ဇွန်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းသုံး ထိုင်ခုံများကို ခိုးယူရောင်းချခဲ့သူ ထိုင်းနိုင်ငံ သားတစ်ဦးကို ဘုရားသုံးဆူမြို့ရှိ တာဝန်ရှိသူ ရဲများက ခံဝန်ကတိဖြင့် ကျောင်းတွင်သာ လက်မှတ်ရေးထိုး စေပြီး နေရပ်သို့ ဇွန်လ ၁၅ ရက်နေ့က ပြန်လည်ပို့ဆောင်လိုက်သည်ဟု စုံစမ်းသိရှိရသည်။
ကျောင်းပြန်လည်ဖွင့်လှစ်သည့် ယခုလအတွင်း ယင်းကျောင်းရှိ စာသင်ခန်းအတွင်းရှိ ထိုင်ခုံများ ပျောက်ဆုံးနေမှုနှင့် ပတ်သက် ပြီး သကင်္ာမကင်းဖြစ်ရာမှ ဇွန်လ ၁၄ရက်နေ့ ည ၇နာရီအချိန်တွင် ကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အသက် ၂၁နှစ်အရွယ် ထိုင်းနိုင်ငံသား နိုင်အားဖောင်ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက အမိအရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက “အခုအခိုးခံရတဲ့ ပစ္စည်းတွေက အများပိုင်ပစ္စည်းတွေလေ။ အများက လှူဒါန်း ထားတာ။ ခိုးမှုကျုးလွန်တယ်ဆိုရင်တော့ ထိုက်သင့်တဲ့ အပြစ်လေးတော့ ပေးရမှာပေါ့။ အခုလို ဖြေရှင်းလိုက်တာတော့ သိပ် သဘောမတွေ့လှဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
နိုင်အားဖောင်က ၎င်းကျောင်းရှိ ကျောင်းထိုင်ခုံ ၁၅လုံးကို ခိုးယူခဲ့ကာ ထိုင်ခုံတစ်လုံးလျင် ဘတ်ငွေ ၄ဝနှင့် ၅ဝ သာ ရောင်းချပြီး မြင်းဆေး ခေါ် ရာဘစိတ်ကြွဆေးပြားများကို ဝယ်ယူသုံးစွဲနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းသည့်အခါ ထိုသို့ ဖြောင့်ချက်ပေး ထွက်ဆိုသွားခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ ရဲစခန်းမှူး ဦးဇော်လင်းကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ “ကျနော့်အနေနဲ့ အဲဒီ ဖြစ် စဉ်နဲ့ ပတ်သက်ပြီး အောက်ခြေဝန်ထမ်းတွေကပဲ တာဝန်ယူလုပ်ဆောင်ပြီးမှ တင်ပြလာတဲ့အတွက် ဘာမှကို မသိပါဘူး။ နောက် ပြီး စခန်းကိုလာပြီး အမှုဖွင့်တိုင်ကြားထားတာမျိုးလည်း မရှိပါဘူး။”ဟု ပြန်လည်ဖြေကြားသည်။
နိုင်အားဖောင်အား ဖမ်းဆီးရမိပြီးနောက် သက်ဆိုင်ရာရဲစခန်း နယ်ထိန်းရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ထိုမှ တဆင့် ညတွင်းချင်းပင် ထိုင်းဘက်ခြမ်း နယ်ခြားကော်မတီသို့ အသိပေး အကြောင်းကြားသော်လည်း တာဝန်ယူခြင်း မရှိသဖြင့် ၎င်း၏ မိခင်ကိုယ်တိုင် လာရောက်ပြီး ခံဝန်ကတိအနေဖြင့်သာ ဖြေရှင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရဲများ၏ စစ်ဆေးမှုများအရ နိုင်အားဖောင်သည် နွေရာသီကျောင်းပိတ်ရက်များမှစ၍ ကျောင်းစောင့်မရှိ်သော ဘုရားသုံးဆူ အထက်တန်းကျောင်း၌ ညဘက်တွင် ခိုးဝင်အိပ်လေ့ရှိကာ မူးယစ်ဆေးဝါးများလည်း သုံးစွဲတတ်သူဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအ တွင်း၌လည်း ခိုးမှုကျူးလွန်ခဲ့ဖူးသူဖြစ်ကြောင်း သိရှိရသည်။
ဘုရားသုံးဆူမြို့တွင် အထက်တန်းကျောင်း တစ်ကျောင်းတည်းသာရှိပြီး အဆိုပါကျောင်းမှာ ထိုင်း-မြန်မာ နယ်စပ်ဂိတ်နှင့် နီးကပ်စွာ တည်ရှိကာ နှစ်နိုင်ငံ လူဝင်လူထွက်များသောနေရာလည်း ဖြစ်သည်။