စက်တင်ဘာ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အခြေစိုက် မြန်မာအစိုးရတပ်ရင်းတို့ သိမ်းဆည်းထားသည့် ၎င်းတို့၏ အိမ်ခြံ မြေနေရာတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပေးရန် ဒေသခံ ကရင်နီပြည်သူတို့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယနေ့ အသနားခံစာ ပေးပို့တောင်းဆိုလိုက်သည်။
ဒီမောဆိုအခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၁၀၂)က ငွေတောင်ရွာမှ အိမ်ခြံမြေ ဧက ၄၀ကျော်ကို အတင်းအဓမ သိမ်းဆည်းခဲ့ပြီး ဒေသခံများ ပြောင်းရွှေ့စေခဲ့သော်လည်း ယနေ့ချိန်ထိ မည်သို့မျှ ဆောင်ရွက်ခြင်းမရှိဘဲ ဖြစ်နေသည့် အတွက် ဒေသခံတို့က ထိုမြေကို ပြန်လည်ရရှိရန် တောင်းဆိုခြင်းဖြစ်သည်။
“ဝန်ကြီးချုပ်ဆီ တင်တဲ့စာကို ကျနော်တို့ကိုလည်း ပို့ထားပေးတယ်။ အဲဒီနေရာက ရွာပဲ ငွေတောင်ရွာလို့ခေါ်တယ်။ ရွာဟောင်းတရွာပဲ။ အဲဒါ စစ်တပ်က လာအခြေချတော့ ရွာက သူတို့တပ်ရဲ့ ရှေ့နားမှာဖြစ်နေတော့ သိမ်းလိုက်တယ်။ ဒီနေ့ထိ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားထားတော့ ဒေသခံတွေက သူတို့မြေတွေ ပြန်ရဖို့ တောင်းဆိုတာ”ဟု လွိုင်ကော် ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီယာက ပြောသည်။
စစ်တပ်သိမ်းဆည်းထားခဲ့သည့် ငွေတောင်ရွာတွင် အိမ်ခြေ ၃၈လုံးခန့်ရှိပြီး လူဦးရေး ၂,၀၀၀ကျော် နေထိုင်ခဲ့သည့် ရွာဟောင်းတစ်ရွာဖြစ်ကြောင်း ဒေသခံတို့၏ အသနားခံတွင် ပါရှိသည်ဟု ၎င်းက ပြောသည်။
ဒေသခံတဦးက “သိမ်းပြီးကတည်းက ခုထိ ဘာမှမလုပ်တော့ ကျနော်တို့ အဲဒီမြေတွေကို ပြန်လိုချင်တယ်။ ပြန်ပြီးတော့ အခြေချချင်တယ်။ ဒါကြောင့် ဝန်ကြီးချုပ်ထံ အဲဒီမြေပြန်ရဖို့ အသနားခံ တောင်းဆိုတာပါ”ဟု ပြောသည်။
ကရင်နီပြည်နယ်တွင် အခြေစိုက်ထားကြသည့် အစိုးရစစ်တပ်တို့က ဒေသခံပိုင် ခြံမြေများကို ၂၀၀၈-၂၀၀၉ခုနှစ်အ တွင်း ဘောလခဲ၌ ဧက ၆၀၊ ဖရူဆို၌ ဧက ၅၀၊ ဒီးမောဆိုနှင့် ငွေတောင်၌ ဧက ၈ဝခန့်ရှိကြောင်း သိရသည်။
၎င်းအပြင် လွိုင်ကော်မြို့တွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် မြေဧက ထောင်ချီနှင့် ဖရူဆိုမြို့ နယ်အတွင်း အစိုးရစစ်တပ် တန်းမြင့်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်အတွက် ဒေသခံတို့ လုပ်ကိုင်စားသောက် နေကြသည့် တောင်ယာမြေ ဧက ၂,၇၀ဝကိုလည်း သိမ်းဆည်းခဲ့သည်။
ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေသိမ်းခံရမှုနှင့် ပတ်သက်၍ KNPP နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံခဲ့စဉ်ကလည်း ဆွေးနွေးခဲ့သည်။
ကရင်နီပြည်သူများသည် အဓိကအားဖြင့် တောင်ယာစိုက်ပျိုးခြင်း၊ ပြောင်းဖူး၊ နှမ်း၊ မြေပဲစိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြပြီး ဒေသအခြေစိုက် အစိုးရတပ်နှင့် ကုမ္ပဏီတို့ လယ်ယာမြေသိမ်းဆည်းခံရခြင်းကြောင့် လုပ်ကိုင်စား သောက်ရန် အခက်အခဲ ကြုံတွေ့နေရသည်။