နော်ဆဲကလယ်(ဆောင်းပါး)
အသက် ၅၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ နန့်အေးကြည်ဟာ သူမ ၁၄နှစ်အရွယ်ကတည်းက အိမ်တွင်းလုပ်သားအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ် ပါတယ်။ သူမဟာ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်နေခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက လခ ၃ဝကျပ်ပဲ ရခဲ့ပါတယ်။
“အိမ်အကူဆိုတော့ သူများမျက်နှာကြည့်ပြီး နေခဲ့ရတယ်။ အိမ်ရှင်အမျိုးမျိုးနဲ့ တွေ့ခဲ့ရတယ်။ အင်းစိန်၊ တောင်သူကုန်းမှာ စလုပ် ခဲ့တုန်းက ကျောင်းထားပေးမယ်ပြောပြီး ရွာကနေခေါ်လာတာ။ ကျောင်းထားပေးပေမယ့် မိုးလင်းကနေ မိုးချုပ် အိမ်အလုပ်မပြတ် လုပ်ရတော့ ကျောင်းခန်းထဲမှာ အိပ်ငိုက်တယ်။ ကျောင်းကပြန်ရင် ဈေးမှာ ဘာဝယ်ရမလဲ၊ ဘာလဲ ဒီလိုပဲ တွေးနေမိတာ။ ဒါနဲ့ ဆရာမ ခနခန ဆူတော့ အလုပ်ရှင်ကိုပြောပြီး ကျောင်းထွက်လိုက်တယ်”လို့ နန့်အေးကြည်က ပြောပါတယ်။
နန့်အေးကြည်ဟာ ၁၉၉ဝခုနှစ်လောက်က အိမ်နီးချင်းနိုင်ငံကို အိမ်တွင်းလုပ်သား သွားလုပ်ဖို့ ပွဲစားတွေလာခေါ်ပေမဲ့ မသွားရဲခဲ့ပါ ဘူး။ သူမဟာ အိမ်တွင်းအလုပ်လုပ်ရင်း အိမ်ရှင်အမျိုးသားရဲ့ စော်ကားမှုကို ခံခဲ့ရပေမဲ့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ရ သလို တချို့အိမ်တွေမှာဆို နားချိန်မရှိလို့ အိမ်သာခန်းထဲမှာ နောက်ဖေးသွားဟန်ဆောင်ပြီး အိပ်ခဲ့ရတာလည်း ရှိခဲ့ပါတယ်။
အခုဆိုရင် သူမဟာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်က ခေါက်ဆွဲစက်ရုံထောင်ထားတဲ့ နေအိမ်မှာ တစ်လ ၆၀,၀၀ဝကျပ်နဲ့ အိမ်အ လုပ်ကိုလုပ်နေတာ ၁ဝနှစ်ရှိပြီမို့ အိမ်ရှင်တွေနဲ့ မိသားစုဝင်လိုဖြစ်နေပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင် သူမ ဘဝတစ်လျှောက် လုံး အိမ်အလုပ်လုပ်သာ လုပ်ခဲ့ရတဲ့အတွက် အခြားအလုပ်တွေကို မလုပ်တတ်တော့ဘူးလို့လည်း ပြောပါတယ်။
တကယ်တော့ အိမ်အလုပ်လုပ်သူတွေကို “အိမ်စေ”လို့ လူမှုအသိုင်းအဝိုင်းက ခေါ်ဝေါ်ကြပေမဲ့ အိမ်ရှင်တွေ ခိုင်းစေသမျှ လုပ်ရ တဲ့သူလို့ သတ်မှတ်ထားတဲ့သဘောနဲ့ နောက်ပိုင်းမှာ “အိမ်ဖော်”လို့ ခေါ်လာကြတာက နည်းနည်းယဉ်ကျေးလာတဲ့သဘောလို့ လူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာ ဆရာအောင်မျိုးမင်းက ပြောပါတယ်။
