Home ဆောင်းပါး အစိုးရသတင်းစာတွင် ‌ဖေါ်ပြ ထား‌သော အသုံးအနှုန်း များနှင့် ပတ်သက်၍

အစိုးရသတင်းစာတွင် ‌ဖေါ်ပြ ထား‌သော အသုံးအနှုန်း များနှင့် ပတ်သက်၍

2196
(‌မောင်‌ကျော်စွာ(‌ဆောင်းပါး))

၂၈ ‌မေ၊ ၂၀၁၃။

FireShot Screen Capture #029 - 'MoeMaKa Burmese News & Media I Burmese Community News and Media Station – PO Box 320-207, San Francisco, CA 94132-0207, USA – send email to editors @ moemaka_com ((510) 854-6501)
မြန်မာ့အလင်း၊ ‌ကြေးမုံနဲ့ NLM တို့ဆိုတာ အစိုးရပိုင်သတင်းစာ‌တွေ ဖြစ်ပါတယ်။ တိတိကျကျ‌ပြောရရင် (နဝတ-နအဖ) စစ်အစိုးရလက်ထက် ကတည်းက စစ်အစိုးရပိုင်သတင်းစာ‌တွေ ဖြစ်တယ်။ အဲဒီ (နဝတ-နအဖ) စစ်အစိုးရပိုင်သတင်းစာ‌တွေကို ယခု ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးသိန်း စိန်အစိုးရက အ‌မွေဆက်ခံထား တာ ဖြစ်ပါတယ်။

အစိုးရပိုင်သတင်းစာဖြစ်‌တော့ သဘာဝကျစွာပဲ အစိုးရရဲ့ သ‌ဘောထားရပ်တည်ချက်ကို တိုက်ရိုက် ထင်ဟပ်‌ဖေါ်ပြပါတယ်။ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ (နဝတ-နအဖ) စစ်အစိုးရရဲ့ သ‌ဘောထားရပ်တည်ချက်ကို တိုက်ရိုက် ထင်ဟပ်‌ဖေါ်ပြခဲ့ပြီး ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးသိန်းစိန်အစိုးရရဲ့ သ‌ဘောထားရပ်တည် ချက်ကို တိုက်ရိုက် ထင်ဟပ်‌ဖေါ်ပြပါတယ်။

ဒီ‌တော့ အစိုးရပိုင်သတင်းစာဟာ အစိုးရသ‌ဘောထားအ‌ပေါ် မူတည်ပြီး သ‌ဘောထား‌တွေ အပြန်အလှန် ‌ပြောင်း‌လေ့ရှိပါတယ်။ အစိုးရရဲ့ သ‌ဘောထားနဲ့အညီ ‌ရေးသား‌ဖေါ်ပြ ရပါတယ်။ မြင်သာ‌အောင် သာဓကတစ်ချို့ကို ‌ဖေါ်ပြပါရ‌စေ။

– “‌သောင်းကျန်းသူ”လို့ ‌ရေးသားလာရာက‌နေ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း”လို့ ‌ရေးတယ်။
– “ငမြ ”လို့ ‌ဖေါ်ပြ‌နေရာက‌နေ “‌စောဘိုမြ”လို့ ‌ဖေါ်ပြတယ်။
– “ဘိန်းဘုရင်ခွန်ဆာ”လို့ ‌ဖေါ်ပြရာ‌နေ ‌လေးစားရို‌သေသမှု ရှိလာလု့ိ့ ထင်ပါရဲ့“ဦးခွန်ဆာ”လို့ ‌ချေ‌ချေငံငံ ‌ခေါ်လာတယ်။
– “ဝိသမ ‌လောဘသား ‌မှောင်ခိုသမား”‌တွေကိုလည်း “စီးပွား‌ရေးလုပ်ငန်းရှင်”လို့ ‌ကျေ‌ကျေနပ်နပ် သူ‌ကောင်းပြုပြီး ‌ခေါ်တတ်တယ်။
– “အဆိုးမြင်ဝါဒီ NLD” ဆိုပြီး မြိန်မြိန်ယှက်ယှက် သုံးခဲ့တာလည်း အစိုးရပိုင်သတင်းစာ‌တွေထဲမှာ အများသား။
– ဘီဘီစီ၊ ဗွီအို‌အေ၊ အာရ်အက်ဖ်‌အေ၊ ဒီဗွီဘီတို့ကိုလည်း “မိုးလုံးပြည့်မုသာဝါဒ”၊ “‌လေလှိုင်းသံ လူသတ်သမား”လို့ ‌ရေးသားသုံးနှုန်းခဲ့တာပဲ မဟုတ်လား။

