ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိဝါးကျေးရွာမှ ရွာသားတစ်ဦးသည် ယခုလဆန်းပိုင်းက ထင်း ရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ဖြတ်သွားသည်ဟု ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁ရက်နေ့က အသက် ၃၂နှစ်အရွယ် စောဖါးဒါးသော့ဆိုသူသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော်-DKBA (၉၀၇)တပ်ရင်းမှ မသွားရန် ကန့်သတ်ထားသည့် နယ်မြေတွင် သွားရောက်ထင်းရှာထွက်ခဲ့သော ကြောင့် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“သူ(စောဖါးဒါးသော့)က ထင်းရှာဖို့ သွားရင်း မိုင်းနင်းမိတာပေါ့နော်။ သူ့ကို ရွာသားတွေက သွားပြန်ထမ်းလာ တာ။ အဲဒီနေ့ တရက်တည်းပဲ ကော့ကရိတ်ဆေးရုံကို ပို့တယ်။ မိုးချုပ်မှ ရောက်တယ်။ နောက်ပြီး အခုလို ရွာသားတစ်ဦး မိုင်းထိတာဖြစ်ပွားတော့ ကျန်ရွာသားတွေ တော်တော်ထိတ်လန့်နေကြတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ သိဝါးရွာသားတစ်ဦး မိုင်းနင်းမိမှု ဖြစ်ပွားခဲ့ပြီးနောက် ကျန်ရွာသားများမှာ ထိုတောထဲသို့ မသွား လာရဲဘဲဖြစ်ကာ လုပ်ငန်းကိုင်ငန်းများ ထိခိုက်လျှက်ရှိသည်ဟု သူက ထပ်မံပြောဆိုသည်။
သိဝါးရွာရှိ ရွာသူရွာသားများသည် အဆောက်အဦးအတွက် သိဝါးတောမှ ထွက်ရှိသော သစ်၊ ဝါး၊ အင်ဖက် စသည်တို့ကို အမှီပြုကြရသလို အသက်မွေးဝမ်းကျောင်းအတွက် ထိုတောထဲတွင် တောင်ယာ၊ ဥယျာဉ်ခြံနှင့် ရော်ဘာ(ကော်)ခြံလုပ်ငန်းများ လုပ်ကိုင်လုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မိုင်းနင်းမိသည့် စောဖါးဒါးသော့သည် ဇနီးနှင့် သမီး ၃ဦးရှိသည့် အိမ်ထောင်သည်အမျိုးသားတစ်ဦးဖြစ်ပြီး လက် ရှိ ကော့ကရိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိဝါးကျေးရွာတဝိုက်တွင် DKBA အပါအဝင် မြန်မာအစိုးရစစ် တပ်၊ နယ်ခြားစောင့်တပ်နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ သွားလာလှုပ်ရှားလျှက်ရှိသည်။