သူက “အဂင်္လိပ်လိုတော့ Domestic worker (အိမ်တွင်းလုပ်သား)လို့ သုံးကြတယ်။ တန်ရာတန်ကြေး အခကြေးငွေယူပြီး အိမ် တွင်းလုပ်ငန်းတွေ လုပ်ကိုင်ပေးတဲ့လုပ်သားလို့ အသိအမှတ်ပြုတာပါ။ သူ့ကို အလုပ်သမားတစ်ယောက်အနေနဲ့ အသိအမှတ်ပြု ပြီး သူ့ဖက်ကလည်း ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေ ပေးရမယ်ဆိုတဲ့သဘော ဖြစ်လာပါပြီ”လို့ ဆိုပါတယ်။
အိမ်တွင်းလုပ်သားတွေဟာ အများအားဖြင့် အမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေသာ ဖြစ်ကြပြီး စက်ရုံ၊ အလုပ် ရုံ အလုပ်သမတွေလို မဟုတ်ဘဲ လုပ်အားခကို အသားတင်ရရှိတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ သူတို့တွေဟာ စက်ရုံအလုပ်သမတွေ လိုပဲ လုပ်အားကို လစာနဲ့ ယူကြတဲ့ အလုပ်သမားမျိုးပါ။ စက်ရုံမှာက ကုန်ထုတ်စွမ်းအားနဲ့ လုပ်အားတန်ဖိုးသတ်မှတ်သလို အိမ် အလုပ်လုပ်သူတွေကိုလည်း လုပ်အားတန်ဖိုးနဲ့ပဲ သတ်မှတ်ပါတယ်။
“ကွဲပြားတာက စက်ရုံအလုပ်သမားတွေကျတော့ အလုပ်ချိန် သတ်မှတ်မှုရှိတယ်။ အိမ်တွင်းအလုပ်သမားကတော့ အလုပ်နဲ့ နေ ထိုင်တာက နေရာတခုတည်းမို့ အလုပ်ချိန် သတ်မှတ်မှုမရှိတာအပြင်၊ အပြင်ထွက်ခွင့် နည်းပါးတဲ့အတွက် အိမ်ထဲမှာ ကြုံရတဲ့ လိင်စော်ကားမှုတွေ၊ နှိပ်စက်တာတွေ၊ အလုပ်ချိန်များတာတွေကို ပိုကြုံရတတ်တယ်။ အိမ်ရှင်တွေက အပြင်ထွက်ခွင့်မပေးဘဲ လောကကြီးနဲ့ အဆက်ဖြတ်တာတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် သူတို့ကို အသေအချာ ကာကွယ်ပေးတဲ့ အစီအစဉ်တွေ အများကြီးလိုအပ်တယ်။ သူတို့ကိုယ်တိုင်ကလည်း စော်ကားမှုတွေ မကြုံရအောင် အဖွဲ့အစည်းကွန်ယက်တွေ လုပ်သင့်ပါတယ်” လို့ ဆရာအောင်မျိုးမင်းက ရှင်းပြပါတယ်။
အဒေါ်တယောက်က ဆက်သွယ်ပေးလို့ ၁၆နှစ်သမီးအရွယ်မှာ အိမ်အလုပ်လုပ်ခဲ့တဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က နော်မို့မို့က အိမ်ရှင်သုံးဦးထဲမို့ အလုပ်သက်သာပြီး နေထိုင်စားသောက်မှုကအစ တန်းတူထားပေမဲ့ စိန်ဆွဲကြိုး ပျောက်သွားတဲ့အပေါ်မှာ အိမ် ရှင်တွေက သူမကို စွပ်စွဲပြီး ရေတိုင်ကီထဲ ခေါင်းနှစ်တာ၊ တံမြက်စည်းနဲ့ ရိုက်နှက်တာတွေကြောင့် မျက်နှာကို ချော်ထိမိပြီး နှာခေါင်းရိုး ကျိုးသွားခဲ့ရပါတယ်။
အလားတူ တောင်ဥက္ကလာပ ပါရမီရိပ်သာရှိ အိမ်တစ်လုံးမှာ အိမ်အလုပ်လာလုပ်ရတဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က အသက် ၃ဝအရွယ် နော်ဦးကလည်း “အဖေက လယ်လုပ်တာ စပါးမကောင်းဘဲ အကြွေးတင်လို့ ဒီအလုပ်လုပ်ရပေမဲ့ လမ်းစ ရိတ်၊ စားစရိတ်၊ နေစရိတ် မကုန်ဘူး။ ကျမလုပ်ခက အပါးတို့ တစ်လစာ ဆန်ဖိုးရတယ်လေ။ ငယ်ငယ်ကတည်းက လယ်ပဲလုပ် ခဲ့တော့ အဆင်ပြေရင် လယ်ပဲ ပြန်လုပ်ချင်တယ်”လို့ ပြောပါတယ်။
