Home ကဗျာ ကျီး‌ယောင်‌ဆောင်တဲ့ ‌ဒေါင်း

ကျီး‌ယောင်‌ဆောင်တဲ့ ‌ဒေါင်း

1705

‌လေနီကြမ်းသင့် နှစ်‌ဟောင်းနှင်းတစ်စက်
နှစ်သစ်‌လေ‌ပြေအ‌ဝှေ့မှာ လွန့်လူးကာ‌ကြွေပျက်
‌တော်လှန်သူတို့ရဲ့ နှစ်‌ဟောင်းပြက္ခဒိန်တစ်ချပ်
စုတ်ပြတ်ကာ ‌ထောင့်နံရံမှာကပ်
နှစ်‌တွေလည်း တနှစ်ပြီးတနှစ်ဆန်းလို့
‌ငွေလမင်းကြီးလည်း အလီလီလန်းခဲ့ပြီး
ဆန်ဖွတ်သည့်အဖိုးအိုနဲ့ ဝပ်‌နေတဲ့ ယုန်က‌လေးကို ငါ‌လေ ရှာ‌ဖွေ‌နေမိ။

‌မျှော်လင့်ခြင်း ‌ရောင်ခြည်ရဲ့ အရုဏ်ဦး
နိုးတဝက် အိပ်မက်သန်း‌ခေါင်ယံမှာပင် အဖျားရှူးခဲ့
ပြက္ခဒိန်‌ဟောင်းထဲက သင်တို့ ‌ရွေးချယ်ခဲ့တဲ့
ပြုပြင်သင့်တဲ့ ပြဿဒါး‌နေ့ရက်‌တွေအတွက်
မှတ်တမ်းများနဲ့ ငါတို့ရင်မှာ ကျန်ရစ်ရှင်သန်‌နေဆဲ
ရိုးသား‌ဖြောင့်မတ်မှုကို အ‌ခြေမတည်တဲ့ ဒီမိုက‌ရေစီ
အရည်အချင်းထက် အ‌ရေအတွက်‌တွေက မင်းမူပြီ
ဂရိတို့ရဲ့ ဒီမိုကရတ်တိုး ပုလင်းတူဘူးဆို့ ဗျူရိုက‌ရေစီဖြစ်ခဲ့ရ။

စစ်မီးဝိုင်းမှုတ်သတ်မဲ့ နှုတ်ခမ်းပဲ့ချင်း တူသူတစ်စု
မသာတစ်ခုကို အရင်းပြုပြီး ဗူးသီးနုနုခူးချင်သူ‌တွေလည်းပါ ပါရဲ့
ထာဝရငြိမ်းချမ်း‌ရေးအတွက် ပုတီးတစ်ဖက် ဓါးတစ်ဖက်နဲ့
လူ‌တော့အ‌သေမခံ သမိုင်းပဲ အ‌သေခံတဲ့လူတစ်ခု
အမျိုးသားပြက္ခဒိန်ထဲက ရက်ရာဇာ‌တွေကို ဖြိုဖျက်
‌ဒေါင်းကိုယ် ကျီး‌တောင် ဆင်မြန်းလျှက်
အ, အ, အိုး‌ဝေနဲ့ ဒို့တိုင်းပြည်တခွင် မြည်တွန်‌နေကြသကွဲ့။

‌ဒေါင်းဖြစ်လျှက် ကျီး‌ယောင်‌ဆောင်တဲ့ ‌ဒေါင်း
ကျီး‌တောင်ကိုကျွတ် ‌ဒေါင်း‌တောင်ကိုလည်း ချွတ်
အမျိုးသား‌အောင်ပွဲဆီသို့ အ‌ရောက်လှမ်းဆွတ်ဘို့
ခြ” စားသွားတဲ့ ‌တော်လှန်‌ရေးသက္ကရာဇ် နှစ်ဆန်းရက်‌တွေအတွက်
ဒို့တ‌တွေ ဘယ်လိုသမိုင်း‌ရေးကြမလဲ ……?

စအိုင်ခန့် (နှင်းခဲ‌မြေ)
ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ်‌မြောက်၊ ကရင်နှစ်သစ်ကူး‌နေ့ အမှတ်တရ