နိုင်ငံတကာကိုလည်း ဒီလိုပါပဲ။ ဟိုတုန်းကဆိုရင် အ‌မေရိကန်နိုင်ငံ၊ ဗြိတိန် စတဲ့ အ‌နောက်နိုင်ငံများကို “ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု”၊ “နယ်ချဲ့လက်သစ်”၊ “အ‌နောက်နိုင်ငံကြီးတချို့” စသဖြင့် စကားနာထိုး‌ရေးတတ်တယ်။ ထိုင်းနိုင်ငံကို မ‌ကျေနပ်တဲ့အခါ “ယိုးဒယား” ‌ရေးပါ တယ်။ တခါတရံ “တစ်ဖက်နိုင်ငံ”လို့လည်း သုံးတတ်ပါတယ်။ ‌လော‌လောဆယ်ကာလမှာ‌တော့ အဲဒီအသုံးအနှုန်း‌တွေ ‌ခေတ္တ နားထားပုံရ တယ်။

ဒါ‌တွေဟာ လုပ်ကြံ‌ရေးသားချက်‌တွေ မဟုတ်ပါဘူး။ (နဝတ-နအဖ) စစ်အစိုးရလက်ထက် မြန်မာ့အလင်း၊ ‌ကြေးမုံနဲ့ New Light of Myanmar – (NLM) သတင်းစာ‌ဟောင်း‌တွေကို ပြန်ရှာဖတ်ကြည့်ရင် အထက်ကအတိုင်း အကွင်းသား အထင်းသား ‌တွေ့မြင်ရပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ သူ့တို့အစိုးရက အ‌မွေဆက်ခံထားတဲ့ မြန်မာ့အလင်း၊ ‌ကြေးမုံနဲ့ NLM သတင်းတို့မှာ‌ရော အထက်ကလို အ‌ရေးအသား အသုံးအနှုန်းမျိုး‌တွေ မရှိ‌တော့ဘူးလား။ သိပ်ရှိတာ‌ပေါ့။

KIO/KIA လို့ သုံး‌နေရာက‌နေ တိုက်ပွဲ‌တွေဖြစ်လာပြီး မီးရထားလမ်း/လျှပ်စစ်ဓါတ်အားလိုင်း‌တွေ ‌ဖောက်ခွဲတာ‌တွေ ဖြစ်လာတဲ့အခါ “KIO/KIA အကြမ်းဖက်အဖွဲ့အစည်း”လို့ ဝိ‌သေသပြုတတ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း အစိုးရသတင်းစာ‌တွေမှာ “ခွဲခြားနှိမ့်ချတဲ့ အသုံးအနှုန်းနဲ့ ‌ရေးသား‌ဖေါ်ပြမှု‌ကြောင့်” မီး‌လောင်ရာ ‌လေပင့် ဆိုသလို ရခိုင် ပြည်နယ် ပဋိပက္ခ‌တွေ ပိုပြီး ပြင်းထန်သည်းသန်လာခဲ့ရတာ ထင်ရှားတဲ့သာဓက‌တွေပဲ မဟုတ်ပါလား။ ‌ပြောမယ် ပြမယ်ဆိုရင် သာဓက‌တွေ များလှပါတယ်။

ယခုလည်း ‌မေလ ၂၇ရက်‌နေ့ ‌ကြေးမုံသတင်းစာ၊ စာမျက်နှာ ၁၆မှာ ‌ရေးသား‌ဖေါ်ပြထားတဲ့ “KNLA အဖွဲ့သို့ ကျွန်းပျိုးပင်နှင့် အလှူ‌ငွေ‌ပေးအပ်” လို့ သတင်း‌ခေါင်းစဉ် တပ်ထားတဲ့ကိစ္စ ဖြစ်ပါတယ်။ KNU အဖွဲ့အစည်းနဲ့ KNLA ကို ပြက်ရယ်ပြုတဲ့သ‌ဘော ဖြစ်‌နေပါတယ်။

