအိုင်ခန့် (နှင်းခဲမြေ)
ဇွန်လ ၂၂၊ ၂၀၁၃ခုနှစ်