Home သတင်း မူလတန်းအောက်အဆင့် စကောကရင်ဖတ်စာအုပ် ရေးသားပြုစုပြီးစီး

မူလတန်းအောက်အဆင့် စကောကရင်ဖတ်စာအုပ် ရေးသားပြုစုပြီးစီး

1314
ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)

အစိုးရအခြေခံ ပညာရေးကျောင်းများတွင် သင်ကြားရန်အတွက် မူလတန်းအောက်အဆင့် စကောကရင်ဖတ်စာအုပ်ကို ရေးသား ပြုစုပြီးစီးသွားပြီးဖြစ်ကြောင်း ယင်းဖတ်စာအုပ်ကို ဦးဆောင်ရေးသားခဲ့သူ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌ စောဟယ်ရီက ကေအိုင်စီသို့ ပြောကြားလိုက်သည်။

အဆိုပါဖတ်စာအုပ်ကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ပေးချက်အရ ပြုစုရေးသားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ယင်း ၀န်ကြီးဌာနသို့ ပြန်လည်ပေးပို့လိုက်ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ သင်ရိုးညွှန်းတမ်းများကို အသေးစိတ် ရေးသားရဦးမည်ဖြစ် ကာ အစိုးရကျောင်းများ၌ မည်သည့်အချိန်တွင် သင်ကြားခွင့်ရမည်ကို မသိရသေးကြောင်း စောဟယ်ရီက ယခုလို ပြောသည်။

၎င်းက “မူလတန်းအောက်အဆင့်ဖြစ်တဲ့ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းအထိ စကောကရင်ဖတ်စာအုပ် ရေးဆွဲပေးဖို့ အတီး ကို ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဆိုပြီး လာခိုင်းတယ်။ ပညာရေးဝန်ကြီးဌာနကပါ ဒီလထဲမှာ ရေးပြီးသွားပါပြီး။ အခု ဖတ်စာအုပ်ကို ၀န်ကြီးဌာနကို ပြန်အပ်လိုက်ပါပြီး။ ကျောင်းတွေမှာ ဘယ်အချိန်သင်မလဲဆိုတာတော့ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် အနောက်ပိုးကရင်နှင့် အရှေ့ပိုးကရင် မူလတန်းအောက်အဆင့် ဖတ်စာအုပ်များကိုလည်း အခြားဘုန်းတော်ကြီးများက ပြုစုခဲ့ပြီးဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းက ထပ်မံ၍ ဖြည့်စွက်ပြောဆိုသည်။

အစိုးရ အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းချိန်ပြင်ပ၌ တိုင်းရင်းသားစာပေများကို သင်ကြားခွင့်ပြုမည်ဟု ပညာ ရေးဝန်ကြီးဌာနမှ ၂၀၁၂ခု နှစ်လယ်ပိုင်းက တရားဝင် ထုတ်ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ သက်ဆိုင်ရာ တိုင်းရင်းသားဖတ်စာ အုပ်များကို ရေးဆွဲနေခြင်းဖြစ်သည်။

သို့သော် ယင်းသို့ ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသားစာပေများကို သင်ကြားခွင့်ပြုမည်ဆိုခြင်းမှာ လက်ရှိ ပညာရေးစနစ်အရ ကိုက်ညီမှုမရှိကြောင်း၊ ထို့ကြောင့် မိမိတို့ တိုင်းရင်းသားဘာသာစကားကို ဒေသအလိုက် ကိုက်ညီသည့်သင်ရိုးညွှန်းတမ်းဖြင့် ကျောင်းချိန်အတွင်း လွတ်လပ်စွာ သင်ကြားခွင့်ပြုသင့်ကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ဒေါ်ဟောင်ဆိုင်က ပြောကြားသည်။

မူလတန်းအောက်အဆင့် စကောကရင်ဖတ်စာအုပ် ပြုစုခဲ့သူ စောဟယ်ရီသည် လက်ရှိတွင် K.B.T.S Liberal Arts Program ၌ ကရင်ဘာသာစကား ဘွဲ့ကြိုသင်တန်းတွင် စာသင်ကြားနေသည့် ဆရာတစ်ဦးဖြစ်ပြီး ကျန်မူလတန်းအဆင့် စကောကရင်ဖတ်စာ အုပ်များကိုလည်း ပြုစုလျှက်ရှိကြောင်း သိရသည်။