အခုလို တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ် ရပ်စဲထားတဲ့ကာလမျိုးမှာ “အမှိုက်ကစ ပြဿဒ် မီးမ‌လောင်‌စေချင်တဲ့ သ‌ဘောထား”နဲ့ ‌ပြောရတာပါ။ ‌သေးတဲ့အမှုငယ်‌စေ၊ ပ‌ပျောက်‌စေချင်တာပါ။ ဒါ‌ပေမယ့်လည်း “မ‌ပြေး‌သော်ကန်ရာရှိ” ဆိုတာလို‌ပေါ့။ အစိုးရပိုင် သတင်းစာထဲက အ‌ရေးအ သားဆို‌တော့ အစိုးရမှာလည်း တာဝန်ရှိတယ် မဟုတ်လား။

KNLA ဆိုတာ “ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်” မှန်းသိလျက်နဲ့ “KNLA အဖွဲ့”လို့ ‌ခေါင်းစီး မတတ်သင့်ပါဘူး။ မသိလို့ မှားပြီးသုံး တာ မဟုတ်ဘူးဆိုတာ အဲဒီသတင်းရဲ့ စာကိုယ်ထဲမှာပဲ “ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)” လို့ ‌ရေးထားတဲ့အချက်က သက်‌သေပါပဲ။ ဆိုလိုချင်တာက အစိုးရပိုင်သတင်းစာ‌တွေအ‌နေ ပြဿနာကို ကြီးထွားပွားများလာ‌အောင် ‌မြှောက်ပင့်၊ ထိုးဆွ၊ မီး‌မွှေး၊ ဓါတ်ဆီ ‌လောင်း‌ပေးတဲ့၊ တစ်ဖက်အဖွဲ့အစည်း‌တွေ၊ လူပုဂ္ဂိုလ်‌တွေကို နှိမ့်ချ‌စော်ကားတဲ့၊ ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ ခွဲခြား‌စော်ကားရာ ‌ရောက်တဲ့ အသုံးအနှုန်း အ‌ရေးအသားမျိုး‌တွေကို အထူးသတိပြု ‌ရှောင်ကြဉ်သင့်ပါတယ်။ ဆိုလိုချင်တာက အစိုးရပိုင်သတင်းစာ‌တွေအ‌နေနဲ့ ပဋိပက္ခကို ‌ရှောင်ရှားတဲ့ အ‌ရေးအသားမျိုး‌တွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ‌ရေးသားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် အဲဒီလို အ‌ရေးအသား၊ အသုံးအနှုန်း‌တွေ မ‌တော်တဆ ပါရှိသွားခဲ့တယ်ဆိုရင်လည်း အချိန်မီ ဝန်ချ‌တောင်းပန် /အမှားပြင်ဆင်ချက်ကို ထင်ထင်ရှားရှား ထည့်သွင်း‌ဖေါ်ပြ‌တောင်းပန်‌စေရပါမယ်။ “ဘုန်းကြီး‌ခေါင်း‌ခေါက်ပြီးကာမှ ကန်‌တော့ — ကန်‌တော့”ဆိုတဲ့ ဝတ်‌ကျေတန်း‌ကျေ ‌တောင်းပန်မှုမျိုး မဖြစ်သင့်ပါဘူး။ မိမိအမှားကို မှား‌ကြောင်း‌ဖေါ်ပြပြီး တာဝန်ရှိရှိ၊ တာဝန်သိသိ၊ တာဝန်ယူစိတ်အပြည့်ဖြင့် တာဝန်ခံရပါမယ်။

ဒီလိုတာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို ပြန်ကြား‌ရေးဝန်ကြီးဌာနအ‌နေဖြင့် အဆင်ဆင့်‌သော သက်ဆိုင်ရာဝန်ထမ်းများကို ပညာ‌ပေး ‌လေ့ကျင့်ထား သင့်ပါ‌ကြောင်း ‌ရေးသားတိုက်တွန်းပါတယ်။