ဖေဖော်ဝါရီလလယ်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် “မီဒီယာနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး” ဆွေးနွေးပွဲ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲကို Center for Media Freedom of Responsibility – CMFR နှင့် South East Asia Press Alliance – SEAPA တို့ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာ စသည့် တိုင်းပြည်များမှ မီဒီယာသမားအချို့ တက်ရောက်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲ၏ အကျိုးဆက်မှာ လက်ရှိ မြန်မာပြည်ကို ပါလီမန်ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲအကောင်အထည်ဖော်ရာတွင် လူထုလူတန်းစား အလွှာအသီးသီးမှ အသေအချာ နားလည်ကာ ပါဝင် လုပ် ဆောင်သွားရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီစနစ်တစ်ရပ်ဖြစ်စေရန် မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးကာလတွင် နိုင်ငံတွင်း နေထိုင်ကြသူများ၏ ပူးပေါင်းပါဝင်မှု အပြင် ပြောင်းလဲမှုရလဒ်ကောင်းကို မြင်တွေ့လိုသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးလှသည်။ မြန်မာပြည်သည် ပြည်တွင်းစစ်ကာလမှ ရုန်းထွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ ပစ္စက္ခတ်ကာလတွင် ရေပန်းစားနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆောင်ရွက်နေစဉ် ကာလတစ်လျှောက် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုဘဝကို ပျက်စီးစေနိုင်သည့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အခြေခံလူထုအခွင့်အရေးကို ကာကွယ်သော တရားစီရင်မှု မရှိခြင်း၊ လူမျိုး၊ ဘာသာအရ ခွဲခြားသည့် ပဋိပက္ခများ ဖြစ်ပွားနေခြင်းများမှာလည်း နိုင်ငံပြုပြင်ပြောင်းလဲရေးကို အဟန့်အတား ဖြစ်စေသည်။
၎င်းအပြင် လူမျိုးစုလက်နက်ကိုင်အဖွဲ့ အတော်များများ အစိုးရနှင့် အပစ်အခတ် ရပ်စဲနေသည့်ကြားမှ တစ်ဖက်နှင့်တစ်ဖက် နား လည်မှု အားနည်းနေသေးသည့်အပေါ် မတော်တဆ တိုက်ခိုက်မှုအချို့လည်း ရှိနေသေးသည်။ ရေရှည် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ကို မျက်စိတမှိတ် လျှပ်တပြက် ဖြေရှင်း၍မရနိုင်သလို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း လွဲချော်မှုမရှိစေရန်လည်း လုပ်ဆောင်သွားရ မည် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများစွာ စုပေါင်းနေထိုင်ကြသည့် မြန်မာပြည်တွင် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းခဲ့ သဖြင့် တမြေတည်းနေ၊ တရေတည်းသောက် ပြည်သူများ အချင်းချင်း စစ်မက်ဖြစ်ပွားခဲ့ရသည်။ ထိုသမိုင်းကြောင်းကို ဖြေရှင်း ရန်မှာလည်း နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်သွားခြင်းပင်ဖြစ်သည်။
သို့သော် လက်ရှိ အပစ်အခတ် ရပ်စဲရေးကာလတွင် ကောင်းမွန်သော အနာဂတ်တစ်ခုကို မမျှော်မှန်းနိုင်သေးခင် အစိုးရအဖွဲ့အ စည်းတွင်း၌ဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၌ဖြစ်စေ အုပ်ချုပ်ရေးနှင့် စစ်ဖက်ရေးရာအောက်မှ ဌာနအသီးသီး၏ အဆင့် ဆင့်သော ဖွဲ့စည်းမှုအလိုက် အရိုးစွဲ၊ ခေါက်ရိုးကျိုးနေသည့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲသွားရမည် ဖြစ်သည်။ ၎င်း တို့၏ စီမံခန့်ခွဲမှုများသည်လည်းကောင်း၊ စိတ်ဓာတ်ရေးရာသည်လည်းကောင်း ကမ္ဘာ့ရေစီးကြောင်း ခေတ်စနစ်နှင့် လျော်ညီစွာ ပြန်လည်သုံးသပ်ပြီး အားကောင်းချက်၊ အားနည်းချက်များကို ပဲ့ထိန်း၍ မဟာဗျူဟာ ချမှတ်ရေးဆွဲ ဆောင်ရွက်သွားမှသာ စနစ် ကျသော ပြုပြင်ပြောင်းလဲမှု ဖြစ်လာနိုင်ပေမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကနဦးခြေလှမ်း အပစ်အခတ်ရပ်စဲရေးမှာ တနှစ်သာသာ ရှိလာခဲ့ပြီဖြစ်သော်လည်း ခရီးလမ်းတွင် ခလုတ်ကန်သင်း ဖြစ်နိုင်သည့်အရာများ ရှင်းလင်းပြတ်သားစွာ ရှုမြင်သင့်သည်။ ထိုသို့မဟုတ်ပါက တိုင်းရင်းသားပြည်သူတရပ် လုံး လိုလားတောင့်တလျှက်ရှိသည့် မြန်မာပြည်၏ ခိုင်မြဲတည်တံ့သော ငြိမ်းချမ်းရေးပန်းတိုင်ကို ဧကန် ရောက်ရှိလိမ့်မည် မဟုတ် ပေ။ သို့ဖြစ်ရာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၆၀ကျော်ကြာ ကင်းဝေးနေခဲ့ရသည့် ငြိမ်းချမ်းမှုကို တန်းတူမျှဝေခံစားနိုင် စေရန် မျက်တောင်တဆုံးမဟုတ်ဘဲ မျက်စိတဆုံးအထိ အမျှော်အမြင်ကြီးစွာ တွေးဆ လုပ်ဆောင်သွားကြစေချင်ပါသည်။