Home သတင်း မိဘမဲ့ကလေးများအတွက် ရန်ပုံငွေ ရရန် မြန်မာနိုင်ငံ အနုပညာ ရှင်များ သြစတြေးလျနိုင်ငံတွင် ဖျော်ဖြေ

မိဘမဲ့ကလေးများအတွက် ရန်ပုံငွေ ရရန် မြန်မာနိုင်ငံ အနုပညာ ရှင်များ သြစတြေးလျနိုင်ငံတွင် ဖျော်ဖြေ

603
နိုဝင်ဘာ ၁၈၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)

မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ ဆစ်ဒနီ မြန်မာ့လူမှုအဖွဲ့အစည်းမှ ကြီးမှူး ကျင်းပပြီး မြန်မာနိုင်ငံ အနုပညာရှင်များ၏ အနုပ ညာဖျော်ဖြေ တင်ဆက်မှုတရပ်ကို သြစတြေးလျ နိုင်ငံ ဆစ်ဒနီ(Sydney)မြို့၊ Black Town ရပ်ကွက် Bowman Hall တွင် ယမန်နေ့ ညနေက ပြုလုပ်ကျင်းပခဲ့သည်။

၎င်းတင်ဆက်မှုတွင် ဆစ်ဒနီ မြန်မာ့လူမှုအဖွဲ့အစည်း၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ အနုပညာရှင် သရုပ် ဆောင်များဖြစ်သော တက္ကသိုလ် ကိုတေဇေ၊ ဖြိုးငွေစိုး၊ ကိုနေမင်း၊ လင်းဇာနည်ဇော်၊ အေးမြတ်သူ၊ ခင်လှိုင် နှင့် ဒိန်းဒေါင်တို့က အနုပညာကြေးမယူ ဘဲ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ် ကိုဇေက“ဂျပန်၊ ကိုးရီးယား၊ ဖိလစ်ပိုင်စတဲ့ အာရှနိုင်ငံများကို ရောက်ခဲ့ဖူးပေမယ့် သြစတြေးလျ ကိုတော့ ပထမဆုံးအကြိမ် လာဖျော်ဖြေခွင့်ရတာပါ။ ကိုယ့်လူမျိုးတွေ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးနေ တာ တွေ့ရတော့ ဝမ်းသာတယ်”ဟု ပြောသည်။

မြန်မာ့လူမှုအဖွဲ့အစည်းက မြန်မာပြည် မိဘမဲ့ကလေးများအတွက် ရံပုံငွေရှာအထောက်အပံ့ပြုရန် လည်း ကောင်း၊ ပြည်ပပရိဿတ်ကြီး ရင်းနှီးမှုရှိကြစေရန် လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို နောင် လာနောက်သားမျိုးဆက်များအား လက်ဆင့်ကမ်းပေးစေနိုင်ရန်လည်းကောင်း ရည်ရွယ်၍ ၎င်းတို့ကို ဖိတ်ကြားကာ ဖျော်ဖြေစေခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

ဆစ်ဒနီမြို့ Granville Town Hall တွင် ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် အနုပညာကို နှစ်သက်မြတ်နိုးသော သြစတြေးလျနိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပရိဿတ် စုစုပေါင်း ၁၀၀ ကျော် တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။
ဆစ်ဒနီမှ မြန်မာ့အနုပညာ ပရိဿတ်တဦးဖြစ်သော ဖိုးထောင်က “ကျနော်တို့ချစ်တဲ့ အနုပညာရှင်တွေကို အနီးကပ် ခင်မင်ရင်းနှီးခွင့်ရတာ အားရကျေနပ်မှုရှိတယ်။ မိဘမဲ့ကလေးများ အတွက်လည်း အလှူပြုနိုင်တဲ့ အတွက် အင်မတန်မွန်မြတ်တဲ့ ဒါနခရီးလည်း ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း “မလင်းက ပြည်ပကို အခု ပထမဆုံး လာရောက်ဖျော်ဖြေ ရတာ အင်မတန် ၀မ်းသာမိပါတယ်။ ဒါပေမယ့် ဖျော်ဖြေမှုတွေပြီးလို့ ခွဲခွာရတော့မှာမို့ လွမ်းဆွေးသလို ခံစား မိပါတယ်။ နောက်တခါ ဒီက ပရိဿတ်တွေနဲ့ ပြန်လည်တွေ့ဆုံချင်တဲ့ ဆန္ဒလည်း ရှိပါတယ်”ဟု ဆိုသည်။

ပွဲစီစဉ်ဆောက်ရွက်သူတဦးဖြစ်သူ မြန်မာ့လူမှုအသိုင်းဝိုင်းမှ ကော်မတီဝင် မသီတာနွယ်က ၂၀၀၉ခုနှစ်မှစ၍ သြစတြေးလျားနိုင်ငံသို့ အခမဲ့လာရောက်ဖျော်ဖြေပေးနိုင်မည့် အနုပညာရှင်များကို သွားလာစားရိတ် အကုန် အကျခံဖိတ်ကြားရန်ပုံငွေရှာခဲ့ပြီး ရလာသည့် ငွေများကို မြန်မာပြည်ရှိ မိဘမဲ့ကလေးများအတွက် ပို့ဆောင် ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့လူမှုအသိုင်းဝိုင်းက ယခုအနုပညာရှင်များ ဖျော်ဖြေတင်ဆက်မှုဖြင့် ရရှိသော ရန်ပုံငွေများ ကို မျှကာ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်သို့ လှူဒါန်းမည်ဟု ဆိုသည်။

သြစတြေးလျနိုင်ငံတွင် ယခု လိုက်လံဖျော်ဖြေမှု ပြုလုပ်နေသည့် အနုပညာရှင်အဖွဲ့သည် ယခင်လ အောက် တိုဘာ ၃၀ရက်နေ့မှစ၍ လက်ရှိချိန်အထိ သြစတြေးလျရှိ Perth, Melbourne နှင့် Sydney မြို့တို့ တွင် ဖျော်ဖြေခဲ့ပြီး နောက်ထပ် သြစတြေးနိုင်ငံ၏ မြို့တော် Canberra သို့ သွားရောက်ဖျော်ဖြေဦးမည်ဖြစ်သည်။

၂၀၀၉ခုနှစ်မှစ၍ သြစတြေးလျား မြန်မာလူမှုအသိုင်းအဝိုင်းမှ မသီတာ၊ ဝင်းဝင်း၊ မဝင်းမူ (၃)ဦးတို့က မြန်မာ့ အနုပညာရှင်များအား သွားလာစားရိတ် အကုန်အကျခံ၍ နှစ်စဉ်ဖိတ်ကြားကာ မိဘမဲ့ကလေးများအတွက် ရံပုံငွေရှာပွဲများကို ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်မြောက် ရှိပြီဖြစ်သည်။