Home သတင်း ကားအက်စီးဒင့်ဖြစ်၍ ‌တောင်က‌လေး ဆရာ‌တော် မျက်လုံးထိခိုက်

ကားအက်စီးဒင့်ဖြစ်၍ ‌တောင်က‌လေး ဆရာ‌တော် မျက်လုံးထိခိုက်

3217
ဇန်နဝါရီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့မှ ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိသည် ဘားအံမှ ရန်ကုန်သို့အသွား ယ‌နေ့မနက် ၈နာရီ ၄၅မိနစ်ခန့်တွင် ဘီးလင်းမြို့အ‌ရောက်၌ ကားအက်စီးဒင့် ဖြစ်ပွားကာ မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ဆရာ‌တော်ဦးပညာသာမိ စီးနင်းလာ‌သော ကားသည် ဘီးလင်းတံတားမ‌ရောက်ခင် ရဲစခန်းအနီး သီဟိုဠ်ကုန်း‌နေရာ ကုန်းမြင့် အတက်တွင် ဘိလပ်‌မြေတင်‌ဆောင်လာသည့်ကားဖြင့် ‌ခေါင်းချင်းဆိုင် တိုက်မိသွားခြင်းဖြစ်သည်ဟု ဆရာ‌တော်နှင့် နီးစပ်သူ တစ်ဦးက ‌ပြောသည်။

“မုဒုံဘက်က ‌မောင်းလာတဲ့ ဘိလပ်‌မြေတင်ကားက ‌ထော်လာဂျီကားကို ‌ကျော်တက်ရင်း ဆရာ‌တော်စီးတဲ့ ကားသွားတဲ့လမ်းကို ‌ရောက်သွားတယ်။ အဲဒီမှာ တိုက်မိကြတာ။ ဆရာ‌တော်က ဘယ်ဖက်မျက်လုံး ထိသွားတယ်။ အခုသိပ်မမြင်ရဘူး။ ‌ရောင်‌နေ တယ်”ဟု ‌ပြောသည်။

ထို့အပြင် ကား‌ပေါ်အတူပါလာသည့် ဆရာ‌တော်၏ ရန်ကုန်မှ ဒကာနှစ်ဦးဖြစ်သူ ဦးတင့်လွင်၊ ကိုလှိုင်ဝင်းနှင့် ယာဉ်‌မောင်း‌စော ‌အေးမြိုင်တို့လည်း ဒဏ်ရာရရှိသွားကြပြီး ယာဉ်‌မောင်းမှာ ‌ခေါင်းကွဲကာ နံရိုးတစ်‌ချောင်းအက်သွားသဖြင့် ဒဏ်ရာပြင်းထန်သည့် အတွက် ယခုအချိန်တွင် ဘားအံမြို့၊ ‌တောင်က‌လေးစစ်‌ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသထားရသည်ဟု သိရသည်။

“ကားအက်စီးဒင့် ဖြစ်တာကို ခရီးသွားသူ‌တွေကလည်း လူနာ‌တွေကို ‌ဆေးရုံပို့‌ပေးဖို့‌တောင် မကူညီဘူး။ ဒီထက်ဆိုးတာက ရဲ‌တွေ။ ဘယ်မှာ‌နေလဲ။ အမည်၊ ဘွဲ့နာမည် ဘယ်လို‌ခေါ်လဲ‌မေးမြန်းပြီး ကား‌သော့ယူ၊ ကားလိုင်စင်ခွာယူပြီး ဘာမှလည်း မလုပ်‌ပေးဘူးလို့‌တော့ ကားသမားက ပြန်‌ပြောပြတယ်‌လေ”ဟု အဆိုပါနီးစပ်သူက ‌ပြောသည်။

အတိုက်ခံရပြီး‌နောက် ‌ကြေမွသွားသည့် ‌တောင်က‌လေးဆရာ‌တော်၏ ကားအင်ဂျင်

ဒဏ်ရာရသူများအား အ‌ရေး‌ပေါ် ‌ဆေးကုသရန် ဘီးလင်း‌ဆေးရုံသွားခဲ့‌သော်လည်း တာဝန်ကျ သူနာပြုဆရာမများက ‌ငွေ‌ပေးမှ သာ ‌ဆေးထိုး‌ပေးနိုင်မည်ဟု ‌ပြောဆို‌ကြောင်း ထို‌ဆေးရုံတွင် တက်‌ရောက်‌နေသူ လူနာများက ‌ပြောသည်။

နိုင်ငံ‌တော်၏ အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဘွဲ့ရ ‌တောင်က‌လေးဆရာ‌တော်သည် ကရင်ပြည်နယ်ရှိ ကရင်ငြိမ်းချမ်း‌ရေး‌ကော်မတီ-KPC ၏ နာယကဆရာ‌တော်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကမ္ဘာ‌အေးဘုရားလမ်းရှိ နိုင်ငံ‌တော် သာသနာ‌ရေးရုံးတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းကစ၍ ‌လေးလကြာ သာသနာ့တာဝန်ယူထားသူ ဆရာ‌တော်တစ်ပါးဖြစ်ပြီး လက်ရှိအချိန်တွင် ‌တောင်က‌လေး ပရိယတ္တိစာသင်တိုက်တွင် ပြန်လည် ကြွ‌ရောက်လာကာ ‌ဆေးကုသမှု ခံယူလျှက်ရှိသည်။