ဒါပေမဲ့ အချို့အိမ်အကူတွေဟာ အိမ်အလုပ် မနိုင်နင်းသလို ရံဖန်ရံခါ ငွေခိုးယူမှုများလည်းရှိကြောင်း ဒဂုံမြို့သစ် ၃၅ရပ်ကွက်က အိမ်ရှင်ကျောင်းဆရာမတစ်ဦးပြောတာက “ပွဲစားတွေက သိပ်ညွှန်းတာပဲ။ အခြားအိမ်က လက်မခံတဲ့လူကို ကျမဆီ လာထိုးပေး တာ ကြုံဖူးတယ်။ တခါတလေ အကူအညီမရတဲ့အပြင် အိမ်အကူလုပ်သမျှ လိုက်ရှင်းရသေးပြီး ငွေ ၃သိန်းနီးပါး ခိုးယူထွက်ပြေး သွားတာလည်း ကြုံရတယ်။ အဲလိုပြဿနာဖြစ်လာရင် ပွဲစားက ဘာမှတာဝန်မယူဘူး”လို့ ဆိုပါတယ်။
ဒါကြောင့် အိမ်တွင်းအလုပ်သမား ရှာဖွေပေးတဲ့ အေဂျင်စီလုပ်ငန်းတွေကို စည်းကမ်းတကျနဲ့ ဖွဲ့စည်းသင့်ပြီး အေဂျင်စီတွေက ကိုယ့်လုပ်သားတွေရဲ့ စွမ်းရည်တွေ တိုးတက်အောင် လေ့ကျင့်ပေးတာအပြင် တစုံတရာ အန္တရာယ်ကြုံလာရင် အကူအညီ တောင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ တယောက်ကိုတယောက် ဆက်သွယ်နိုင်မဲ့လမ်းကြောင်းတွေ လုပ်နိုင်တယ်လို့ ကိုအောင်မျိုးမင်း က အကြံပေးပါတယ်။
အေဂျင်စီတွေရှိတော့ အိမ်တွင်းလုပ်သားတွေအတွက် လုံခြုံမှု၊ အာမခံမှုများလည်း ရှိလာနိုင်ပေမဲ့ မိသားစု ဆင်းရဲမှုကြောင့် မိခင်ကိုယ်တိုင် ၁၁နှစ်၊ ၁၂နှစ်အရွယ် သမီးငယ်တွေကိုတောင် အိမ်အလုပ်လုပ်ခိုင်းတာတွေ တွေ့ရကြောင်း အလုပ်သ မားအရေး ဆောင်ရွက်ပေးနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် မမာမာဦးက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အရွယ်မရောက်သေးတဲ့ အိမ်အလုပ်သမလေးကို အိမ်ရှင်မက ပြင်းထန်စွာ နှိပ်စက်တာ၊ မော်ဒယ်အမျိုးသမီးက အကူမိန်းက လေးကို ဒဏ်ရာတွေနဲ့ အိမ်ထဲပိတ်ထားခဲ့တာ စတဲ့သတင်းတွေ ကြားလာရပါတယ်။
မြန်မာအမျိုးသမီးတွေဟာ အိမ်တွင်းလုပ်သားအလုပ်ကို မြန်မာပြည်မှာအပြင် အိမ်နီးချင်းနိုင်ငံတွေမှာပါ နှစ်ရှည်ကြာ လုပ်ကိုင်ကြ ပေမဲ့ သူတို့ရဲ့ အခက်အခဲ၊ ပြဿနာတွေကလည်း တူညီကြပါတယ်။ လက်ရှိ အုပ်ချုပ်ရေးနဲ့ လူနေမှုစနစ် မတိုးတက်သေးတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေမှာ ပညာရည်နိမ့်ပါးတဲ့ မြန်မာတိုင်းရင်းသူတွေဟာ သာမန်အားဖြင့် အိမ်ဖော်၊ အိမ်တွင်းလုပ် သားဘဝနဲ့ ထင်သာမြင်သာ မရှိဘဲ အနာဂတ်မဲ့ သံသရာလည်နေရပါတယ်။ ဒါကြောင့်လည်း သူတို့တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမဲ့ အသင်းအဖွဲ့များများ ပေါ်ပေါက်လာပြီး သူတို့ရဲ့ ဘဝလုံခြုံမှု အာမခံချက်တွေ ရရှိဖို့ကို မျှော်လင့်မိပါတော့တယ်။
(အိမ်တွင်းလုပ်သားများအား နာမည်အပြည့်အစုံ မသုံးထားပါ။)