ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်မှ ကျေးရွာအုပ်စုနှစ်စု ပေါင်း၍ အစိုးရစစ်တပ်မှ သိမ်းဆည်းထားခဲ့သော လယ်မြေများ ကို ပြန်လည်ရယူပြီး လာမည့် ဇွန်လ ၂ဝရက်နေ့တွင် ကရင့်အမျိုးသားအလံတော်အား စိုက်ထူသွားကြမည်ဟု ဒေသခံ လယ်သ မားများအရေး ကူညီဆောင်ရွက်ပေးနေသော ကရင်ပြည်သူ့ပါတီ (KPP) မှ မန်းအုန်းမြင့်သိန်းက ကေအိုင်စီသို့ ပြောသည်။
ဇွန်လ ၁၄ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်သမားများနှင့် မဝန်းကျေးရွာအုပ်စုရှိ လယ်သမားများ တွေ့ဆုံ၍ ယခင် က ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်မ၊ တပ်ရင်းများမှ စိုက်ထူထားသောအလံများနေရာတွင် ကရင့်အမျိုးသား အလံတော်အား ပြန်လည် အစားထိုးစိုက်ထူရန်အတွက် သဘောတူခဲ့သဖြင့် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဤသို့ အလံစိုက်ထူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လယ်မြေသိမ်းယူခဲ့သော တပ်ရင်း တပ်မ များအား တရားဝင်စာပေးပို့ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အသိမ်းခံလယ်မြေများကိစ္စကို ဧပြီလအတွင်းက မြန်မာအစိုးရ စစ်ဦးစီးချုပ်အပြင် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုခဲ့ ရာ မူလလယ်ပိုင်ရှင်များကို (၁၆၈)ဧက ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဟု ဆိုသော်လည်း သီးစားခ ပိုမို ပေးဆောင်သောသူများ ကိုသာ လုပ်ကိုင်ခွင့်ပေးသဖြင့် လယ်သမားများမှာ မိမိတို့ဖာသာ ထွန်ယက်လုပ်ကိုင်ခဲ့ကြရသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး ပြန်လည် ရယူထားသော လယ်မြေများနှင့် လက်ရှိလုပ်ကိုင် နေကြသော လယ်မြေများ အပါအဝင် ဧက ၁၀၂၄ပတ်လည်တွင် အလံများ စိုက်ထူကြမည်ဟုလည်း သိရသည်။
ရေတွင်းကုန်း ကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက “ကျနော်တို့ပါတီကို အကူအညီတောင်းတာဟာ စနစ်တကျဖြစ်ဖို့နဲ့ ဥပဒေနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်အောင် တောင်းတာပါ။ ကျနော်တို့ လယ်သမားတွေက ပါတီကို ခုတုံးမလုပ်ပါဘူး။ တောင်း ဆိုထားတဲ့ ရွာတွေအားလုံးဟာ ကရင်အများစု နေထိုင်ကြတဲ့ရွာတွေပါ။”ဟု ရှင်းပြသည်။
ယခုလို လယ်မြေများ၌ ကရင့်အမျိုးသားအလံတော် စိုက်ထူရခြင်းမှာ စုစည်းမှု၊ စည်းလုံးမှုနှင့်အတူ ကရင်လူမျိုးများ ဘဝဖွံ့ဖြိုး တိုးတက်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ထိုဒေသနေ KPP ပါတီဝင်များက ရှင်းပြသည်။